ဝင်းဖေ၊ လွယ်အိတ်



ရေဒီယိုအသံလွှင့်ချက်များ(၁)
ရေဒီယိုဆိုတာ…
၁၉ ရာစု အစောပိုင်းကာလ စတင်တီထွင်ဖန်တီးတင်ဆက်ခဲ့တဲ့လေလှိုင်းကြားက မီဒီယာလက်နက်လေးတစ်ခု ဖြစ်ပါတယ်။ အဲဒီမီဒီယာလက်နက်လေးကို ဘယ်လောက်ပဲ ဆန်းပြားခတ်မီတဲ့မီဒီယာနည်းပညာတွေပေါ်ထွန်းလာသည်ဖြစ်စေ ယနေ့ထက်တိုင်အသုံးဝင်၊ အသုံးတွင်၊ အသုံးပြုနေကြတဲ့ ပရိတ်သတ်ကြီးတွေအတွက် O  For Online ကဏ္ဍကနေ Shape နဲ့ FM လိုင်းတို့ပူးပေါင်းကာအဟောင်းထဲက အကောင်းဆုံးအဖြစ် တင်ဆက်လိုက်ပါတယ်။ သောတရှင်ပရိတ်သတ်ကြီး နားဆင်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း…
O For Online ကဏ္ဍလေးမှတစ်ဆင့် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပြီးသောအကြောင်း အရာများကို စာဖတ်သူပရိတ်သတ်တို့ နားသောမဆင်လိုက်ရမကြည့်လိုက်ရ မရှိလေအောင် Shape ဂျာနယ်မှပြန်လည် တင်ဆက်ခဲ့ပါတယ်… စာဖတ်ပရိတ်သတ်များကလည်း မအားလပ်လို့နားမထောင်လိုက်ရမကြည့်ရှုလိုက်ရမဖြစ်အောင် ကွက်လပ်ကလေးဖြည့်ပေးတဲ့ Shape ကို သဘောကျနှသစ်သက်စွာအားပေးကြပါတယ်… ဒီလိုဖော်ပြပေးနိုင်အောင်အထောက်အကူပြုပေးတဲ့မူရင်းပိုင်ရှင်များကို Shape အယ်ဒီတာအဖွဲ့ကကျေးဇူးများစွာ တင်မိပါတယ်… ဒီတစ်ပတ်မှာဆရာတင်ဖေရဲ့ “ရေဒီယိုအသံလွှင့်ချက်များကိုပြန်လည်တင်ဆက်ခွင့်ရတဲ့အတွက် ဗြိတိသျှအသံလွှင့်ကော်ပိုရေးရှင်းနဲ့စာအုပ်ပုံနှိပ်ထုပ်ဝေသူဦးစန်းဦး(စိတ်ကူးချိုချိုစာအုပ်တိုက်) တို့ကို များစွာကျေးဇူးတင်ကြောင်းပြောပါရစေ…
ယခင်အပတ်မှအဆက်
(၅)
သောတရှင်များခင်ဗျာ…
ဒီတစ်ပတ်တော့ အပြောင်းအလဲလေးဖြစ်သွားအောင် ဝင်းဖေလွယ်အိတ်ထဲက ရုပ်ရှင်နဲ့ပတ်သတ်တာလေးတွေကို ဆွဲထုတ်ပြဖို့ စီစဉ်ထားပါတယ်။
အကယ်ဒမီဆုတွေအများကြီးရထားကြတဲ့ ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ၊ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေနဲ့ စာရေးဆရာကြီး ဦးသိန်းဖေမြင့်တို့အကြောင်း ကျွန်တော်တွေ့ဖူးသလို ပမာဏအားဖြင့်ပြောပြပါမယ်။ ကျွန်တော်ကိုယ်တိုင်မှ တစ်ကားနှစ်ကားပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ရသေးတယ်… ဝတ္ထု ဇာတ်ညွှန်းကလေး ၃/၄ပုဒ်ပဲရေးရသေးတယ်.. ဆရာကြီးဦးသုခက ကျွန်တော်ကို ရုပ်ရှင်ဇာတ်ညွှန်းရေးဖို့ အလုပ်အပ်ပါတယ်။ အပ်တာမှ… တစ်ခါတည်းနဲ့ ၃ ပုဒ်တောင်အပ်ပါတယ်။ ဆရာကြီးဦးသုခအဟာ ကိုယ်တိုင်စိတ်ကြိုက်ဇာတ်ညွှန်းတွေရေးပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ကိုယ်တိုင်သရုပ်ဆောင်တတ်တဲ့ ရှားပါးပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့… ကျွန်တော်ဆရာကြီးအတွက် ဇာတ်ညွှန်းရေးမပေးဝံ့ပါဘူးလို့ အနူးအညွတ်တောင်းပန်ရပါတယ်။ ဒါပေမဲ့ဆရာကြီးက ကျွန်တော့်စကားကိုလက်မခံပါဘူး။ သူဟာ အသက်ကြီးပါပြီတဲ့… ခေတ်လူငယ်တွေရဲ့စရိုက်၊ လက္ခဏာတွေကို မသိတော့တဲ့အတွက် အကျင့်တရိုက်ကအစ… စကား၊ အသုံးအနှုန်းတွေအဆုံး အဆက်ပြတ်နေပါပြီတဲ့။
ဒီတုန်းက ကျွန်တော့အသက်က ၄ဝ တောင်မပြည့်သေးပါဘူး။ ကျွန်တော်ကိုပဲ ဇွတ်အလုပ်အပ်ပါတယ်။ ဆရာကြီးဦးသုခလိုပညာရှင်ကြီးက ကျွန်တော့ကိုယုံလို့တာဝန်ပေးတယ်ဆိုတော့… ကျွန်တော့မှာ အကယ်ဒမီဆုတွေအများကြီးရတာထက် အများကြီးတန်ဖိုးကြီးတယ်၊ ဂုဏ်သိက္ခာတက်ခဲ့ရပါတယ်။ အဲဒါထက်တန်ဖိုးကြီးတာကတော့… ဝတ္ထုဇာတ်ညွှန်းရေးကြတဲ့နေရာမှာ… ကိုယ်သိတဲ့ခေတ်၊ ကိုယ်သိတဲ့ကာလ၊ ကိုယ်သိတဲ့နေရာ၊ ဒေသ၊ သဘာဝ၊ စရိုက်၊ ဝန်းကျင်… ကိုသာပြီပြင်အောင်ရေးနိုင်ကြမှာဖြစ်တယ်၊ ကိုယ်မသိလို့ မကျွမ်းကျင်တာတွေကို ဖော်ကျူးရင် အပီပြင်နိုင်ဘူးဆိုတဲ့ပညာအသိ၊ ပညာသတိကို သင်ကြားပေးသွားတာပဲ။ အခုလက်တွေ့ဒီနေ့ခေတ်လူငယ်တွေရဲ့အကျင့်စရိုက်နဲ့စကားအသုံးအနှုန်းတွေကို ကျွန်တော်လိုက်မမီတော့ပါဘူး။ ခေတ်ကိုမြင်တဲ့ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အလွန်တော်တဲ့ခေတ်လူငယ်၊ ရုပ်ရှင်ပညာရှင်ကလေးတွေအများကြီးပေါ်ထွက်နေပါပြီ။ ကျွန်တော် မြန်မာရုပ်ရှင်လောက ကိုဝင်လာခဲ့တုန်းက လက်တွေ့ကျကျ ထိထိရောက်ရောက် စောင်ကကြည့်ရှုကူညီခဲ့တဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တွေထဲမှာ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေဟာ ထိပ်တန်းမှာရှိပါတယ်။ ကျွန်တော် အနုပညာကျောင်းအုပ်လုပ်နေစဉ်ကတည်းက မင်းသားကြီးနဲ့ခင်မင်ရတာမို့ ဦးထွန်းဝေကကျွန်တော့်ကို ဆရာကြီးခေါ်ဖို့နှုတ်ကျိုးနေပါတယ်။ ဒါက ဂုဏဝုဎိ၊ ဝယ ဝုဎိဆိုတာတွေနဲ့ မဆိုင်ပါဘူး။ ကျွန်တော်ကတော့ မင်းသားကြီး တလေးတစားနဲ့ လေးလေးထွန်းဝေလို့ခေါ်ပါတယ်။
သဘာဝအမူအရာရှိတယ်လို့ကျော်ကြားပြီးတော့ကာ သဘာဝမင်းသားကြီးလို့ လူသိများတဲ့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေက… “ ဒီမယ်ဆရာကြီး Acting ဆိုတာ Acting လုပ်နေမှန်းသိနေရင်လည်း မနိမ်ဘူးဗျ၊ သဘာဝအတိုင်း လုပ်လို့ဆိုပြန်ရင်လည်းလုပ်ကြည့်ပါ။ မရပါဘူး။ Acting လုပ်တာမှန်းမသိအောင်လုပ်တဲ့ Acting မျိုးကမှတကယ့်အနုပညာပါဗျာ” လို့အလေး အနက်ပြောဖူးပါတယ်။ အနုပညာဆိုတာလူကလုပ်တာပါတဲ့။ သဘာဝအတိုင်းရှိနေတာတွေကို ရိုက်ပြီးတော့သူ့ဟာသူကြည့်လို့ကောင်းနေတာတွေဟာ တကယ်တော့မှတ်တမ်းတင်သဘောပါပဲ လို့ရှင်းပြပါတယ်။ ကျွန်တော်နဲ့ ကားတော်တော်များများရိုက်ဖြစ်ကြတော့ မင်းသားကြီးဦးထွန်းဝေရဲ့လက်တွေ့အနုပညာတွေကိုမျက်ဝါးထင်ထင်တွေ့ခဲ့ရပါတယ်။ လေးလေးထွန်းပြောပြတာတွေအများကြီးရှိပါသေးတယ်။ နောင်မှ ကြုံသလို တင်ပြပါ့မယ်။
စာပေပညာရှင်ကြီး ဆရာဦးသိန်းဖေမြင့် ဟာ မင်းသားကြီးဦးထွန်းဝေရဲ့ ဆရာရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ မင်းသားကြီးကတစ်ဆင့် ကျွန်တော် ဆရာဦးသိန်းဖေမြင့်နဲ့ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီမှာ ဆရာဦးသိန်းဖေမြင့် ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးခဲ့တဲ့အကြောင်းကျွန်တော်သိရတော့ ကျွန်တော်ကလည်း ဆရာကြီးထံမှာ ကျွန်တော့အတွက် ရုပ်ရှင်ဇာတ်ညွှန်းရေးပေးဖို့ပူဆာပါတယ်။ ဆရာကြီး….. “ကိုဝင်းဖေရေ… အရင်က ကျုပ်ဇာတ်ညွှန်းရေးခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ အခုမရေးတော့ဘူးဗျာ” လို့ ပြောပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့တဲ့ … ဇာတ်ညွှန်းရေးရင်စာပျက်တယ်လို့ပြောပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းဆိုတာ စာမဟုတ်ဘူးတဲ့၊ ရုပ်ရှင်ရိုက်ဖို့ အညွှန်းတွေရေးတာတဲ့။ ဒါ့ကြောင့် တကယ်စာကောင်းပေကောင်း ရေးတဲ့အခါမှာ စာပျက်တယ် တဲ့။ ဟာဟုတ်သားပဲဆိုပြီး ကျွန်တော်လည်းချက်ခြင်းမှတ်သားထားလိုက်ပါတယ်။ နောက် ကျွန်တော်ကြုံကြိုက်လို့ အိုင်အိုဝါတက္ကသိုလ်International Writing Programme ကို တက်ရောက်ခွင့်ရတဲ့အခါမှာတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေနဲ့ပက်သက်လို့ ဒါတွေဟာလည်း စာပေပါပဲလို့ဆွေနွေးသက်မှတ်ပေးခဲ့ကြပါတယ်။ အရှည်ကိုတော့ နောက်မှဆက်လက်ဆွေးနွေးပါ့မယ်။ ဒီတစ်ပတ် ဒီလောက်နဲ့ပဲနားလိုက်ပါရစေ။
ကျန်းမာချမ်းသာကြပါစေ…
ကျွန်တော်ဝင်းဖေပါ။
ဆက်ပါဦးမည်

Share on Google Plus

0 comments:

Post a Comment