Body Language ဟုဆိုသော အမူအရာကပြောသော ဆွဲဆောင်မှု












ခန္ဓာကိုယ်က ပြောပြနေတဲ့ ဘာသာစကားလေးတွေဖတ်တာ ခက်ခဲနက်နဲတဲ့ အလုပ်တော့ မဟုတ် ပါဘူး။ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုဟန်ပန်လေးတွေက လူတွေ ဘာစဉ်းစားနေတယ်၊ ခေါင်းထဲမှာ ဘာ ရှိနေတယ်ဆိုတာတွေကို ပြောပြပေးနိုင်၊ ခန့်မှန်းပေးနိုင်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။ မိန်းကလေး တွေအတွက်ရော၊ ယောက်ျားလေးတွေအတွက်ရောပေါ့။ ဒီခန္ဓာကိုယ် ဘာသာစကားလေးတွေက အထူးသဖြင့် ဒိတ်လုပ်တဲ့အခါ သိကိုသိထားသင့်တဲ့ လက္ခဏာလေးတွေ ဖြစ်ပါတယ်။ တချို့လက္ခဏာ လေးတွေကတော့ ယောက်ျားလေး၊ မိန်းကလေးနှစ်ယောက်စလုံးအတွက်။ တချို့က ယောက်ျားလေး အတွက် သီးသန့်၊ မိန်းကလေးအတွက် သီးသန့်ဆိုပြီး ရှိကြပါတယ်။ ဘယ်လိုအပြုအမူလေးတွေက ဘယ်လိုသဘောဆောင်နေသလဲ ဆိုတာ ဆန်းစစ်ကြည့်ရအောင်။

ယောက်ျားလေးတစ်ယောက်ရဲ့ ရင်ဘတ်
ယောက်ျားလေး ဘယ်သူ မဆို ကိုယ်စိတ်ဝင်စားတဲ့ အရာဝတ္ထု၊ လူဆီကို တည့်တည့်မတ်မတ် ကြည့်ပြီး စကားပြောရတာ နှစ်သက်ကြပါတယ်။ အဲဒါကြောင့် မိန်းကလေးတွေအနေနဲ့ သူ တကယ်လို့ ကိုယ့်ကို စိတ်ဝင်စားသလား မ၀င်စားဘူးလားဆိုတာကို ယောက်ျားလေးတစ်ယောက်ရဲ့ ရင်ဘတ်တည် နေရာကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ သူ့ရဲ့ရင်ဘတ်က ကိုယ့်ဘက်တည့်တည့်လှည့်ပြီး စကားပြော နေတာလား၊ ဒါမှမဟုတ် တခြားတစ်နေရာကို မျက နှာမူထားတာလား။ တခြားနေရာကို မျက်နှာမူထား တာဆိုရင်တော့ ကိုယ့်ကို စကားပြောနေပေမယ့် တခြားနေရာကို မျက်နှာမူထားမယ်ဆိုရင်သေချာ နေ ပါပြီ။ သူကိုယ့်ကို စိတ်မ၀င်စားဘူးဆိုတာ။

ယောက်ျားလေးတစ်ယောက်ရဲ့ လက်
ယောက်ျားလေးတစ်ယောက် က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ သူ့အနေနဲ့ ဆွဲ ဆောင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဘယ်လိုကြိုးစားမလဲ။ သူ့ရဲ့လက်နဲ့ နှုတ်ခမ်းကို ဖုံးကွယ်သယောင်လုပ် မယ်။ ဒါမှမဟုတ် နှုတ်ခမ်းလေးကို လက်နဲ့ ဖွဖွလေးဆွဲလိုက်မယ်။ ဒါဟာ ယောက်ျားလေးတွေ ကိုယ့် ကိုယ်ကိုယ်တောင် သတိမထားမိဘဲ လုပ်လေ့လုပ်ထရှိတဲ့ ခန္ဓာကိုယ် ဘာသာစကားတစ်ခုပါ။ 

ယောက်ျားလေးတစ်ယောက်ရဲ့ ဆံကေသာ
ယောက်ျားလေးတစ်ယောက်က ဆံပင်ကို အမြဲတမ်း ဖီးလိမ်းပြီးသနေမှာမဟုတ်တာတော့ သေချာ ပါတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ သူ့ကို စိတ်ဝင်စားနေစေချင်တဲ့ အခါမျိုးမှာ သူ့ရဲ့လက်တွေနဲ့ ဆံပင်ကိုသပြီး သတိထားမိအောင် လုပ်လေ့လုပ်ထရှိပါတယ်။

