ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သူမရဲ့ဖက်ရှင် အပေါ်ခံယူချက်













ဗစ်တိုးရီးယားဘက်ခမ်းဆိုရင် အားလုံးသိပြီးသားပါ။ ဘောလုံးသမားအကျော်အမော် ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီးဖြစ်သူတစ်ယောက်အဖြစ် ပထမဆုံးပြေးမြင်မိကြမှာပါ။ တကယ်တမ်းကျတော့ ဘောလုံးသမား တစ်ယောက်ရဲ့ဇနီးဆိုတာ နောက်မှာ အောင်မြင်တဲ့ အင်္ဂလိပ်စီးပွားရေးအမျိုးသမီးလုပ်ငန်းရှင်၊ ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ်၊ အဆိုတော်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်တွေက အပြည့်ပါ။ 

၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ဗစ်တိုးရီးယားက Spice Girls ဆိုတဲ့ အမျိုးးသမီးတေးအဖွဲ့နဲ့အတူ အောင်မြင်မှု တစ်စတစ်စရလာသူတစ်ယောက်ပါ။ Spice Girls အဖွဲ့ ပြိုကွဲသွားပြီးနောက်မှာတော့ ဗစ်တိုးရီးယားက Virgin Records Iel Star Record တွေနဲ့ လက်တွဲပြီး တစ်ကိုယ်တော် စတင်လာပါပြီ။ ပထမဆုံး Single သီချင်း Out Of Your Mind ကဆိုရင် UK Single Chart ရဲ့နံပါတ် ၂ နေရာချိတ်ခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ 

၂၀၀၈ ခုနှစ်မှာတော့ ဗစ်တိုးရီးယားဘက်ခမ်းက ဖက်ရှင်ဒီဇိုင်း တွေ ဘက်ဦးတည်လာပါပြီ။ ၂၀၁၁ ခုနှစ်အထိ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချလာခဲ့ရာမှာ ၂၀၁၁ ခုနှစ်မှာ နှစ်တစ်နှစ်ရဲ့ နာမည်ကြီး Brand တွေထဲက တစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပါပြီ။ ၂၀၁၂ ခုနှစ်မှာတော့ ဗစ်တိုးရီးယားက ဖက်ရှင်လုပ်ငန်းမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးလာပါပြီ။ ၂၀၁၁-၁၂ ခုနှစ်အတွင်းမှာ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ပစ္စည်းရောင်းရငွေဟာ စတာလင်ပေါင် သန်း(၆၀)ခန့်ရှိနေခဲ့ပါပြီ။ ဒါဟာ သိပ်မကြာလှတဲ့အချိန်လေးတစ်ခုအတွင်းမှာသာဖြစ်ပါတယ်။ အ၀တ်အစားပိုင်းမှာသာမက မျက်မှန်၊ ရေမွှေး၊ လက်ကိုင်အိတ်တွေအထိ သီးခြားစီအရောင်းကလည်း မြင့်တက်လာပါတယ်။ 

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာတော့ ဗစ်တိုးရီးယားဘက်ခမ်းက ဒီဇိုင်နာတွေအားလုံးလိုချင်ကြတဲ့ British Fashion Awards ရဲ့ Designer Brand of the Year ဆုကို ရရှိခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ ရနေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းက အောင်မြင်မှုတွေနဲ့ အေးချမ်းနေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အောင်မြင်သူတိုင်း၊ နာမည်ကြီးသူတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိတဲ့ ခြိမ်းခြောက်ခံရမှုတွေ၊ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ဖူးသူလည်းဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် Brit Awards ရဲ့ ဖျော်ဖြေပွဲအတွင်းမှာလည်း သေစေ လိုတဲ့ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာခဲ့ပါတယ်။ 

အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်နေစဉ်မှာလည်း လေဆာ ရောင်ခြည်တန်းက ရင်ဝကိုချိန်ထားတဲ့အတွက် စင်ပေါ်ကဆင်းပြီး အကာအကွယ်ယူခဲ့ရပါတယ်။ အဲဒီလို ဖက်ရှင်လောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သူမရဲ့ဖက်ရှင် အပေါ်ခံယူချက်လေးတွေ၊ အယူအဆလေးတွေကို လေ့လာကြည့်ပါဦး။

ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံငုံကြည့်ပါ
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖုံးကွယ်ထားတဲ့ အ၀တ်အစားတစ်ခုတည်းထက် ခန္ဓာကိုယ်တစ်ခုလုံး ခြုံငုံထားတဲ့ အ၀တ်အစားကို အသားပေးကြည့်ပေးပါ။ 'ကျွန်မက ကိုယ်ဝတ်ဆင်ထားတဲ့ အ၀တ်အစားကို ပွဲနဲ့လိုက်ဖက်အောင် ခြုံငုံကြည့်ပါတယ်။ ပြီးမှ လိုအပ်တဲ့ Accessories လေးတွေဆင်ယင်ပါတယ်'။ ဒါက ဗစ်တိုးရီးယားလုပ်လေ့ရှိတဲ့ ဖက်ရှင်အလေ့အထတစ်ခုပါ။

ကမ္ဘာ့ဖက်ရှင်ကို လေ့လာပါ
'ကျွန်မ ဂျပန်မှာ ဈေးဝယ်ထွက်ပြီး အ၀တ်အစားကောင်းကောင်းတွေ အများကြီးဝယ်ခဲ့တယ်။ အရောင်အသွေး မျိုးစုံ၊ အဆင်ဒီဇိုင်းမျိုးစုံကိုမြင်ရတာ ကျွန်မ စိတ်ချမ်းသာတယ်။ အံ့သြဖို့ကောင်းတယ်' ဗစ်တိုးရီးယားဘက်ခမ်း အနှစ်သက်ဆုံးလုပ်လေ့ရှိတာကတော့ ခရီးထွက်တဲ့နိုင်ငံတွေကနေ ရိုးရာဝတ်စုံကို သူမရဲ့ကိုယ်ပိုင်ဟန်အနေနဲ့ ပြောင်းလဲဝတ်ဆင်လိုက်ခြင်းဖြစ်ပါတယ်။

ခေတ်အဆက်ဆက်လည်ပြန်ကြည့်ပါ
ကုန်လွန်သွားတဲ့ နှစ်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ပြန်လှန်ကြည့်ခြင်းကလည်း ဗစ်တိုးရီးယားဘက်ခမ်းရဲ့ဝါသနာ တစ်ခုဖြစ်ပါတယ်။ 'ကျွန်မ ၁၉၅၀ နှစ်တွေလောက်က ဘော်ကြယ်တွေနဲ့ ဒီဇိုင်းတွေကို ကြိုက်တယ်။ Alexander McQueen ရဲU ခေတ်ဟောင်းပုံစံ အ၀တ်အစားတွေကလည်း ကျွန်မကို မိန်းမပီသသွားစေတယ်'။

ရာသီမရွေးဝတ်ဆင်နိုင်တဲ့အ၀တ်အစားကို အသားပေးရွေးချယ်ပါ
'ကျွန်မ ရာသီလိုက် နာမည်ကြီးနေတဲ့ အ၀တ်အစားမျိုးတွေဝယ်ခဲပါတယ်'ဆိုပြီး ပြောလာသူက ဗစ်တိုးရီးယား ဘက်ခမ်းပါ။ သူမပြောသလိုပဲ သူမက ရာသီအလိုက်ပေါ်လာတဲ့အ၀တ်အစားတွေထက် ဘယ်ရာသီဖြစ်ဖြစ် ၀တ်ဆင်နိုင်တဲ့ အ၀တ်အစား၊ အဆင်ဒီဇိုင်းကို ရွေးချယ်ဖို့ အကြံပေးထားသူပါ။

အဆင်တန်ဆာဆိုတာ လိုအပ်တဲ့အရာ
မှန်ကန်တဲ့ ဖိနပ်၊ အိတ်၊ နေကာမျက်မှန်တွေက အ၀တ်အစားတစ်ခုရဲ့ အသွင်အပြင်ကို ပိုပြီးတင့်တယ်စေပါ တယ်။ အ၀တ်အစားရဲ့အသွင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ 'ကျွန်မ အပြင်ထွက်တဲ့အခါ နေကာမျက်မှန် မယူဘဲ ဘယ်တော့မှအပြင်ထွက်လေ့မရှိဘူး။ တကယ်လို့ ဒီဇိုင်နာတွေရဲ့ဈေးကြီးတဲ့အ၀တ်အစားတွေကို ၀ယ်ဝတ်ဖို့ အဆင်မပြေတဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့ အိတ်ကောင်းကောင်းတစ်လုံးကို အသားပေးရွေးချယ် လိုက်ပါ'လို့ ဆိုလာသူက ဗစ်တိုးရီးယားဘက်ခမ်းပါ။

ယုံကြည်မှုရှိစေဖို့အတွင်းခံ ၀တ်ဆင်ပါ
'ပြီးပြည့်စုံတဲ့ အတွင်းခံဝတ်စုံဆိုတာ အ၀တ်အစားဗီရိုထဲမှာ အမြဲရှိနေရမယ့်ပစ္စည်းတစ်ခုဖြစ်ပါတယ်'လို့ ဗစ်တိုးရီးယားက အကြံပြုထားပါတယ်။

ဖက်ရှင်အတွက် ရဲရင့်ပြတ်သားပါ
ဖက်ရှင်ကို တီထွင်ဆန်းသစ်နေတဲ့ ဗစ်တိုးရီးယားဘက်ခမ်းအနေနဲ့ အ၀တ်အစားဖန်တီးမှုနဲ့ ပတ်သက် လာတဲ့အခါ ရဲရင့်ဖို့အကြံပြုထားပါတယ်။ ဗစ်တိုးရီးယားက သူမ၀တ်ဆင်တတ်တဲ့ ဂျင်းဘောင်းဘီတွေ၊ ၀တ်စုံတွေကို ကိုယ်နဲ့လိုက်ဖက်အောင် ဖြတ်ညှပ်ပြီး ပြန်လည် ပြင်ဆင်ဖန်တီးလေ့ရှိပါတယ်။

အကြံဉာဏ်ရယူ
'ကျွန်မ မျက်လုံးအကြည့်တစ်ခုတည်းနဲ့တင် ဖက်ရှင်က ပြီးပြည့်စုံသွားနိုင်တာမဟုတ်တဲ့အတွက် Shopping ထွက်တဲ့အခါ ကျွန်မရဲ့သူငယ် ချင်း၊ မိတ်ဆွေတွေဆီကလည်း အကြံဉာဏ်ရယူပါတယ်' လို့ ဗစ်တိုးရီးယား ဘက်ခမ်းက ဖက်ရှင်နဲ့ပတ်သက်ပြီး အကြံပြုထားပါသေးတယ်။
crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment