ဂျက်ကီချန်း ဂုဏ်ထူးဆောင် အော်စကာဆုချီးမြှင့်ခံရ









ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ ၁၂-၁၁-၂၀၁၆ နေ့ညက ၂၀၁၇ ခုနှစ် အော်စကာဆုနှင်းသဘင် အကြိုအဖြစ်ကျင်းပတဲ့ အဌမအကြိမ်မြောက် ပြည်နယ်အုပ်ချုပ်ရေးမှူးများ ဆုနှင်း သဘင်မှာ ဂုဏ်ထူးဆောင်အော်စကာ ဆုချီးမြှင့်ခြင်းခံရပါတယ်။ အဲဒီညက တခြားဝါရင့် အတတ်ပညာရှင်ကြီး တချို့ကို အလားတူဆုတွေချီးမြှင့်ပြီး ဂျက်ကီ့ကို နောက်ဆုံးကျမှ တွမ်ဟင့်(ခ်)၊ မီရှဲ(လ်) ယိုးနဲ့ ခရစ္စတပ်ကာတို့က ဆုပေးအပ်ကာ မုဒိတာစကားတွေ ပြောကြားကြပါတယ်။ ''ဂျက်ကီချန်းဟာ အော်စကာဆုသမိုင်း တစ်လျှောက်နေရာ ပေးခံရလေ့မရှိတဲ့ သိုင်းဇာတ်ကားတွေနဲ့ ဟာသအက်ရှင် ဇာတ်ကားတွေ အများဆုံးရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အခု သူ့ကို ဒီဆုပေးတာကြောင့် အော်စကာဆုရွေးချယ်ရေးအဖွဲ့ကြီးဟာ သူ့တစ်သက်တာစွမ်းဆောင်မှုတွေကို အသိအမှတ်ပြုဖို့ အခွင့်အရေးရ မှာပါ''လို့ ပင့်(ခ်)က ပြောပါတယ်။ မီရှဲ(လ်)ယိုးက ဂျက်ကီရဲ့ ဇာတ်ကားတွေ ထဲက အကောင်းဆုံး အခန်းတွေကို စုစည်းထားတဲ့ မှတ်တမ်းဗွီဒီယိုကို မိတ်ဆက်ပြသပြီး Rush Hour ဇာတ်ကားတွဲမှ တွဲဖက်မင်းသား ခရစ္စတပ်ကာက အော်စကာဆုကို ဂျက်ကီလက်ထဲ ပေးအပ်ပါတယ်။ ''ကျွန်တော့် အဖေက အမြဲပြောလေ့ရှိတယ်။ ငါ့သားမင်း ဆုတွေအများကြီးရထားပေမယ့် အော်စကာ ဘယ်တော့ရမလဲတဲ့။ ကျွန်တော်က ဟာသအက်ရှင်ဇာတ်ကားတွေပဲ ရိုက်တာပါ အဖေလို့ ကျွန်တော် ဖြေခဲ့ရတယ်''လို့ ဂျက်ကီကပြောပြီး ဧည့်ပရိသတ်အားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။
Share on Google Plus

0 comments:

Post a Comment