ကားက တိုက်တိုင်းလည်းလေအိပ်မပွင့်နိုင်ပါ…ကိုသက်






Seat Belts Are Forever
ကျွန်တော့်ကားမိတ် ဆွေများအတွက် စေတနာအရင်းခံလေးနဲ့ရည်ရွယ်ကာ ဒီအကြောင်း လေးတွေကို ထဲထဲဝင်ဝင်သိစေချင် လို့တင်ပြပေးလိုက်ပါတယ်။
တစ်ခါတစ်ရံသစ်ပင်ဖြောင့်ရင် အတက်ရခက်စကားဖြောင့်ရင် အကြားရခက်ဆိုတာကိုကြိုပြောထားရပါရစေ။ ဒေါသသံလေးပါခဲ့ရင်လည်း ဂရုဏာနဲ့ပြောလိုက်တဲ့ဂရုဏာ ဒေါသောအသံပဲဖြစ်မှာပါလို့ အာမခံပါတယ်။
မြန်မာပြည်က လူအများခေတ်မီကားများကိုထဲထဲဝင်ဝင်သိ လာတာစီးဖူးလာကြတာ ၃ နှစ် လောက်ပဲရှိပါသေးပါတယ်။ လွန်ခဲ့ တဲ့ ၂၀၁၃ လောက်ကြမှ EFI ကားများကို Ontane-ဆီများနဲ့ ရွှီးကနဲတကယ်မောင်းဖူးကြပါတယ်။ ဟိုနာမည်ကြီးတဲ့ အမြန်လမ်းကြီးကလည်း ခေတ်မီကားများနဲ့ ၁နာရီကိုကီလိုမီတာ ၁၀၀ ကျော် အေးဆေးမောင်းနိုင်ဖို့အချိန်ကိုက် ပေါ်ပေါက်လို့လာပြန်တယ်။ လူ့အ မှားကားအမှား လမ်းအမှားကြောင့် သေလိုက်တဲ့လူတွေလည်းသောက်သောက်လဲနောက်သောက်သောက် မလဲအောင်ဆင်ခြင်သတိပြုနိုင်ရင်ရပါတယ်။
အမြန်လမ်းကြီးထဲထဲဝင်ဝင် စဖွင့်ကတည်းအချိန်ကစလို့ ခုစာရေး နေတဲ့အချိန်အထိ လူသေတာ ၆၀၀ ကောင်းကောင်းကျော်သွားပါပြီ။ နာမည်ကြီးအမြန်လမ်းကြီး အရှည်ကအတိအကျဆိုရင် ၃၆၆ မိုင်နဲ့ ၃ဖာလုံရှိပါတယ်။ သင်္ချာနည်း အရပျမ်းမျှတွက်ပြရရင် ၁ မိုင် လူ ၂ယောက် နည်းပါးသေနေတယ်ပေါ့။
အထူးသိစေချင်တာကတော့ အမြန်လမ်းနဲ့ပတ်သက်သမျှအဖွဲ့ အစည်းအားလုံးကဖြစ်သမျှပျက် သမျှမှတ်တမ်းတင်ထားရပါတယ်။
နှစ်တစ်နှစ်မှာ ပထမ ၃ လ ပတ်တိုင်းကို ဆားဗေးဆင်းထားရပါတယ်။ ပြီးတော့ ၁နှစ်လုံးအတွက် စာရင်းချုပ်ထားတယ်။ သိသင့်တာလေးမို့ ပြောပြလိုက်ပါမယ်။
(၂၀၁၄ တစ်နှစ်လုံး)
မတော်တဆမှုပေါင်း - ၄၁၂မှု
သေဆုံး - ၁၅၇
ဒဏ်ရာရ - ၇၆၆
(၂၀၁၅ တစ်နှစ်လုံး)
မတော်တဆမှုပေါင်း - ၄၅၃မှု
သေဆုံး - ၂၄
ဒဏ်ရာရ - ၁၀၃၃
(၂၀၁၆-၃လပတ်-မတ်လ-၃၁-ရက်အထိ)
မတော်တဆမှုပေါင်း - ၁၇၄မှု
သေဆုံး - ၄၁
ဒဏ်ရာရ - ၂၈၀
သေချာကြည့်လိုက်တော့ ၂၀၁၆ ပထမ-၃လပတ်စာရင်းထဲ က လူသေနှုန်းက ၂၀၁၅-တစ် နှစ်လုံးမှာသေဆုံးသူဦးရေ ၂၄ ယောက်ထက်ပိုနေတာကိုတွေ့လာရပါတယ်။
၄၁ယောက်ဆိုတာနဲ့မှတ်လို့ ခုပြောတဲ့အချိန်မှာ ဒီထက်များနေပါပြီ။ ဒီနေ့ပဲ၂ ယောက်သေပြန်ပြီ။ ထုံးစံအတိုင်းCG မြင့်တဲ့ Surf ကားပါပဲတဲ့။ မဟုတ်တဲ့နေ ရာမှာတိုးတက်လာIncrease ဖြစ်လာတာကြည့် ကြပါဦးဗျာ။ မတော်တဆဖြစ်စဉ် အားလုံးအရေအတွက်ဟာလည်း ၂၀၁၅ ၃လပတ်စာရင်းထက် ၉၈ မှုအသာစီးရနေတာကိုတွေ့ရတော့ ထိခိုက်မှုမဖြစ်ဖို့အရေးမလျှော့ချနိုင်လို့ကတော့ ၂၀၁၆ နှစ်ကုန်စာရင်း သာချုပ်ပေးရရင်တော့ မတွေးရဲပါဘူးဗျာ။
ပထမလမ်းကြောင့်ပြောတယ်။
ဒုတိယယာဉ်ကြောင့်ပြောတယ်။
တတိယ လူကြောင့်ပြောပြန်တယ်။
ဘာကြောင့်ဖြစ်ဖြစ် လူသေရရင်အဆိုးဆုံးပါ။
လမ်းလည်း လူကလုပ်ထားတာပါ။ ယာဉ်ကိုလည်းလူကလုပ်ထားတာပါပဲ။ ယာဉ်ကိုမောင်းတာ လည်းလူပါပဲဆိုတော့ နောက်ဆုံး ကောက်ချက်ချလိုက်ချင်တာကတော့ လူပဲအဓိကပါပဲလို့လည်း ပြောလိုက်ပါတော့တယ်။
ငယ်ငယ်တုန်းကကြားဖူးတဲ့ ပုံပြင်လေးကိုပြောပြလိုက်မယ်။ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသားအချင်းချင်း အမြဲရန်ဖြစ်ကြတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ်ငပွကြီးဆိုတဲ့ ဘုန်းကြီး ကျောင်းသားအမြဲပါတယ်။ ဒီတော့ ရန်ဖြစ်သံကြားတိုင်း ဘုန်းကြီးက ခု ဖြစ်တဲ့ ၂ ယောက်မှာ ဟိုကောင့် နာမည်မပြောနဲ့အခြားတစ်ယောက် နာမည်ပဲပြောပေတော့ဆိုပြီး ၂-ယောက်စလုံးကိုခေါ်ပြီး ကြိမ်နဲ့ရိုက်ပါတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ လည်းငပွကြီးအကြောင်းမပြောတော့ဘဲ အခြားကျောင်းသားများအကြောင်း ပဲပြောပါတော့မယ်။ ငပွကြီးဆိုသူ လည်းလူတိုင်းနဲ့ရန်ဖြစ်နေရလို့နာ မည်ပျက်နေပါပြီ။ ဘုန်းကြီး ရိုက် တဲ့ကြိမ်လည်းခံနေရပါပြီ။ ငပွကြီးကိုလည်း အားနာလှပါသည်။ ဒါကြောင့် ငပွကြီးကလွဲလို့အခြား ကျောင်းသားများ အကြောင်းပြောကြရအောင် ကားတစ်စီးလမ်းပေါ်မှာအမြန်နှုန်းတစ်ခုနဲ့မောင်းနေပြီ ဆိုလျှင်အခြားလှုပ်ရှားနေသော အရာတစ်ခုသို့မဟုတ်တည်ငြိမ်သော အရာတစ်ခုတို့ပြင်းထန်စွာတိုက်မိ ခြင်းတို့ အချိန်မရွေးဖြစ်နိုင်ပါတယ်။
ဒါကို Collsion လို့ခေါ်ပါတယ်။ စွန့်စားမှုတစ်ခုနဲ့မောင်း နေရတယ်စီးနေရတယ်ဆိုပါတော့။ ဒီလိုဖြစ်ခဲ့ရင် တတ်နိုင်သလောက် ထိခိုက်မှုနည်းအောင် ကားကုမ္ပဏီတို့က တီထွင်ကြံဆပေးရတယ်။
ကားအားလုံးမှာလည်း ထိုင် ခုံသက်ကယ်ခါးပတ်နဲ့အဲယားဘက် ဆိုတာလည်းပါလာကြတယ် ထိုင်ခုံခါးပါတ်က ကနဦးရှေးမဆွက တည်းကပေါ်လာတာကြာပါပြီ။
လေအိတ်ဆိုတဲ့ Airbag ကတော့ တော်ဝင်မင်းသမီး ဒိုင်ယာနာကားတိုက်ပြီး သေပြီးကတည်းက ကားလောကမှာထူးခြား စွာနိုးထလာခဲ့ပါတယ်။
၁၉၉၆ MdIနောက်ပိုင်းကားများကစလို့ Airbag ပါလာကြတာများပါတယ်။ ကားတိုင်းမပါမဖြစ် ပါကြစေဖို့သက်ဆိုင်ရာကညွန်ကြားပေးထားပါတယ်။
ထိုင်ခုံခါးပတ်ကို Safety Seat Belt သက်ကယ်ခါးပတ်လို့ခေါ်ပေမယ့် အခုနောက်ပိုင်းခေတ်စားလာတဲ့ လေအိတ်ကို Airbag လို့ တိုက်ရိုက်မခေါ်ဘဲ SRS Airbag လို့ခေါ်ပေးထားတာထူးခြားနေပါတယ်။
အတိအကျအဓိပ္ပါယ်က Supplemental Restraint System Airbag လို့ပြောပါတယ်။နောက်ဆက်တွဲအဖြစ် ထပ်မံဟန့် တားထိန်းချုပ်ခြင်းလို့အဓိပ္ပာယ်ရနေပါတယ်။
ဒီတော့မူရင်း အဓိက Primary သက်ကယ်စနစ်ကသူမဟုတ်ဘူးဆို တာပေါ်လွင်နေပါတယ်။ ခုပြောတဲ့ သက်ကယ်လေအိတ်စနစ်ကို လူက အဓိကအားကိုးလို့မရပါဘူးလို့ပြောရင်ရပါတယ်။ ကားထိခိုက်မှု တစ်စုံတစ်ရာကြောင့်လူကို တကယ်ကာကွယ်ပေးနိုင်မှာကတော့ ရာနှုန်းပြည့်မဟုတ်တောင် အတတ် နိုင်ဆုံးကာကွယ်ပေးနိုင်မယ့် အရာကတော့ ထိုင်ခုံသက်ကယ်ခါးပတ် ပါပဲ။ ဒီစနစ်ကိုပြုလုပ်ထားတာလည်း ရိုးရှင်းပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။
