ဒီတစ်ပတ်ကတော့ မစားရတာကြာနေတဲ့ဝက်သားကိုပဲပြားနဲ့အငံလေးချက်မယ်၊ လက်ဆောင်ရထားတဲ့ဝါးမှိုလေးကိုချဉ်စပ်လေးသုပ်မယ်။ ပြီးတော့ ဝက်သားချက်တာမို့ မယ်တော်မားသားသွေးမတိုးအောင်ဒန့်ဒလွန်ရွက်ကိုပုဇွန်ခြောက်လေး မညက်တညက်ထောင်းပြီးဟင်းချိုတစ်ခွက်ချက်လိုက်မယ်။ ဒါဆိုရင်တော့မယ်တော်မားသားလည်းစားလို့အဆင်ပြေ ကျွန်တော်လည်းကြိုက်တဲ့ဟင်းတွေမို့စားလို့ကတော့ကောင်းမှကောင်းပဲပေါ့ဆွေမျိုးတို့ရာ။
ပိတ်ရက်တိုင်းမှိုတွေကြီးပဲချက်နေတယ်တော့မပြောကြနဲ့ဦးနော်။ စိုက်ထားတဲ့မှိုမဟုတ်ဘဲရာသီပေါ်မှိုလေးတွေပေါတုန်း ကျွန်တော်နဲ့မယ်တော်မားသားက အဝစားထားမှာမို့ပါဗျာ။ စိုက်ထားတဲ့မှိုနဲ့ သူ့ရာသီနဲ့ သူပေါ်တဲ့မှိုက အရသာချင်းအရမ်းကွာတာ။ မှိုကြိုက်တဲ့အမျိုးသိကြပြီးသားနေမှာပေါ့နော်။ ဒါကြောင့် ရာသီချိန်လေးတော့အဝစားလိုက်ဦးမယ်ဗျို့။
ဝက်သားပဲပြားအငံချက်
ဝက်သားကိုပေါင်သားပဲသုံးမယ်၊ အနေတော်လေးတုံးပြီးရင် ဆား၊ ပဲငံပြာရည်အကြည် ကြက်သားမှုန့် ခရုဆီနဲ့နယ်ပြီး ခဏနှပ်ထား၊ ဝက်သားနှပ်ထားတုန်းမှာ ပဲပြားကိုဝက်သားနဲ့အရွယ်တူလေးတွေလှီး၊ ပြီးရင်ဆားနည်းနည်းနဲ့နယ်ပြီး ကျက်ရုံလေးကြော်ထား။ ပြီးရင် အိုးထဲကိုသကြားထည့်ပြီးအညိုရောင်နဲ့ ဆူလာတဲ့အထိတည်။ ရလာတာနဲ့ဝက်သားထည့်ပြီးရေခန်းတဲ့အထိလုံးပေး၊ ပြီးမှ ရေမြုပ်ရုံနည်းနည်းချင်းထည့်ပြီးနူးအောင်တည်။ ဝက်သားနူးခါနီးပြီဆိုမှ ပဲပြားထည့်၊ ဒါမှပဲပြားထဲအရသာဝင်ပြီး စားကောင်းတာပေါ့နော်။ ပဲပြားထည့်တာနဲ့ ကြက်သွန်ဖြူဓါးပြားရိုက်ထားတာပါထည့်၊ ဝက်သားလည်းနူး၊ ပဲပြားလည်းအရသာဝင်ပြီး အိအိလေးဖြစ်၊ အရသာလည်းစိတ်ကြိုက်ရပြီဆိုမှ အပေါ်ကနေ ငရုပ်ကောင်းမှုန့်လေးဖြူးပေးလိုက်ရင်စားလို့ကောင်းမှကောင်းတဲ့ဝက်သားပဲပြားအငံချက်တစ်ပွဲရပြီပေါ့။
မှိုသုပ်
ကျွန်တော်ကတော့ လက်ဆောင်ရထားတဲ့ ဝါးမှိုလေးကိုချဉ်စပ်လေးသုပ်မယ်။ ဝါးမှိုဆိုတာ တချို့ဝါးပင်တွေမှာပေါက်တဲ့ ပင်လယ်ထဲကရတဲ့သုပ်စားလို့ရတဲ့ ကျောက်ကျောလေးတွေနဲ့ခပ်ဆင်ဆင်တူပါတယ်။ သူကတော့ အရမ်းနူးညံ့တဲ့မှိုတစ်မျိုးပါ။ ဆားနဲ့ထိရင်အရည်ပျော်သွားတတ်လို့ စားခါနီးမှအငံထည့်သုပ်ရပါတယ်။ ကျောက်ကပ်အတွက်အရမ်းကောင်းတဲ့ အစားအစာတစ်မျိုးလို့တော့ကြားဖူးပါတယ်။ ဆွေမျိုးတို့ကတော့ ဝါးမှိုမရရင်အလွယ်ရတဲ့မှိုတစ်တစ်မျိုးမျိုးကို ခဏပြုတ်၊ ရေညှစ်ပစ်ပြီး အစားသုံးလို့ရပါတယ်။ ဝါးမှိုလေးတွေကိုရေ စင်စင်ဆေး၊ ပြီးမှ ရေနွေးနဲ့တစ်ခါပြန်ပြီးဆေး၊ ရေစစ်ထား၊ ကြက်သွန်မြိတ်ကိုလည်းရေစင်စင်ဆေးရေစစ်ပြီး အနေတော်လေးတွေလှီးထား၊ ငရုတ်သီးခွဲခြမ်းနဲ့ကြက်သွန်ဖြူ ရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ပြီး ကြွပ်ကြွပ်လေးရတဲ့အထိကြော်ထား။ တူးတော့မတူးစေနဲ့ပေါ့နော်။ ပြီးရင်မြေပဲကို မညက်တညက်လေးထောင်းထား၊ မှို၊ မြေပဲ ငရုတ်သီးဆီချက်၊ ကြက်သွန်မြိတ်၊ သံပုရာရည်၊ သကြားရောထည့်ပြီးနှံ့အောင်နယ်၊ ပြီးမှ ဆားလေးသင့်ရုံထည့်ပြီးနယ်လိုက်ရင်အရမ်းအရသာရှိတဲ့မှိုသုပ်လေး ရပြီပေါ့နော်။
ဒန့်ဒလွန်ရွက်ဟင်းချို
ဒန့်ဒလွန်ရွက်မနုမရင့်လေးတွေကိုခြွေပြီးရေစင်စင်ဆေး၊ ရေပြန်စစ်ထား၊ ပုဇွန်ခြောက်ကိုမညက်တညက်ထောင်းထား၊ ကြက်သွန်နီမထူမပါးလှီးထားတာကို ဆီသတ်၊ ပြီးရင်ပုဇွန်ခြောက်နဲ့ငါးငံပြာရည်နည်းနည်းပါတစ်ခါတည်းထည့်ဆီသတ်၊ ပြီးမှ ဒန့်ဒလွန်ရွက်လေးထည့်လုံးပြီးရေအနေတော်ထည့်၊ ရေဆူလာရင် အရသာမြည်းကြည့်အရသာစိတ်ကြိုက်ရပြီဆိုရင်တော့ ဝက်သားစားလည်းသွေတိုးမှာမပူရတဲ့ ဒန့်ဒလွန်ရွက်ဟင်းချိုတစ်ခွက်ရပြီပေါ့နော်။
ဒီတစ်ပတ်တော့ဒီလောက်ပဲပေါ့ဆွေမျိုးတို့ရာ၊ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
0 comments:
Post a Comment