ကြက်သား ငရုတ်သီးစိမ်းချက်၊ မရွတ်ခရုသောက်ဆမ်း၊ ပဲပင်ပေါက်ချဉ်သုပ်…Mom's Meal




ဒီတစ်ပတ်တော့မိုးအေးအေးလေးနဲ့ လိုက်ဖက်မယ့်ဟင်းပွဲလေးတွေချက်မယ် စိတ်ကူးတယ်။ မယ်တော်မားသားမေးတော့လည်း မစားရတာကြာနေတဲ့ ကြက်သားငရုတ်စိမ်းချက် စပ်စပ် လေးချက်စားရအောင်ဆိုတော့ အသားဟင်းဆီ ပြန်လေးတော့ရပြီပေါ့နော်။ အရည်သောက်ကျ မယ်တော်မားသားနဲ့ ဈေးလိုက်ရင်းတွေ့တဲ့ ရှားရှား ပါးပါး မရွတ်ခရုတွေရတာကြောင့် ကြက်သဟင်း ရွက်လေးနဲ့ သောက်ဆမ်းအချိုလေးချက်လိုက်မယ်။ ပြီးတော့ ပဲပင်ပေါက်ချဉ်ကောင်းတာလေး တွေ့လို့ သုပ်လိုက်မယ်ဆိုဝယ်ပြီး သားမိနှစ်ယောက် ဈေးကနေပြန်လာတယ်ပေါ့နော်။

ကြက်သားငရုတ်စိမ်းချက်
ဗမာကြက်ကိုပဲသုံးပါ့မယ်။ အတုံး ခပ်သေးသေးလေးတွေတုံးထားပြီး စိမ်းစားငါးပိ၊ နနွင်းထည့်နယ်ပြီး ခဏနှပ်ထား။ ပြီးရင် ကြက်သွန်နီ ဥသေးသေးလေးတွေကို ခပ်များ များလေးအခွံခွာ ရေဆေးဓားရာပေးပြီး ကျက်ရုံ အရင်ကြော်၊ ကျက်ရင် ဆီစစ်ပြီးပြန်ဆယ်ထား။ ကြက်သွန်နီကြော်ထားတဲ့ဆီထဲကို ခုနကနှပ် ထားတဲ့ ကြက်သားထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးမှ ရေနည်းနည်းချင်းထည့်ပြီး နူးတဲ့အထိတည်။ ကြက်သားတ၀က်လောက် ကျက်ပြီဆိုရင် ခုနကကြော်ထားတဲ့ကြက် သွန်နီကြော်ထည့်ပြီး ကြက်သားလည်းနူး။ ကြက်သွန်နီဥလေးလည်း အိအိလေးဖြစ်တဲ့ အထိထား။ အရသာအပေါ့အငန်လိုရင် ဆားနဲ့ ငါးငံပြာရည်လေးသင့်တော်ရုံထည့်။ ဆီလေးပြန်ပြီး ရေခန်းခါနီးရင် မညက်တညက်ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့်။ ရေစင်စင်ဆေးပြီး ခြွေထားတဲ့ နံနံပင်လေးအုပ်လိုက်ရင်စားလို့ကောင်းမှကောင်းတဲ့ ကြက်သားငရုတ်သီးစိမ်းချက် ဟင်းတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။

မရွတ်ခရုသောက်ဆမ်း
အရင်ဆုံးဘာဟင်းမှမချက်သေးခင် စိမ်းစားငါးပိ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်ကို ရေများများလေးနဲ့ ဆူအောင်တည်၊ အနည်တွေပြန် ထိုင်သွားအောင် ခပ်ကြာကြာလေးထားထား၊ မရွတ်ခရုကိုရေစင်စင်ဆေးဖင်တွေဖြတ်ထား။ ဒါမှစားတဲ့အခါ စုပ်လို့ရမှာမို့ပါ။ ခုနက အနည် ထိုင်အောင်ထားထားတဲ့ ငါးပိကြိုထဲက အောက်က အနည်တွေမပါအောင် အပေါ်အရည်ကြည်လေးပဲ ခပ်ယူပြီးဆူအောင်တည်။ ဆူလာပြီဆိုမှ ရှမ်းကြက်သွန်ဖြူအသေးလေးတွေကိုအခွံမခွာဘဲ ရေစင်စင်ဆေး ဓားပြားရိုက်ထားတာထည့်၊ ဖင်ဖြတ် ရေစင်စင်ဆေးထားတဲ့ မရွတ်ခရုတွေထည့် အရသာ အပေါ့အငန်လိုအပ်ရင် ဆားလေး နည်းနည်းထည့်။ မရွတ်ခရုတွေထည့်ပြီး ငါးမိနစ်လောက်နေရင်ခြွေပြီး ရေစင်စင်ဆေး ရေစစ် ထားတဲ့ကြက်သဟင်းရွက်လေးအပေါ်ကနေထည့်ပြီး ဟင်းရည်ပြန်ဆူလာတာနဲ့ မီးဖိုပေါ်ကနေချလိုက်ရင် စားလို့ကောင်းမှကောင်းတဲ့ မရွတ်ခရုသောက်ဆမ်း ဟင်းပွဲရပါပြီ။

ပဲပင်ပေါက်ချဉ်သုပ်
ကြက်သားငရုတ်စိမ်းချက်မှာ အစပ်ပါနေပြီ ဆိုတော့ ပဲပင်ပေါက်ချဉ်ကိုတော့ ချိုချဉ်လေးပဲ သုပ်လိုက်တော့မယ်။ ပဲပင်ပေါက်ချဉ်ကို သေချာ သန့်ပြီးရေညှစ်ထား။ ကြက်သွန်နီကို မထူမပါးလေး လှီးပြီး ရေဆေး ရေပြန်ညှစ်ထား။ ငရုတ်သီးစိမ်း လေးကိုလည်း အနံ့ပါရုံလေးထည့်ဖို့ ခပ်ပါးပါး နည်းနည်းလှီးထား။ ပြီးရင် အားလုံးရောပြီး မြေပဲဆီ မွှေးမွှေးလေးထည့်၊ ဆားလေးသင့်ရုံထည့်နယ်။ ပုဇွန်ခြောက်မှုန့်လေးလည်းထည့်ချင်ထည့်ပေါ့နော်။ အရသာအပေါ့အငန်စိတ်ကြိုက်ရပြီဆိုမှ အပေါ်က နေ နှမ်းနက်လှော်လေး ဖြူးပေးလိုက်ရုံပေါ့။ ဒါဆိုရင်တော့ ကြက်သားငရုတ်စိမ်းချက်၊ မရွတ်ခရုသောက်ဆမ်းလေးနဲ့ တွဲဖက်စားလို့လိုက်တဲ့ ပဲပင်ပေါက်ချဉ်သုပ်လေးရပြီပေါ့။
ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြတာပေါ့ ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ဖို့ပြန်ဆုံကြတာပေါ့။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ…။

Royal
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

 
Share on Google Plus

0 comments:

Post a Comment