သင်ကားမမောင်းခင် ထိုင်ခုံ ခါးပတ်ကိုသေချာစွာကလစ်ဆိုတဲ့ မြည်သံကြားတဲ့အထိပတ်လိုက်ပါ။ သင့်ကိုယ်လုံးအနေထားအရ သက်သောင့်သက်သာပတ်နိုင်တာကိုတွေ့ရမယ်။ ပခုံးပေါ်ကကြိုးကိုကိုယ် ပေါ်သိုင်းလာတဲ့အထိလွယ်ကူစွာလို သလောက်ထွက်လာမယ်။
အဓိကခါးအောက်ပိုင်းပေါင် အပေါ်ကိုတော့ အသင့်အတင့်တင်းကြပ်ပြီးထိုင်ခုံမှာချုပ်ထားပေးလိုက်ပါပြီ။ ပခုံးပေါ်ကစလွယ်သိုင်းကြိုး ကတော့ လိုတိုးပိုလျှော့ကြိုက်သလိုလုပ်နိုင်ပါသေးတယ်။
လူအများက သေချာစွာမလေ့လာထားမိတော့ ရိုးရှင်းစွာတွေးထားဖူးတယ်။ ထိုင် ခုံနဲ့လူကိုကြိုးနဲ့ချည်သလိုလုပ်ထားတော့ ဘာဆန်းသလဲပေါ့။
ကားမှောက်ရင် လူတခြား ထိုင်ခုံတခြားမဖြစ်အောင် ချည်ထားလို့ လူကထိုင်ခုံနဲ့တစ်ပါးတည်းတွဲလျက်နေမယ်။ ဒါကြောင့် မို့ထိခိုက်မိရင်ထိခိုက်မှုနည်းမယ်။
အထူးသဖြင့်ကားအပြင်ကိုလွင့် စင်မထွက်နိုင်ဘူး။ ကားထဲမှာ လူကဂျွမ်းထိုးမှောက်ခုံမဖြစ်နိုင်ဘူးလို့ပဲရိုးရှင်း စွာထင်ခဲ့ကြပါတယ်။
လေယာဉ်ထိုင်ခုံဆိုရင်တော့မှန်ပါတယ်။ စလွယ်သိုင်းတစ်ခုမပါလို့ တကယ်တော့ ကားထိုင်ခုံသက် ကယ်ခါးပတ်စနစ်ကိုတီထွင် ထားတာ နည်းပညာအဆင့်မြင့်ပါတယ်။ လူရဲ့ခါးကိုချုပ်နှောင် ထားတာကတော့မြင်တဲ့အတိုင်းပဲ ထားပါတော့။ ပခုံးကိုစလွယ်သိုင်းလာတဲ့ အပိုင်းမှာတော့ ခါးပတ်အိမ်ထဲမှာ တင်းအားကိုအာရုံခံတဲ့ Tension Lever ဆိုတာ အခြေခံမူနဲ့တစ်မျိုး အဆင့်မြင့်လျှပ်စစ်စ နစ်နဲ့တစ်ဖုံတီထွင်ထုတ်လုပ်ထားကြပါတယ်။
မိတ်ဆွေတို့ ဂျပန်တစ်ပတ်ရစ်ကား နှစ်ပတ်ရစ်ကားများက ခါးပတ်များကိုစမ်းကြည့်နိုင်ပါတယ်။
ထိုင်ခုံခါးပတ်ကို ကလစ်ဆို ထိုးပြီး ပခုံးပေါ်ကစလွယ်သိုင်းကြိုးကို လက်တစ်ဖက်နဲ့ဖြေးဖြေး မှန်မှန်ဆွဲလိုက်ပါလိုချင်သလောက် ထပ်ထွက်လာပါလိမ့်မယ်။
အဲ…ရုတ်တရက်ဇတ်ကနဲ ဆောင့်ဆွဲကြည့်လိုက်ပါ။ ပခုံး ပေါ်ကစလွယ်သိုင်းကြိုးထပ်မထွက်နိုင်တော့ပါဘူး။ ရောက်တဲ့နေရာ မှာတင်းလျက်ရှိသွားပါလိမ့်မယ်။ တင်းအားလေးကိုပြန်လျှော့ပြီး ဆွဲ ကြည့်လိုက်ကြိုးကလိုသလိုထပ်ထွက်ပါလိမ့်မယ်။
လက်နဲ့မဆွဲဘဲ ကိုယ်မှာပတ်ပြီး သကာလကိုယ်ကိုဆတ်ကနဲရှေ့ကို ယိမ်းကြည့်လိုက်ပါဦး ကြိုးမတင်း ပေးပါဘူး။ အလိုက်သင့်ရှည်ထွက်ပါလိမ့်မယ်။
ဒါပေမဲ့တကယ့်ကိုကားတိုက် မှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့ရင်တော့ ပခုံးပေါ်ကစလွယ်သိုင်းကြိုးကလူတစ် ကိုယ်လုံးကို တင်းကျပ်စွာလှမ်းချုပ်ထားပေးပါလိမ့်မယ်။
ဒါကိုပြောချင်တာTension Lever ဆိုတဲ့ ကိရိယာကတကယ် အာရုံခံအလုပ်လုပ်ပေးမယ်ဆိုတာ ပြောချင်တာပါ။
ကားရယ် ထိုင်ခုံရယ်၊ လူရယ်၊ အားလုံးပေါင်းကို ဒြပ်ထုတစ်ခုလုံး သဘောထားက တစ်ပြိုင်နက် ရွေ့နေရာက ရုတ်တရက်ရပ်လိုက်မှ အီနားရှားသဘောနဲ့ Tension Lever က အာရုံအမှန်ခံပြီးကြိုးကို တင်းပေးလိုက်မှာပါ။
ဒါကိုအဓိကပြောချင်တာ ထိုင်ခုံသက်ကယ်ခါးပတ်က Primary မူလပထမအဓိက လူကိုကာကွယ်နိုင်ပါမယ်။ မောင်းသူဆိုပါက လက်ကိုင်ဂွေနဲ့ရင်ဘတ်ခေါင်းတို့ မဆောင့်အောင်လှမ်းဆွဲပေးမယ်။ နောက် ဆက်တွဲဟန့်တား ထိန်းချုပ်မယ့် လေအိတ်ကကားတိုက်တိုင်းမပွင့်နိုင်ပါဘူး။ ကားမှာတတ်ထားတဲ့ အာရုံခံဆင်ဆာက အာရုံခံနိုင်တဲ့ အဆင့်ရောက်မှ လေအိတ်ပွင့်နိုင်ပါလိမ့်မယ်။ လေအိတ်က ရာနှုန်းပြည့်ပွင့်မယ်ထားဦး လူကခါးပတ် မပတ်ထားရင် လူတခြား လေအိတ် တခြားဆိုရင်လည်း စဉ်းစားကြည့်။ ခါးပတ်မပတ်ထားတဲ့လူမို့ရှေ့ကို ပြေးဆောင့်မယ်။ လေအိတ်က လည်းရုတ်တရက်လာတွန်းမယ်။ ဘာပဲပြောပြော ရင်ဝကိုခေါင်းအုံးနဲ့ ရိုက်သလောက်တော့ခံရလိမ့်မယ်။ ခံနိုင်ရည်မရှိသူအဖို့ ရင်ဘက်အောင့် သွားမှာမို့ အသက်ရှုဖို့တောင်ခက် ခဲသွားမယ်။ ဒါကြောင့် ခါးပတ် ကိုပတ်ထားဖို့ အဓိကပြောချင်တာပါ။ ခါးပတ်ပတ်ထားခဲ့ရင် လေအိတ်မပွင့်လည်းထိုင်ခုံနဲ့ လူနဲ့ချုပ်ပြီးသားမို့ ရှေ့ကအရာတွေနဲ့ လဲဆောင့်ဖို့လည်း မရှိနိုင်တော့တဲ့ အခြေအနေ။ ကားဂျွမ်းပြန်လိမ့် မှောင့်ခဲ့ရင်လည်း လူကတခြားကို လွင့်စင်သွားဖို့မရှိနိုင် တော့ဘူးပေါ့။ ဒါဆိုအသက်ရှင်ဖို့ လက်ကျန်အခွင့် အရေးရနိုင်ပါသေးတယ်။ လက်ရှိကြားနေရသော သတင်းများအရ ကားမှာတပ်ဆင်ထားတဲ့ ထိုင်ခုံခါး ပတ်နဲ့ပတ်သက်လို့ Error တက် လို့သက်ဆိုင်ရာ ကားများက Recall ခေါ်တယ်မကြားမိသေးပေမယ့် ဂျပန်ကားအားလုံးနီးပါးနဲ့ အခြားနာမည်ကြီးကားများကို တပ်ဆင် ပေးနေတဲ့ TAKTA ဆိုတဲ့ လေအိတ်ကုမ္ပဏီတပ်ထားတဲ့ ကားအချို့ Gas ဗူးအလိုလိုထပေါက် ကုန်လို့ မှန်ကွဲ လူသေကာ ထိခိုက် မိတဲ့လူလည်း ၁၀ဦးထက်မနည်း ရှိပြီလို့သိရပါတယ်။ လေအိတ်ပွင့်ဖို့ အရေး ထောက်လှမ်းရေးကရိယာမျိုးစုံက တွက်ချက်ကာ လုပ်ဆောင်ပေးရတယ်။ ကားကတိုက်တိုင်းလည်း လေအိတ်မပွင့်နိုင်ပါ။ ဒါပေမဲ့ ခါးပတ်ကတော့ ပတ်ထားခဲ့ရင် ကျိန်းသေလူကိုလှမ်းဆွဲထားမှာပါ။ ဒါကြောင့်ထိုင်ခုံခါးပတ်ကို Primary အဖြစ်အားကိုးဖို့တိုက် တွန်းလိုက်ရ တာပါ။
ခါးပတ်ပတ်ဖို့အကြောင်းကို ပြောနေရတာ မြို့ပြင်မှာအမြန် မောင်းမှပတ်ဖို့မဟုတ်ပါ။ မြို့တွင်းမြို့ပြင်နှစ်ခုစလုံး လုံးဝလိုအပ်ပါတယ်ခင်ဗျာ။ ခုလိုရန်ကုန်ကားကျပ်ပုံမျိုးများရပ်ထားတဲ့ကားများကို နောက်ကကားကြီးများဆင့်ကဲ ဆင့်ကဲတိုက်မိကြတာလည်း မြင်ကြားသိနေရပါတယ်ခင်ဗျာ။ ရုတ်တရက်လူကရှေ့ကိုဆောင့်မိသွားနိုင်ပါတယ်။
အထူးသဖြင့် ခုမိုးကျကာလမှာ ယာဉ်တိုက်မှုပိုဖြစ်နိုင်ပါတယ်။ မြို့တွင်းရောမြို့ပြင်ရော ကားဘီးစလစ်ဖြစ်မယ်။ မြင်ကွင်းမကောင်း လို့ထိခိုက်နိုင်မယ်။ ခုကားဝယ်၊ ခုသင်ခုမောင်း ခုခရီးသွားလူများ လည်းအများကြီးရှိနေကြလို့ပါ။ ကားတွေကလည်းခေတ်မီလာတော့ အော်တိုဂီယာနဲ့လွယ်လွယ်လေး မောင်းတတ်မယ်။ မှန်ပိတ် အဲကွန်း ဖွင့် သီချင်းနားထောင် ဖုန်းပြော ဖုန်းပွတ်နဲ့မောင်းချင်သလိုမောင်းကြမယ်။ ကိုယ့်ကားကို ကိုယ်ဘယ်လို ပဲမောင်းမောင်း Safety First ဆို တာအဓိကမို့ “Seat Belts Are Forever” လို့သာ အထူးပြော လိုက်ချင်ပါတယ်။
ကားမိတ်ဆွေများကို

ခင်မင်လျက်
ကိုသက်
---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment