ဇင်ယော်၏ အလင်းနုကောင်းကင် #မြနှောင်းညို







 ( အပတ်စဉ် Shape ဂျာနယ်တွင် ၀တ္ထုရှည်များများ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်)

ယခင်တစ်ပတ်မှအဆက်
သူ့အဖေတုန်းက ဆေးရုံအလုပ်သာ စိတ်ဝင်တစားရှိပြီး အပြင် ဆေးကုခန်းမှာ အပိုဝင်ငွေမရှာခဲ့ဘူးဟု သူကြားဖူးသည်။ ဆရာဝန်က တော်ဆိုသောဂုဏ် ရှိခဲ့သော်လည်း အမေ မချမ်းသာခဲ့။
ဦးကျင်ဝှက်ကျပြန်တော့ ရသမျှ အရည်ဖျော်ပစ်ပြန်သည်။
ဆရာဝန်ကတော်ကျမှ ကွန်ပေါင်ဒါမိန်းမဖြစ်ရမလားလည်း ဇင်ယော်အပြစ်မတင်ချင်ပါ။ အမေ့မျိုး ရိုးကိုကလည်း လက်လုပ်လက်စား ကုန်စိမ်းရောင်းဈေးသည် တစ်ဦး၏ သမီးမျှသာပဲမဟုတ်လား။
ဦးကျင်ဝှက်၏လက်မှ ဦးမောင်အေးလက်သို့ အမေထွက်ပြေးခိုလှုံသွားသည်ကိုမူ ဇင်ယော်ရှက်သည်။ ရဲတိုင်ကာ အမှုဖွင့်တာတွေနှင့်ကျော်မကောင်းကြားမကောင်း သတင်းတွေကို ဇင်ယော်ရင်မဆိုင်နိုင်ခဲ့။
ခုတော့လည်း ဦးမောင်အေး၏ မိသားစုအဖြစ် ကုလားကျောင်းတွင် အခြေကျနေပါပြီ။
''ဆိုင်မှာဘယ်သူရှိလဲ ဇင်ယော်''
''ဦးလေးတူတွေ ရှိပါတယ်''
''နင်က ဘယ်သွားမလို့လဲ''
''ကျွန်တော် အောင်စာရင်း သွားကြည့်မလို့''
အမေ့မျက်မှာ ၀င်းပသွားလျက်- ''အေး"""အေး၊ မြန်မြန်ပြန်လာနော်။ င့ါ လာပြောဦး''
ဦးမောင်အေး၏ တာယာအရောင်းဆိုင်တွင် ဇင်ယော်သည် ငွေကိုင်စာရေးသဘောမျှသာ အလုပ်ရှိသည်။
ပထမအချက်အနေနှင့် ဇင်ယော်ကို ဦးမောင်အေးက ငွေကြေးအံဆွဲသော့ကို ယုံယုံကြည်ကြည် အပ်နှံလေသည်။ ဆရာဝန် လင်းယုန်၏သားဆိုသောဂုဏ်သိက္ခာကို အမြဲအစဉ် ဇင်ယော် ဂုဏ်ယူ ထိန်းသိမ်းခြင်းကြောင့် အယုံအကြည်ခံယူရခြင်းဖြစ်လေသည်။ ဒုတိယအချက်အနေနှင့် ဇင်ယော်သည် အပြောအဆို၊ အနေအထိုင်၊ သိမ်သိမ်မွေ့မွေ့ရှိသည်နှင့်အမျှ အလေးအပင် အကြမ်းပတမ်းမရ။ ဖ အေ့သွေးလေဟု အမေက မေးတ ငေါ့ငေါ့ ကဲ့ရဲ့သလိုနှင့် တကယ်တော့ ဂုဏ်ယူသည်။
''ကျွန်မက လက်ကြောမတင်းဘူး။ စာလည်းမတတ်ဘူးလေ။ ရုပ်ပြပြီး လင်ရှာစားရတာပေါ့''ဟု အမေက သူမ၏အပေါင်းအသင်း တွေအားနောက်သလိုလို၊ အတည် လိုလိုပြောတတ်လေသည်။
ရုပ်ပြပြီး လင်ရှာခဲ့သမျှထဲမှာ အမေသည် အဖေ့ကိုတကယ်ချစ်ကြိုက်ခဲ့ပြီး အထင်တကြီးတန်ဖိုး ထားခဲ့မှာပါဟုဇင်ယော်တွက်ဆသည်။
''နင် သွားရင်းလာရင်း ဦး မောင်လေးတွေ့လည်း ပြန်လွှတ်လိုက်ဦး၊ သိလား။ ငါ့ဗိုက်ထဲ သရိုးသရီနဲ့၊ ဒီနေ့များ မွေးမလားပဲ''
အမေ အေးအေးဆေးဆေး ပြောသော်လည်း ဇင်ယော် ပူပန်မိသည်။
တာယာဆိုင်သို့ဝင်ခါနီး ဦးမောင်အေး၏တူတွေကို အသေအချာ အမှာပါးခဲ့ရသေးသည်။ ဦးမောင်အေး ဆိုင်ရောက်ရောက်ချင်း အိမ်ပြန်ပါ။ အရေးကြီးသည်ဟု မှာခဲ့သည်။ အမေ ဗိုက်နာနေသည် ဟုတော့ သူမပြောချင်။
လှိုင်အထက်တန်းကျောင်းတွင် လူတွေကျိတ်ကျိတ်တိုးနေသည်။ အောင်စာရင်းတွေဆွဲမဆုတ်ဖို့တာ ၀န်ရှိသူတွေက စောင့်ကြည့်ကြပ် မတ်နေရသည်။ မအောင်၍ဆုတ်သည်။ နောက်ပြောင်ချင်၍ ဆုတ်သည်။ အကျိုးမဲ့ အဖျက်အမှောင့် လုပ်ငန်းကလည်း လစ်လျှင်လစ်သလို နေရာယူချင်သေးသည်။
အောင်စာရင်းကြည့်သူတွေထဲမှာ ထွန်းအောင်လတ် ပါဝင်နေသည်ကတော့ အတော်ကလေး ဆန်းကြယ်သည်။ သူမှ စာမေးပွဲမဖြေထားတာ။ ခုထိ ရှစ်တန်းမအောင်နိုင်ဘဲ ယက်ကန်ယက်ကန် ကျန်ခဲ့တာကလား။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment