ကားသော့အကျိုးကို ဘယ်လိုထုတ်မလဲ…

















ကားသော့အကျိုးကို ဘယ်လိုထုတ်မလဲ…
သော့အိမ်အတွင်း ကားသော့ကျိုးတယ်ဆိုတာ သော့ကိုအနာဂါတ်မှာဆက်ပြီး သုံးလို့မရတော့အောင် ပျက်စီးသွားစေသလို ယာဉ်ပိုင်ရှင်ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ နောက်တစ်ချက်က သော့ပြင်သူဆီမရောက်ခင်မှာပဲ သော့ကျိုးတန်းလန်းနဲ့ ကားကို ဘယ်လိုလုပ်ထားရမလဲဆိုတာ မသိရလောက်အောင် စိတ်ရှုပ်စရာကောင်းလှတာပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က ယာဉ်ပိုင်ရှင်တစ်ယောက်ဖြစ်နေပြီဆိုရင် ကားသော့ကျိုးကို ဘယ်လို သော့အိမ်ထဲက ထုတ်ရမလဲဆိုတာလောက်တော့ အခြေခံအဆင့်အနေနဲ့ နားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း သော့အသစ်လဲတပ်ဖို့ဝပ်ရှော့ကို သွားဖို့အဆင်ပြေမှာဖြစ်သလို ကိုယ့်သော့အိမ်မှာသော့ပိုရှိနေရင် အစားထိုးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်သော့အိမ်ထဲမှာ ကားသော့ကျိုးပြီးကျန်ခဲ့ရင် ဘယ်လို ထုတ်ယူရမလဲဆိုတာနဲ့ပက်သက်လို့ အကြံပြုပါရစေ။
သော့ခေါင်းကို ယူလိုက်ပါ
သော့ခေါင်းက လုံးလုံးမကျိုးသေးဘူးဆိုရင် အဲဒီသော့ခေါင်းကိုလုံးဝ ချိုးယူလိုက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သော့က ကျိုးဖို့ အနည်းငယ်ပဲလိုတော့တဲ့အချိန်မျိုးမှာကားစက်ကို နှိုးလို့လည်းမရ၊ သော့ကိုချွတ်ယူဖို့လည်း ခက်ခဲနေတဲ့အခြေအနေမျိုးမှာ သော့ခေါင်းကို အပြီးချိုးပစ်လိုက်တာက အထဲက သော့ကျန်ကို ဆွဲထုတ်ဖို့အတွက် လွယ်ကူသွားစေမှာ အသေအချာပါ။
သော့ကို ညီအောင်လုပ်ပါ
ကျိုးကျန်ခဲ့တဲ့သော့က တစ်စောင်းဖီလာဖြစ်နေမယ်ဆိုရင်တော့ ဆွဲထုတ်ဖို့အတွက် ဒီသော့ကို ညီညာသွားအောင် ပြုလုပ်လိုက်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ဇာဂနာလိုအထောက်အကူပစ္စည်းမျိုးလိုအပ်မှာဖြစ်သလို ဇာဂနာနဲ့မရတဲ့အခါ ပလာယာနဲ့ ကိုက်ထုတ်ရမှာပါ။ ဒီလိုလုပ်လို့မှ မရသေးဘူးဆိုရင်တော့ သော့အိမ်ကိုရောကျိုးကျန်ခဲ့တဲ့သော့ရှိရာနေရာနှစ်ခုစလုံးကိုပါ သံဘရပ်ရှပ်နဲ့ တိုက်ရပါလိမ့်မယ်။ ဒါမှ သော့ကျိုးနဲ့ သော့အိမ်ဘေးမှာရှိနေတဲ့အညစ်အကြေးတွေကို ရှင်းထုတ်နိုင်မှာပါ။ သော့ကျိုးကို ရှင်းထုတ်ဖို့ မလိုအပ်တဲ့အစအနတွေနဲ့ အမှိုက်သရိုက်တွေသော့အုံနားမှာ ရှိမနေဖို့ လိုအပ်ပါတယ်။
ချောဆီကိုမေ့မထားနဲ့
သော့ကျန်ကို နုတ်ယူဖို့ အရေးကြီးတဲ့အထဲမှာ ချောဆီလည်းပါဝင်ပါတယ်။ ဒါမှ ကျိုးနေတဲ့ သော့ကျန်ကို လွယ်လင့်တကူ ထုတ်ယူနိုင်မှာပါ။ သော့ကျိုးပြီဆိုကတည်းက သော့အိမ်က ကျပ်နေတာကြောင့် အတင်းအကျပ်ဆွဲထုပ်ရင်း ကျိုးရတာ များပါတယ်။ ဒါကြောင့် သော့ကျိုးကို ထုတ်ယူတော့မယ်အခါ လွယ်ကူချောမွေ့သွားအောင် ချောဆီသုံးဖို့ အဖြစ်မနေလိုအပ်တာပါ။ ချောဆီဆိုတဲ့နေရာမှာလည်း အမယ်စုံ၊ မျိုးစုံရှိနေတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တချို့က စပရေးနဲ့ မှုတ်ထည့်ရတဲ့ချောဆီမျိုး အသုံးပြုတတ်ကြပေမယ့် တချို့ကတော့သော့ကျိုးတာတွေ ပြန်ထုတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ အမှုန့်မျိုးကို အသုံးပြုကြတာပါ။ ချောဆီကို အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့အရာ တစ်ခုကတော့ သော့အိမ်ပတ်ဝန်းကျင်ကိုရော၊ သော့ကျိုး ရှိနေတဲ့နေရာတွေကိုပါ နှံ့စပ်သွားအောင် ထည့်ပေးဖို့ လိုအပ်ပါတယ်။ဒါမှလည်း ကျပ်တည်းမနေတော့ဘဲချောချောချူချူ ထုတ်ယူနိုင်မှာပါ။
အထောက်အကူပစ္စည်းအသုံးပြုပါ
သော့ဖယ်ရာမှာအသုံးပြုတဲ့ အထောက်အကူပစ္စည်းတွေကလမ်းဘေးက ကုန်မာဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်သလို ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တာပါ။ တကယ်လို့ ဒီလိုပစ္စည်းတွေကိုယ့်မြို့ဝန်းကျင်မှာ မရှိဘူးဆိုရင်လည်း စိတ်ပူနေစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင်ဖန်တီးနိုင်လို့ပဲ ဖြစ်ပါတယ်။ ကိုယ့်သော့အိမ်ထဲ ထည့်လို့ဝင်နိုင်မယ့် အရာတစ်ခုခုကို အသုံးပြုပြီး ဇာဂနာပုံစံဖန်တီးရမှာဖြစ်သလို ကိုယ့်လက်မရောက်နိုင်မယ့်နေရာမျိုးက အရာဝတ္ထုတစ်ခုခုကိုဆွဲထုတ်နိုင်လောက်တဲ့အထိ မာကျောနေဖို့လည်းလိုအပ်မှာပါ။ ဥပမာ စမုတ်တံနှစ်ခုကိုထိပ်ဖျားတွေပြားသွားအောင် လုပ်ပြီးသော့အကျိုးကိုဆွဲထုတ်တဲ့နည်းလမ်းမျိုးဖြစ်ပါတယ်။ ကိုယ့်သော့က ချောဆီနဲ့ နှူးထားတာကြောင့်ချောင်နေတဲ့အချိန်မျိုးဆိုရင် ဒီလိုနည်းကိုအသုံးပြုရုံလောက်နဲ့ သော့အကျိုးက ကိုယ့်လက်ထဲပါလာနိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။
ဘယ်လိုအသုံးပြုမလဲ
ဇာဂနာ၊ ပလာယာနဲ့ ဝက်အူပြားစတဲ့ပစ္စည်းတွေ ကိုယ့်ဆီမှာရှိနေတယ်ဆိုရင်တော့သော့အိမ်ထဲမှာ ကျန်နေတဲ့သော့ကိုထုတ်ဖို့ပဲ လုပ်ရတော့မှာပါ။ ဒီနေရာမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း အနည်းအကျဉ်းလောက်ပဲဖြစ်ဖြစ် သိထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် နည်းမှန်လမ်းမှန်မဟုတ်ဘဲ အားကုန်ထုတ်သုံးလိုက်ရင် သော့က ထွက်မလာတဲ့အပြင်အထဲကို ပိုပြီးတော့ တောင်ဝင်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ သော့အကျိုးကို ဆွဲထုတ်ရာမှာ နူးညံ့ဖို့လိုအပ်သလို သော့အသွားလေးတွေနေရာကို ကိုယ်ကိရိယာတွေနဲ့ ချိတ်သွားအောင်ချိန်ပြီး ဆွဲထုတ်နိုင်ဖို့လည်းလိုအပ်တာပါ။ ဒီလိုနည်းလမ်းကိုသုံးရင်းသော့အစအနလေး သော့အိမ်ပြင်ပကို ထွက်လာပြီဆိုတာနဲ့ ပလာယာ ဒါမှမဟုတ် ဇာဂနာစတဲ့အထောက်အကူပစ္စည်းတွေကို အသုံးပြုပြီးတော့ကိုဆွဲထုတ်ရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာမှ သော့ကကျပ်နေအုန်းမယ်ဆိုရင်တော့ ချောဆီကို သော့အကျိုးကိုပြန်ထုတ်ရမှာဖြစ်ပါတယ်။
အာကာထက်ဝေ
Share on Google Plus

0 comments:

Post a Comment