ခွင့်မလွှတ်ထိုက်သူ



ဂစ်တာတစ်လက်၊ အရက်ကတစ်စည်၊ မိန်းမချောလေးကတစ်ယောက်လို့…
ကိုကိုမောင်တို့က နားနေချိန်မှာ တောင့်တတတ်ကြသလို… ကိုယ့်ရဲ့နားနေချိန်တွေဟာ
သိပ်ကြိုက်တဲ့ကော်ဖီတစ်ခွက်… ခုံမင်တဲ့ဝတ္ထုတိုရှည် တစ်ပုဒ်တစ်အုပ်နဲ့ မကျယ်ဝန်းလည်း အေးချမ်းသန့်ရှင်း စိတ်ငြိမ်တဲ့အခန်းငယ်လေးထဲ လဲလျောင်းရင်းတစ်ရက်တစ်မနက်လောက်
ဖြတ်သန်းအနားယူရပြီအားအင်တွေကိုပြည့်လို့… မအားတဲ့ကြားက အားရက်မှယူပြီဆိုရင် ရှော်လည်းမပင်… ဘယ်မှလည်း မားမကတ်၊ ဖတ်ပြီးပေမယ့် အခါတစ်ရာ ဖတ်လည်းမငြီးငွေ့ဘဲ ကိုယ်နှစ်သက်ရတဲ့ဝတ္ထုတွေနဲ့ ကိုယ့်လိုပျော်မွေ့ချင်တဲ့ Shape ပရိတ်သတ်ကြီးအတွက် S for Story ဏ္ဍကနေ  Editor Choice အနေနဲ့ “စာရေးဆရာမ စိန်စိန် ရဲ့ ခွင့်မလွှတ်ထိုက်သူ” ဝတ္ထုလေးကိုဒီတစ်ပတ်မှာ ဖော်ပြလိုက်ပါတယ်… အခါအခွင့်သင့်တိုင်းလည်း ဟာသ၊ သုတရသ စုံလင်အောင် အလောင်စုံပြန်လည်ခံစားတင်ဆက်ပေးဖို့လည်းကြိုးစားပါဦးမယ်ရှင့်…
“ကျွန်တော်တို့စာရေးဆရာတွေဟာ ဘဝမျိုးစုံကို ကျိုးကြောင်းဆက်စပ်ပြီး အတွင်းကျကျ မြင်တတ်ကြည့်တတ်လေ့ရှိတာမို့ လူတွေမှာရှိတတ်တဲ့ တော်ရုံတန်ရုံ အပြစ်အနာမျိုးကို ခွင့်လွှတ်နိုင်လောက်တဲ့စိတ်မျိုး ရှိကြတယ်ဆိုရင် မမလက်ခံနိုင်မလား”

ယခင်လမှအဆက်

“ကဲ ဆိုစမ်းပါဦး” ကျွန်မက စကားတောင်းလိုက်လျှင် ကိုသက်ဦးကပြုံး၍မေး၏။
“ကျွန်တော်တို့စာရေးဆရာတွေဟာ ဘဝမျိုးစုံကို ကျိုးကြောင်းဆက်စပ်ပြီး အတွင်းကျကျမြင်တတ် ကြည့်တတ်လေ့ရှိတာမို့ လူတွေမှာရှိတတ်တဲ့ တော်ရုံတန်ရုံအပြစ်အနာမျိုးကို ခွင့်လွှတ်နိုင်လောက်တဲ့စိတ်မျိုး ရှိကြတယ်ဆိုရင် မမလက်ခံနိုင်မလား”
“သဘောအားဖြင့်တော့ မမလက်ခံနိုင်ပါတယ်ကိုသက်ဦး၊ ဒါပေမယ့် အကြောင်းအရာဖြစ်စဉ်ဖြစ်ရပ်ကိုလည်း သိဖို့ လိုနေသေးတာပေါ့”
“ဟုတ်ကဲ့ ကိုသက်ဦးကလည်း ဒါကိုပဲပြောချင်နေတာပါမမရယ်”
ကိုသက်ဦးက ဤကဲ့သို့စကားပလ္လင်ခံလိုက်ပြီးမှ သူပြောချင်သောအကြောင်းအရာများကိုစီကာပက်ကုံးပြောပြလေသည်။
ကိုသက်ဦးတို့နေတဲ့ရက်ကွက်၏ အစွန်အဖျားတွင် အင်မတန်မှစိတ်ပျက်စဖွယ်ဖြစ်သော အိမ်ထောင်နှစ်စုံရှိသည်။ တစ်စုံသောအိမ်ထောင်ကိုနေ့မလင်း ညမလင်းသောက်တတ်လေ့ရှိသော အရက်သမားကြီးဦးတင်ဖေက ဦးစီးဦးဆောင်ပြု၏။ တစ်စုံသောအိမ်ထောင်ကိုဖဲရိုက်ရမယ်ဆိုလျှင် ထမင်းမေ့ဟင်းမေ့ မေ့နေတတ်လေ့ရှိသော မအေးရှင်ဆိုသည့်အမျိုးသမီးက ဦးဆောင်ရှေ့ရွက်ပြု၏။
ဦးဖေတင်မှာ အသက် ၅ဝ ကျော်ခန့် ထောင်ထောင်မောင်းမောင်း မည်းမည်းဝဝကြီးဖြစ်သည်။ အနီးကပ်ကြည့်လျှင်ကား ပေါ်လွင်သောမျက်နှာနှင့် ကိုယ်လုံးကိုပေါက်အချိုးအစားမှာ အရုပ်ဆိုးသည်ဟု မဆိုသာပေ။
သည်လူကြီးမှာ ရဲကြပ်လူထွက်တစ်ယောက်ဖြစ်၏။ သူ့တွင်ဇနီးဒေါ်ဖွားမေနှင့်သားသမီးရှစ်ယောက်မျှ သက်ရှိထင်ရှားရှိပေသည်။ သို့ရာတွင် သူ့အတွက် အိမ်ထောင်ရေးနှင့်ပက်သက်၍ အကျိုးပေးနုံချာလိုက်ပုံကား နှစ်ပေါင်း ၃ဝ ကျော်မျှသော အိမ်ထောင်သက်အတွင်းမှာ တစ်နေ့မျှ စိတ်ချမ်းသာမှုမရခဲ့ပါဟုသူကဆိုသည်။
သူ့ဇနီး ဒေါ်ဖွားမေမှာ အလွန်ချစ်သော မိန်းမတစ်ယောက်တော့မှန်ပါ၏။ အသက် ၂ဝ မပြည့်သေးသော ရဲသားပေါက်စကလေးတင်ဖေဘဝကပင် အရူးအမူးစွဲလမ်းခဲ့ရသော မဖွားမေတစ်ယောက်ဖြစ်ပါလေသည်။  သို့မို့ကြောင့်လည်း သည်မဖွားမေကိုမှ မရလျှင် သေရတော့မည့်နှယ် သူက စွန့်စားကြိုးပမ်းခဲ့ရ၏။ သူ့နောက်သို့မဖွားမေကလေးခိုးရာလိုက်ပြေးလာသည်တွင်ကားသူသည် မိုးမမြင် လေမမြင်ဆိုသလိုပင် ပျော်ရွှင်မိခဲ့ပါသေးသည်။ သို့သော် သူ၏ပျော်ရွှင်ခြင်းမှာ ၁၂ ရက်နှင့်တစ်မွန်းတည့်မျှ မကြာရှည်ခဲ့ပေ။ အကြောင်းသော်ကား မဖွားမေသည် ရသားတို့၏စံအိမ်ကလေးတွင် မောင်တင်ဖေနှင့် နေရ စားရဝတ်ရသမျှသော အရာအားလုံးတွင်သူ့မိဘအိမ်မှာနေစဉ်ကနှင့် နှိုင်းယှဉ်တွေးတောမိနေသလို မျက်ရည်တစ်စက်စက်ကျနေတတ်ခြင်းပင် ဖြစ်လေသည်။ သူက တတ်စွမ်းသမျှ ချော့မော့ဖြေသိမ့်ပေးသည့်တိုင်အောင်လည်း စိတ်ပြောင်းလဲလာပုံမရပေ။
မဖွားမေ၏ မိဘများမှာလည်းလူချမ်းသာကြီးများတော့မဟုတ်၊ နယ်စီးတောအုပ်ကြီးမျှသာဖြစ်သည်။ သို့ရာတွင် သူ၏မိဘများသည်သားသမီး ၃ ယောက်ကို နှိပ်နှိပ်ကွပ်ကွပ်ထားသလောက် သမီးထွေးမဖွားမေကို အစွမ်းကုန် စည်းလွတ်ကမ်းလွတ် အလိုလိုက်ထားခြင်းမျှ ဖြစ်ပေသည်။
သို့သော် ၁၇ နှစ်အရွယ်သမီးထွေတစ်ယောက် လင်နောက်လိုက်ပြေးပြီဆိုတော့လည်း သူ၏မိဘများသည် အစကတည်းကသမီးတစ်ယောက်ကို မမွေးမြူသည့်နှယ် သူတို့၏ချစ်ခြင်းမေတ္တာကို တိခနဲဖြတ်တောက်ပစ်လိုက်နိုင်ကြပြန်လေသည်။
ယင်းသို့ မိဘတို့၏ စိတ်ထားက မူမမှန်လှသည်နှင့်အမျှ မဖွားမေ၏စိတ်ဓာတ်ကလည်း တစ်ဘာသာပင်ထူး၏။ အသိခက်၏။
အဖွားမေသည် ရောက်စကလည်း မျက်ရည်တစ်စက်စက် ကျနေသည့်တိုင် မိဘအိမ်ကိုပြန်ချင်သည်ဟူ၍ကား မပြော။ နောင်တွင်လည်း မိဘများ၊ အစ်ကိုများ၏နာမည်နှင့်ဟိုတုန်းကအကြောင်းအရာများကို တစ်ခွန်းမျှမဟ၊ လုံးဝအစဖျောက်၍ ထားလိုက်သည်။
ခင်ပွန်းသည်ဖြစ်သူ၏အပေါ်မှာ ဆက်ဆံပုံကလည်းအေးစက်လှ၏။ စကားပျူငှာပြောဆိုခြင်းလည်းမရှိ၊ မေးတစ်ခွန်း၊ ပြောတစ်ခွန်းမျှအနိုင်နိုင်။ အိမ်မှုကိစ္စများကိုလည်း မနိုင်နင်း။ ထမင်းဟင်းကိုဖြစ်တတ်သလိုချက်သည့်အခါချက်၍ အကြော်စ၊ အသုပ်စကိုဝယ်သည့်အခါဝယ်စားရသည်။
အိမ်နှင့်သိပ်ကြီးအလှမ်းမဝေးလှသည့်ရုပ်ရှင်ရုံလည်းနေ့ပွဲဖြစ်စေ၊ ညပွဲဖြစ်စေသူကြည့်ချင်စိတ်ပေါက်လျှင် တစ်ယောက်တည်းစွတ်ခနဲထွက်သွားကြည့်ရှုတတ်သည်။ လင်ဖြစ်သူကိုလိုက်မလားမမေး၊ သွားကြည့်ဦးမယ် မပြော။
လင်ဖြစ်သူက အလုပ်တာဝန်မှ အားလပ်သည့်အခါ အလိုပ်သိစွာ ရုပ်ရှင်လိုက်ပြပေးမယ်ဆိုတော့လည်း သူလိုက်ခြင်မှလိုက်သည်။ မလိုက်ချင်လျှင် ဘာအကြောင်းမျှမပြဘဲ ဇွတ်ပေကပ်ပြီး နေရစ်တတ်သည်။
“သြော်…သူ့အိမ်မှာ စိတ်ထင်သလိုနေတတ်တဲ့အကျင့်က ကပ်ပါလာတာကိုး” ကိုတင်ဖြေသိမ့်ရသော်လည်း ရံခါတွင်တော့ တနို့နို့အနေခက်အခံခက်လာကာ “ဟေမဖွားမေရဲ့ မင်းကိုယ့်ကို မေတ္တာရှိလို့ ချစ်လို့ယူတာမှဟုတ်ရဲ့လား” ဟု အော်ကာငေါက်ကာမေးလိုက်မိတတ်သည်။ ဤတွင်လည်း မဖွားမေက “မေးစရာလိုသေးလို့လား” ဟုသာ ပြန်ပြောတတ်၏။ သည့်ထက် မပိုခဲ့ပေ။
သည်လိုနှင့်အိမ်ထောင်သက်တစ်နှစ်ခန့်ရှိလျှင် သားဦးယောက်ျားလေးတစ်ယောက်ကိုရ၏။ ကလေးရသော်လည်းမဖွားမေကတော့ ထူးခြားပြောင်လဲလာသည်ဟု မရှိလှပေ။ မလေးကိုလည်းဝမ်းသာလှိုက်လှဲ ချစ်ခင်ပုံမပြ။ မလေး၏ ဝေယျာဝစ္စများကိုလည်းနေ၍ဖြစ်နိုင်ရုံတော်စွာလျော်စွာထက်ပိုမလုပ်ပေ။
သို့ဖြင့် နောက်ထပ် ၂ နှစ်ခန့်ရှိလျှင် သမီးတစ်ယောက်ထပ်မွေးပြန်၏။ သည့်နောက်တွင်လည်း ၂ နှစ်ခြားစီမှန်မှန် သားတစ်လှည့်သမီးတစ်လှည့်မွေးနေသည်။
ဤ သား ဤသမီးတို့ ၃-၄ ယောက်ရှိလာချိန်တွင်ကား အဖွားမေသည် အားလုံးအတွက် တော်စွာလျော်စွာလောက် လုပ်သည်တိုင်အောင် သားသမီးများသဖြင့်တာဝန်များကာ အားလပ်ချိန်ကနည်းလာသည်။ သည်တော့ ပိုကာပင် နှုတ်ဆိတ်စကားနည်းဖြစ်လာသည် သားတို့သမီးတို့အား အချိန်အရွယ်နှင့်တန်အောင် အထိုက်အလျောက်ဆုံးမခြင်း၊ သွန်သင်ခြင်မျိုးလည်းမရှိဘဲ ဆူဆူဆဲဆဲဆော့ဆော့လှောင်လှောင်နေချင်သလိုထား၍ အတားမြစ်ဘဲ မပြောဘဲနေသည်။ အနေတတ်သော ကိုတင်ဖေကသာ သားတို့သမီးတို့အတွက်ကို အစစအရာရာ စိုးရိမ်ကြောင့်ကြကာ တတ်နိုင်သမျှ ထိန်းသိမ်းပြပေးရလေသည်။
အလုပ်တာဝန်ကတစ်ဖက်၊ အိမ်တွင်းမှ သားသမီးတို့၏ ကိစ္စဝိစ္စများကတစ်တန်၊ ရရှိသည့်ရဲသားလစာလေးနှင့် မလောက်ငှ၍ ကြွေးမြီးတင်သည်ကတစ်မှောင့် မယားဖြစ်သူ၏အေးတိအေးစက်နေနိုင်ပုံကိုလည်းအားမရနှင့် စိတ်ဓါတ်တွေပျက်ပြားလာသောအခါ ကိုတင်ဖေမှာ အပြင်လောကတွင် အပေါင်းအသင်းတို့နှင့်ပျော်ပါးသောက်စားတတ်သောအလေ့အကျင့်ကိုရရှိစပြုလေ၏။
ယင်းသို့ ကိုတင်ဖေတစ်ယောက် အသောက်အစားဖက်လာသည်ကိုတော့ မဖွားမေကလည်း ကြိုက်နှစ်သက်ပုံမရပေ။ သို့သော် ဆူလားဆောင့်လား ကန့်ကွက်လားတော့သူမလုပ်။ ရံခါအခန့်မသင့်၍ ကိုတင်ဖေကစိတ်လိုက်မာန်ပါတွန်ဆဲရေးသမှုပြုလျှင်ပင် မျက်ရည်သုတ်ပြီးငုံ့ခံတတ်သည်။
ပြောစမှတ်ရရပြောင်းလဲလာသည်ကတော့ အင်မတ်မှဖျတ်လတ်မြူးကြွ၍ကောင်ပေသောအချိန်အရွယ်မျိုးမှာပင် သူ၏မျက်နှာသည်ပို၍ပို၍ သေလာကာ သူ့နှုတ်သည် ပို၍ပို၍ဆိတ်ငြိမ်လာကာကြိုးဆွဲဆရာ အိပ်ငိုက်ရင်းဆွဲနေသည့်အရုပ်ကြီးတစ်ရုပ်နှယ် ချက်မမှန်လက်မမှန် မလှုပ်တလှုပ်ပုံစံမျိုးကြီး အနေအထားသို့ ပိုမိုသက်ရောက်လာတော့ခြင်းပေတည်း။ ကိုတင်ဖေသည် ကလေးတစ်ပုံနှင့်မယားသည် မလှုပ်တလှုပ်ကြီးနှင့်ဘဝကိုဖြတ်သန်းတတ်သလို တွဲလိကပ်ပိုး လှိမ့်လူးရုန်းကန်ကာ နေထိုင်လာရင်းနဲ့ ရဲသားဘဝမှရဲကြပ်ဘဝသို့ ရောက်ရှိလာပြီးနောက် နှစ်အတန်ကြာလျှင် တာဝန်ပေါ့လျော့ကာ အလုပ်လစ်ဟင်းမိသောအပြစ်ဖြင့် အလုပ်ဖြုတ်ခံရပြန်လေ၏။ သည်အချိန်တွင် သူတို့၏ နေရေးစားရေးက ပိုမိုပြီးကသိကအောက်ဖြစ်လာသည်။
ထိုအခါက ဦးတင်ဖေမှာ အသက် ၄၂၊ ဒေါ်ဖွားမေက ၃၈၊ သားကြီး ဘမောင်ကအသက်၂ဝ ခန့်၊ သူ့အောက်သမီးပျို ကြည်ကြည်က ၁၈ နှစ်၊ ကြည်ကြည် အောက်အငယ်ကောင်လှမောင်က ၁၆ နှစ်၊ သူ့အောက်သမီးရီရီက ၁၄ နှစ်၊ ဝမောင်၊ နီနီ၊ မြမောင်၊ စီစီတို့ကလည်း ၂ နှစ်ခြားစီအဆင့်ဆင့်။ အငယ်ဆုံးသမီးထွေး (၆) နှစ်ရွယ်စီစီ၏အောက်မှာ ဆင့်ကဲ၍မလာသည်ကိုပင် ကျေးဇူးတင်ရဦးတော့မလိုလိုနှင့် တကယ်ပိင်စိတ်မောစရာကောင်းသော အိမ်ထောင်စုပါပေ။
ကျောင်းကို ဟုတ်ဟုတ်ညားညားမထားနိုင်သည့်မို့ ပညာတွေကလည်း မတောက်တခေါက်သာတတ်ကြသေးရာ ဆင်းရဲမွဲတေခြင်း၏ဒဏ်ကို မခံနိုင်လွန်းသောအခါ သားကြီးဘမောင်သည်စစ်ထဲသို့ဝင်လိုက်ခြင်းဖြင့် သူ၏ဘဝပြဿနာကို သူ့ဘာသာဖြေရှင်းသွားလေ၏။
သမီးကြီးကြည်ကြည်ကတော့ ဘော်လီဆိုင်တစ်ဆိုင်မှာ ဘော်လီအငှားချုပ်သည်။ ဦးတင်ဖေကတော့ ကားဆိပ်အနီးလမ်းဘေးမှာစာအုပ်ဆိုင်မလေးတစ်ခုကို ဖြစ်တတ်သလို ကြံဆန်ဖွင့်လှစ်ရောင်းချရလေသည်။ သို့သော် ဤမျှကြီးမားသော အိမ်ထောင်စုနှင့်ဤအလုပ်တို့ကလည်း မျှတနိုင်သည်မဟုတ်ရာ မလှုပ်သာ အလှည့်သာကြွေးထဲမှာ နစ်ရပြန်လေ၏။ သည်တော့ ဦးတင်ဖေမှာ စိတ်ညစ်ညစ်ရှိတိုင်း အရက်ကိုချည်းဖိ၍သောက်တော့သည်။
သည်အထဲမှာ ဒေါ်ဖွားမေတစ်ယောက်ကလည်း သွေးအားနည်းသောရောဂါဖြစ်ကာ တပိန်ပိန်တလိမ်လိမ်နှင့်နာတာရှည်လူမမာတစ်ယောက်ဖြစ်လာခဲ့ပြန်သည်။
သည်လိုလှိမ့်လှိမ့်လူးလူးနှင့်နှစ်နှစ်လောက်နေလာပြီးသည့်နောက်တော့ သားလတ်လမောင်သည် အစ်ကိုခြေရာကိုနင်းကားစစ်ထဲသို့လိုက်ပါသွားပြန်ပြီးလျှင် သမီးကြီးကြည်ကြည်မှာလည်း ခြေလမ်းပျက်စပြု၍လာလေ၏။ သူ၏အနေအထိုင်အသွားအလာ အပြုအမှုအားလုံးစိတ်မသိုးမသန့်ဖြစ်စရာကောင်းလာသည်။ နောင်အခါတွင်တော့ အိမ်ရှေ့တွင် လာရပ်လေ့ရှိသောယောက်ျားကြီးငယ်တို့ပါလာတတ်လေ့ရှိသည့်ကားအမျိုးမျိုးပေါ်သို့ခပ်ပြောင်ပြောင်လိုက်ပါသွားတတ်သည့်အထိပင် အတင့်ရဲ၍လာတော့သည်။

     ရှေ့တစ်ပတ်ဆက်ရန်

Share on Google Plus

0 comments:

Post a Comment