ယောက်ျားလေးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား
ယောက်ျားလေးတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားကလည်း မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စား ကြောင်း ပြသရာမှာ အလွယ်တကူ သိရှိနိုင်စေပါတယ်။ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားစေလို တဲ့အခါ ယောက်ျားလေးတွေက သူတို့ဘယ်လောက်ထွားကြိုင်းပြီး သန်စွမ်းတယ်ဆိုတာ ပြသဖို့ အတွက် ရင်ကိုကော့ပြီး တင်ပါးနဲ့ ခြေတောက်ကို အနည်းငယ်ကားထားပါလိမ့်မယ်။ ဒါက ခန္ဓာ ကိုယ်အချိုးလှပတဲ့ ယောက်ျားလေးတွေရဲ့ ဆွဲဆောင်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်း
မိန်းကလေးတွေအတွက်တော့ နှုတ်ခမ်းက ခန့်မှန်းရအလွယ်ကူဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက် အပေါ်စိတ်လှုပ်ရှားလာတာဖြစ်စေ သူမရဲ့ နှုတ်ခမ်းကခြောက်သွေ့သွားသယောင် ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါ နှုတ်ခမ်းကို လျှာလေးနဲ့ သပ် လိုက်တာတွေ ကိုင်လိုက်တာလေးတွေ လုပ်ပါလိမ့်မယ်။ နှုတ်ခမ်းသပ်ခြင်းက ယောက်ျားလေးတွေကို ဆွဲဆောင်ရာမှာအသုံးချတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 မိန်းကလေးတစ်ယောက်ရဲ့ ဆံကေသာ
မိန်းကလေးတစ်ယောက် သူ့ရဲ့ဆံပင်လေးတွေကို လက်ကလေးတွေနဲ့ ကစားနေတဲ့အခါ ဒါက နှစ်မျိုး ယူဆနိုင်ပါတယ်။ တစ်ခုက  ဒီလိုလုပ်နေရင်း ယောက်ျားလေးတစ်ယောက်ကို ကြည့်နေတဲ့အခါ ဒါက သူ့စိတ်ဝင်စားလာအောင် သူ့ကို စိတ်ဝင်စားတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ နောက်တစ်ခုက ဒီလိုပုံစံ မျိုးလုပ်ပြီး အခန်းထဲဟိုကြည့် ဒီကြည့်လုပ်နေပြီဆိုရင်တော့ သူမ ပျင်းရိငြီးငွေ့နေတာ သေချာပါပြီ။

သူမရဲ့ မျက်ခွံလေးတွေ
မျက်တောင်ပုတ်ခတ်ပုတ်ခတ် ခဏခဏ လုပ်တာကလည်း ရှောင်ဖယ်ထားလို့မရတဲ့ အချက်တစ်ခုပါ။ မိန်းကလေးတွေက စိတ်လှုပ်ရှားလို့ဖြစ်စေ၊ ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ရာမှာဖြစ်စေ မျက်တောင်ကို သာမန်ထက်ပိုပြီး ခတ်တတ်ကြပါတယ်။

သူမရဲ့ မျက်နှာ
မိန်းကလေးအများစုက မျက်နှာပေါ်မှာ ခံစားချက်ကို မဖုံးကွယ်ဘဲ မနေနိုင်ပါဘူး။ ယောက်ျားလေး တစ်ယောက်ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာက သာမန်ထက် ပိုတည်ငြိမ်ပြီး စိတ်ဝင်စားမှုအရိပ်အယောင်တွေ သန်းနေပါလိမ့်မယ်။ စိတ်ဝင်စားမှုကို ပြသဖို့အတွက် မျက်ခုံး၊ မျက် လုံး၊ နှုတ်ခမ်းအပါအ၀င် သူမရဲ့အသံကိုပါ အသုံးချပါလိမ့်မယ်။

အထိအတွေ့
ယောက်ျားလေး၊ မိန်းကလေး စိတ်ဝင်စားနေတဲ့ နှစ်ယောက်စလုံး က တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဖို့အတွက် အကြောင်းမရှိအကြောင်းရှာပါလိမ့်မယ်။ ဥပမာ လမ်းလျှောက်တုန်း ပခုံးချင်းတိုက် မိတာလေးတွေ၊ လက်ချင်းပွတ်တိုက်မိတာလေးတွေ။ ဒါတွေဟာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။

မျက်ဝန်းအကြည့်
 နောက်ဆုံးအနေနဲ့ ယောက်ျားလေး၊ မိန်းကလေးနှစ်ယောက်လုံး အသုံးချမှာကတော့ မျက်လုံး အကြည့်ပါ။ တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းကိုကြည့်မိလိုက်လို့ နူးညံ့သိမ်မွေ့တဲ့အရိပ်အယောင်လေး တွေ နဂိုထက်ပိုနေပြီဆိုရင်တော့ သေချာသွားပါပြီ။ သူကိုယ့်ကိုစိတ်ဝင်စားနေတယ် ဆိုတာ။
Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment