အမေ့မေတ္တာဈေးခြင်းတောင်း
(Royal)
ဒီတစ်ပတ်တော့
မစားဖြစ်တာကြာနေတဲ့ ကြက်သားအာလူးဆီပြန်လေးကို မဆလာနိုင်နိုင်လေးနဲ့ နှပ်ချက်လေးချက်မယ်။
အအီပြေ ရှောက်သီးသုပ် ချဉ်ချဉ်စပ်စပ်လေး ချက်မယ်။ ပြီးတော့ မယ်တော်မားသားအကြိုက် ပိန်းကြက်ဥလေးကို
ဟင်းခါးလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ အရသာစုံစုံလင်လင်လေးနဲ့ ဆီပြန်လေးလည်းပါ အသုပ်လေးနဲ့
ဟင်းခါလေးပါဆိုတော့ မယ်တော်မားသားနဲ့ကျွန်တော်သားမိနှစ်ယောက်ကတော့ စားလို့မြိန်ဦးမှာ
အသေအချာပဲပေါ့ဆွေမျိုးတို့ရာ။
ကြက်သားအာလူးဆီပြန်
ကြက်သားကိုအတုံးခပ်ကြီးကြီးလေးတုံး၊
ဆားလေးသင့်ရုံနဲ့သကြားနည်းနည်းထည့်နယ်ပြီး ခဏနှပ်ထား။ အာလူးအလုံးခပ်လတ်လတ်လေးတွေကို
အခွံခွာ ထက်ခြမ်းခြမ်းပြီး ကျက်ရုံလေးကြော်ထား။ ဇီယာကိုအရင်ညက်အောင်ထောင်းပြီးမှ ကြက်သွန်နီကြက်သွန်ဖြူ၊
ငရုတ်သီးအရောင်တင်မှုန့်လေးထည့်ပြီးထောင်း။ အားလုံးရောထောင်းထားတာကို နနွင်းမှုန့်နည်းနည်းထည့်ပြီးဆီသတ်။
မွှေးလာမှ မုန်ညင်းစေ့လေးနဲ့ ကရဝေးရွက်လေးပါထည့်မွှေပေး။ ပြီးမှနှပ်ထားတဲ့ကြက်သားထည့်ပြီး
ရေခန်းတဲ့အထိနာနာလေးလုံးပေး။ ပြီးရင် အာလူးပါထည့်လုံး။ ရေနည်းနည်းချင်းထည့်ပြီး ကြက်သားရော
အာလူးပါနူးတဲ့အထိတည်ထား။ အရသာလိုအပ်ရင် ကြက်သားမှုန့်လေးထည့်။ ဆီပြန်လာပြီဆိုမှ မဆလာလေးအပေါ်ကနေဖြူးပေးလိုက်မယ်ဆိုရင်
မွှေးမွှေးလေးနဲ့စားလို့ကောင်းမှကောင်းတဲ့ ကြက်သားအာလူးဆီပြန်ဟင်းတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။
ရှောက်သီးသုပ်
ရှောက်သီးသုပ်ရော
ပိန်းဥဟင်းခါးပါ ပုစွန်လေးသုံးမှာဆိုတော့ ခွာထားတဲ့ပုစွန်လေးတွေကို ခပ်ခြောက်ခြောက်လေးဖြစ်တဲ့အထိ
လှော်ထားလိုက်မယ်။ ရှောက်သီးကို အရမ်းမမှည့်သေးတာလေး မယ်တော်မားသားက ရွေးဝယ်လာပေးတယ်။
ဒါမှရှောက်သီးက အရမ်းလည်းမချဉ်ဘဲ သုပ်တဲ့အခါ ပိုစားကောင်းတာပေါ့နော်။ အမွှာလေးတွေဖဲ့တဲ့အခါလည်း
ပိုအဆင်ပြေတာပေါ့။ မီးပြထားတဲ့စိမ်းစားငါးပိလေးနဲ့ ခုက ပုစွန်လှော် ဆယ့်လေးငါးကောင်လောက်ကိုရောပြီး
မညက်တညက်ထောင်းထား။ ငရုတ်သီးစိမ်းနဲ့ကြက်သွန်နီကိုလည်း ခပ်ပါးပါးလှီးထား။ ရှောက်သီးလေးတွေကို
အမွှာလေးတွေရအောင် မွှထား။ ပြီးရင်အားလုံးရောပြီး ခပ်ဖွဖွလေးနယ်။ ပိုလည်းမွှေး၊ အရောင်လည်းလှအောင်
ငရုတ်သီးလှော်မှုန့်လေးပါ နည်းနည်းထည့်လိုက်ရင် စားလို့ကောင်းမှကောင်းတဲ့ ရှောက်သီးသုပ်တစ်ပွဲရပြီပေါ့။
ပိန်းဥဟင်းခါး
ပိန်းဥလေးတွေကို
အခွံခွာ ရေဆေးပြီး အတုံးခပ်သေးသေးတုံးထား။ ရေဆူလာရင် အားလုံးထည့်ပြီး ပိန်းဥလေးနူးလာတဲ့အထိတည်ထား။
အရသာအပေါ့အငန်အတွက်ကတော့ ငါးငံပြာရည်လေးပဲ ထည့်တာပေါ့နော်။ သူ့ကိုတော့ ရေပွက်ပွက်ဆူလာမှထည့်။
ဒါမှ ဟင်းခါးမှာငံပြာရည်နံ့ကြီးထွက်မနေမှာပေါ့။ ပိန်းဥလေးလည်းနူး၊ အရသာလေးလည်းစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့
ပိန်းဥဟင်းခါးပူပူမွှေးမွှေးလေးရပြီပေါ့။
ဒီတစ်ပတ်တော့ဒီလောက်ပဲ
ချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့။
အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment