ကံကောင်းခြင်းဆိုတာ အခွင့်အလမ်းတွေကို ကြိုတင်ပြင်ဆင်ခြင်းကရတာ











ကံကောင်းခြင်းဆိုတာ အခွင့်အလမ်းတွေကို ကြိုတင်ပြင်ဆင်ခြင်းကရတာ
ဖက်ရှင်ကိုစိတ်ဝင်စားတဲ့ လူတစ်ယောက်အနေနဲ့ ဒီဖက်ရှင်ကို ဖန်တီးတဲ့ ဒီဇိုင်းနာတွေရဲ့အကြောင်းကို သိချင်နေမယ်ဆိုရင် သိသင့်တယ်ပြောရင်မမှားပါဘူး။ ဒီတစ်ပတ်မှာတော့ အားလုံးသိတဲ့ Louis Vuitton  ရဲ့ ဒီဇိုင် နာချုပ်လည်းဖြစ်၊ ဒီဇိုင်းလောကမှာ မိန်းကလေး၊ ယောက်ျားလေးတွေအတွက် အ၀တ်အစား၊ လက်ကိုင်အိတ်ကအစ ဦးဆောင်သူတစ်ယောက် ဖြစ်တဲ့ဒီဇိုင်နာ Marc Jacobs နဲ့ New York fashion Week Fashion Designes Of America ကောင်စီရဲ့ ဒါရိုက်တာအဖွဲ့ဝင် Fern Mallies နဲ့ Seventeen မဂ္ဂဇင်းရဲ့ အင်တာဗျူးဖြစ်ခဲ့ပုံ အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
Marc Jacobs ရဲ့ ဘ၀အစ
ခင်ဗျားရဲ့အသက်(၁၇)နှစ်အရွယ်တုန်းက ဘ၀လေးကိုပြောပြပေးပါဦး။
၁၇ နှစ်တုန်းကလား။ အဲဒီအချိန်ကတည်းက ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ တကယ်တော့ ၁၅ နှစ်လား၊ ၁၃ နှစ်လား အဲဒီတုန်းကတည်းကပါ။ ကျွန်တော်က ဒီဇိုင်းနဲ့အနုပညာ အထက်တန်းကျောင်းမှာ ကျောင်းသားတစ်ယောက်ပေါ့။ ဖက်ရှင်ပိုင်းကို အဓိကမေဂျာယူတာပါ။ သာမန်လူတွေလိုပဲ နယူးယော့ခ်မှာ ကြီးပြင်းခဲ့တယ်။ သာမန်လိုပဲ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေထိုင်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့လူတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေ လေ့လာတယ်။ အဲဒီအချိန်မှာ လူတွေရဲ့ ၀တ်ပုံစားပုံ နေထိုင်ပုံတွေက ကျွန်တော့်ကို လွှမ်းမိုးမှုရှိတယ်။ အခုချိန်အထိ အဲဒီအရာတွေက လွှမ်းမိုးမှုရှိနေဆဲပါပဲ။
LV ရဲ့ ဘ၀အစ
ဖက်ရှင်လောကထဲ တကယ်အတည်တကျဝင်လာတဲ့အချိန်က ဘယ်အချိန်များဖြစ်နိုင်မလဲ။
ကျွန်တော့်အဘွားဖြစ်သူကို ပြောတယ်။ ဒီဇိုင်းနဲ့အနုပညာ အထက်တန်းကျောင်းကို သွားတက်ခွင့်ပေးဖို့ပေါ့။ အဘွားကလည်း လူတွေကိုလုပ်ပြောတယ်။ 'ငါ့မြေးက နောင်တစ်ချိန် ခေတ်တစ်ခုရဲ့ calvin Klein တဲ့။ ကျောင်းမှာလည်း အ၀တ်အစားကို ထွင်ပြီးဝတ်ရတာ နှစ်သက်တဲ့ Marc က Charivari ဆိုတဲ့ ဆိုင်ကလေး တစ်ဆိုင်မှာ အလုပ်လုပ်ရင်း ဒီဇိုင်နာပစ္စည်းတွေကို ၀ယ်ယူနိုင်ဖို့အတွက် ပိုက်ဆံစုဆောင်းခဲ့သူတစ်ဦး ဖြစ်ပါ တယ်။ ပိုက်ဆံစုဆောင်းသလောက်ရရှိတဲ့အခါ နာမည်ကြီး Brand တွေကို စွဲစွဲမြဲမြဲဝယ်ယူခဲ့သူတစ်ယောက် ပေါ့။ ခင်မင်ရင်းနှီးတဲ့အသိတွေ ဘယ်ခရီးထွက်ထွက် အဲဒီခရီး ကနေပြီး အမှတ်တရပစ္စည်းလေးတစ်မျိုးမျိုး မှာလိုက်ရမှ ကျေနပ်တဲ့သူပါ။

အထက်တန်းကျောင်း ပြီးတော့ Charivari မှာ လုပ်ခဲ့ရတဲ့ အချိန်ကလေးကိုပြောပြပေးပါဦး။
ကုန်ပစ္စည်းစာရင်းကောက်တဲ့ ကောင်လေးတစ်ယောက်အနေနဲ့ စတင်ခဲ့တာပေါ့။ ဆိုင်က အ၀တ်အစားတွေကို ခေါက်တယ်။ သိမ်းတယ်။ နောက်ဆုံး သူတို့ ကျွန်တော့်ကို အရောင်းဝန်ထမ်းအဖြစ် ရာထူးတိုးပေးလိုက်ကြ တယ်။ အဲဒီအလုပ်မှာတင်ပဲ ဖက်ရှင်လောကထဲက အရမ်းစိတ်ဝင်စားစရာကောင်းတဲ့လူတွေ၊ အရာတွေကို တော်တော်များများ စပြီး သတိထားမိလာတယ်။
သူ့ရဲ့ အကြံဉာဏ်
ခင်ဗျားအနေနဲ့ အခုခေတ် ဖက်ရှင်လောကထဲမှာ ဒီဇိုင်နာဖြစ်ဖို့ ကြိုးစားနေတဲ့လူတွေအတွက် အကြံဉာဏ် စကားလေး ပြောပြပေးပါဦး။
ဘယ်တော့မှ အကြံဉာဏ်မပေးဘူး။ ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပဲ မျှဝေဖြစ်တယ်။ ကျွန်တော့်အတွက် အလုပ်ဖြစ်တဲ့ အကြံဉာဏ်လေးတွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်က လူတစ်ယောက် ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သူ့ရဲ့စွမ်းအင်၊ စိတ်အားထက်သန်မှုကိုပဲ အခြေခံတယ်။ ကျွန်တော် တစ်ခုခုလုပ်ဖို့ စိတ်အားထက်သန်နေတဲ့အခါ အဲဒီအရာကို စိတ်နှစ်ပြီးလုပ်ဖြစ်တယ်။ ဘယ်တော့မှ အရှုံးမပေးဘူး။ စိတ် နှလုံးသားအားလုံး မြှုပ်နှံပြီးမှ လုပ်တယ်။ အဲဒါကြောင့် အရာရာပြောင်းလဲသွားတဲ့အတွက် ကျွန်တော့်အနေနဲ့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းခြင်းဆိုတာကလည်း အခွင့်အလမ်းတွေကို ကြိုတင် ပြင်ဆင်နိုင်ခြင်းကနေ လာတာ။ ဟုတ်တယ်မဟုတ်လား။

New York fashion Week  နဲ့ ဒါရိုက်တာ Fern Mallis ၁၇အရွယ်ဘ၀အစ
ခင်ဗျားရဲ့ ၁၇ နှစ်အရွယ်လေးကိုပြောပြပေးပါဦး
ကျွန်မက ငယ်ငယ်ကတည်းက ဖက်ရှင်က လွှမ်းမိုးမှုရှိတဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ်။ အဖေအပါအ၀င် မိသားစုဝင်တွေ အားလုံးက ဖက်ရှင်လောကထဲက လူတွေချည်းပဲ။ ကျွန်မလည်း အ၀တ်အစားတွေကို မြတ်နိုး တယ်။ ကျွန်မ ကောလိပ်တက်တုန်းက Modemoiselle ဆိုတဲ့ မဂ္ဂဇင်းကို ဆက်သွယ်ခဲ့တာ။ ဒါကျွန်မရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘ၀အစပေါ့။ ကျွန်မဘွဲ့ရတော့ အဲဒီက ဧည့်သည်အယ်ဒီတာတစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတာ။

ခင်ဗျား အဲဒီအရွယ်တုန်းက ခင်ဗျားကို လွှမ်းမိုးမှုအရှိဆုံးလူကို ပြောပြပါဆိုရင်။
အဲဒီလိုမျိုး ဆွဲထုတ်ပြဖို့က ခက်တယ်။ ဖက်ရှင်လောကထဲ လုံးဝကြီးရောက်သေးတာ မဟုတ်သေးဘူးလား။ Modemoiselle  မဂ္ဂဇင်းကနေ ထွက်လာတုန်းက ကျွန်မက ဗိသုကာနဲ့ ဒီဇိုင်းပညာရှင်အဆင့်ပဲရှိသေးတာ။ ကျွန်မနှစ်သက်တဲ့ ဗိသုကာပညာနဲ့ စတင်ရင်းနှီးကျွမ်းဝင်နေတာ ပိုများတယ်။

ကျောင်းသူဘဝ
ဗိသုကာပညာနဲ့ ပိုပြီးကျွမ်းဝင်မှုရှိတယ်ဆိုတော့ ဖက်ရှင်ကရော ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာ ပြောပြပေးပါဦး။
ကျွန်မကို ကျွန်မလည်း ဒီဇိုင်းနာတစ်ယောက်ဖြစ်လာမယ်ဆိုတာ မထင်ထားခဲ့ဘူးလေ။ အဖေက ကျွန်မကို ပြောတယ်။ ဖက်ရှင်တစ်ခုတည်း အတွက်နဲ့တော့ ကျောင်းတက်မနေနဲ့တဲ့။ ဖက်ရှင်ကိုချစ်ရင် အတန်းပညာ လိုမျိုးကို အရင်သင်တဲ့။ ပညာရေးကို အရင်လုပ်၊ ပြီးမှ ဖက်ရှင် ကိုဦးတည်တဲ့။

ခင်ဗျားအနေနဲ့ အောင်မြင်မှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အတွက် အလိုအပ်ဆုံးဖြစ်မယ်ထင်တဲ့အချက်က။
လူတိုင်းက ကိုယ်နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်မှာ ကျင်လည်စမြဲပါ။ ဒါပေမဲ့ အဲဒီလောကထဲမှာ နောက်ဆုံးဆန်ကာ တင်ကျန်ခဲ့မယ့်လူတွေဆိုတာ သူတို့ရဲ့ယုံကြည်မှုတွေကို ဘယ်တော့မှ အရှုံးမပေး တဲ့လူမျိုးတွေပေါ့။
သူမရဲ့ အကြံပြုစကား
ဒီဇိုင်နာလောကထဲမှာ ကျင်လည်ကြမယ့်သူတွေအတွက် ခင်ဗျားရဲ့ အကြံပြုစကားလေး ပြောပြပေးပါဦး။
ကျွန်မပေးချင်တဲ့ အကြံပြုစကားဆိုတာက အားလုံးကြင်နာပြီး မာနတွေချထားကြဖို့ပါနော်။ တကယ်တမ်းကျတော့ အဲဒီလိုလူမျိုးတွေပဲ အောင်မြင်နိုင်တာကိုထင်ပါတယ်။
crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment