စကားပြောတာ အနုပညာတစ်ခု ဆိုရင် ..............











လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတာ အနုပညာတစ်ခု ဆိုရင် လက်ခံနိုင်ပါ့မလား။ သူငယ် ချင်းမိတ်ဆွေတွေနဲ့ စကားပြောတာ ဖြစ်ဖြစ်၊ အလုပ်ကိစ္စ စကားပြော တဲ့အခါဖြစ်ဖြစ် အတော်အတန် ရင်းနှီးနေသူတွေနဲ့ စကားပြောတဲ့အခါ ပြောစရာစကားလုံးတွေက သူ့အလိုလို ထွက်လာတတ်တယ်။ မျက်နှာချင်းစုံပြီး စကားပြောတဲ့ အခါမျိုးမှာပေါ့။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းဖြစ်နေ တဲ့လူတွေ ဥပမာပြောရရင် စကားအပြောအဆို မတတ်တဲ့လူတွေ၊ တစ်ယောက်နဲ့တစ်ယောက် ပိုးပန်းနေကြတဲ့ယောက်ျားလေး မိန်းကလေးတွေ တစ်ယောက်မျက်နှာတစ်ယောက် မမြင်ရဘဲ ဖုန်းနဲ့ စကားပြောတဲ့အခါ အရင်တုန်းကလို အခြေအနေနဲ့မတူတော့ပါဘူး။ 'ငါစကားပြောမှားသွားမလား'၊ 'သူ့မျက်နှာက ဘယ်လိုပါလိမ့်'ဆိုတာ ခန့်မှန်းဖို့၊ တွေးတောဖို့ဆိုတာ အရမ်းခက်ခဲနေပါလိမ့်မယ်။ အဲဒီတော့ ဘယ်လိုပြောကြမလဲ။ ဘယ်လိုအကြောင်းအရာလေးတွေ ပြောကြမလဲ။

ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာလေး တွေကို ပြင်ဆင်ပါ
ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ဆီ ဖုန်းပြောတဲ့အခါမှာ အကြောင်းအရာ တွေက ခက်ခက်ခဲခဲစဉ်းစား စရာတောင်မလိုဘဲ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ စကားနည်းတတ် တဲ့ တချို့ယောက်ျားလေးတွေ၊ မိန်းကလေးတွေအနေနဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက်  ဖုန်းပြောရတာ ပြဿနာတစ်ခုပါ။ အဲဒါကြောင့် အကြောင်းအရာကို မပြောခင်မှာ ကြိုတင်ပြင်ဆင်ထား ပါ။ ဥပမာ ကိုးယိုးကားယားဖြစ်တဲ့ အခြေအနေ၊ စဉ်းစားရကျပ်တဲ့ အခြေအနေမျိုးတွေမှာ ပြောစရာ စကားတွေက ကွယ်ပျောက်ပြီး တိတ်ဆိတ်သွားတတ်ပါတယ်။ မေးခွန်းအမေးခံရသူကလည်း စဉ်းစား ရ ကျပ်နေ၊ မေးသူကလည်း အဖြေကိုစောင့်နေပါရင် အခြေအနေတစ်ခုက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ အကြောင်းအရာမျိုးစုံ စဉ်းစားထားသူတွေက တော့ ဒီမေးခွန်းကနေ နောက်မေးခွန်းတစ်ခုကို အလွယ်တကူ ကူးပြောင်းနိုင်ပါလိမ့် မယ်။

သူ့ရဲ့အကြံဉာဏ်၊ အကူအညီကို ရယူပါ
ယောက်ျားလေးအတော်များများက သူတို့မှာ အရာရာတိုင်းအတွက် အဖြေရှိနေတယ်ထင်တဲ့လူတွေ။ အဲဒါကြောင့် မိန်းကလေးတွေအနေနဲ့ ယောက်ျားလေးတစ်ယောက်ကို စကားပြောစေလိုတဲ့အခါ သူတို့ဆီက အကူအညီတောင်းခံပါ။ ယောက်ျားလေးအများစုက သူတို့ကို အားကိုးတကြီးအကူအညီ တောင်းတာ၊ အကြံဉာဏ်ပေးရတာကို နှစ်သက်ကြသူတွေပါ။

လက်ရှိပြဿနာလေးတွေအကြောင်း ဆွေးနွေးပါ
ယောက်ျားလေးအများစုက အတင်းအဖျင်းမပြောတတ်ကြပါဘူး။ ဒါပေမဲ့ ဘာတွေဖြစ်ပျက်နေ သလဲဆိုတာတွေကိုတော့ သိလိုကြပါတယ်။ တကယ်တော့ လူတစ်ယောက်ကို ပြောစရာအကြောင်း မရှိသူဆိုတာ မရှိပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ သတင်းလေးတစ်ခုဖြစ်ဖြစ် ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိရေပန်းစားတဲ့အကြောင်းလေးတွေ ဆွေးနွေးနိုင်ပါတယ်။

ဝါသနာကို စိတ်ဝင်စားပါ
တချို့ယောက်ျားလေး၊ မိန်းကလေးတွေကျတော့ သူတို့ရဲ့ဝါသနာလေးတွေကို ပြောရတာ နှစ်သက်ကြ တယ်။ အဲဒါကြောင့် ပြောဖို့စကားစရှာမရတော့တဲ့အခါ သူရဲ့ဝါသနာကိုသာထုတ်ပေးလိုက်ပါ။ ဒီလိုမေးလိုက်တာက စကားပြောကို ပိုပြီးစိုပြေသွားစေရုံသာမက တစ်ယောက်အကြောင်း တစ် ယောက် သိစေဖို့ ပိုပြီးအကြောင်းဖန်လာပါလိမ့်မယ်။

သူငယ်ချင်းအတွေအကြောင်း မေးပါ
ယောက်ျားလေးအများစုက သာမန်လူတွေရဲ့ အမြင်ထက် သူတို့သူငယ်ချင်းတွေနဲ့ ပိုပြီးရင်းနှီး မှုရှိကြပါတယ်။ အဲဒါကြောင့် ကိုယ် စကားပြောချင်တဲ့သူကို သူ့ သူငယ်ချင်းတွေအကြောင်း မေးမြန်းခြင်းကလည်း တယ်လီဖုန်းစကားဝိုင်းလေးကို ပိုပြီးစိုပြေစေပါလိမ့်မယ်။

ခဏစောင့်ဖို့ပြောပါ
တကယ်လို့ ပြောရင်းဆိုရင်း စကားစရှာမရတော့တဲ့အခါ သူ့ကို ခေတ္တခဏစောင့်ခိုင်းပါ။ ဥပမာ-တစ်ယောက် အိမ်ရှေ့တံခါးမှာ ရောက်နေလို့ တံခါးဖွင့်ပေးရမယ့် ပုံစံ၊ လုပ်စရာ မှတ်စရာလေး ပေါ်လာလို့ မှတ်သားရမယ့်အတွက် ခဏတဖြုတ် ဖုန်းကိုင်ထားပေးဖို့ပုံစံ စသည်ဖြင့် ဆိုနိုင်ပါတယ်။ ဒီလိုအချိန်လေးအတွင်းမှာလည်း ကိုယ် နောက်ထပ်ပြီး ဘာပြောမယ်ဆိုတာ စဉ်းစားနိုင်ပါသေးတယ်။

စကားအစအန ထုတ်ယူမေးမြန်းပါ
ဒီလိုမျိုးကို လုပ်ဖူးပေမယ့် သတိမထားမိကြဖို့က ပိုများပါတယ်။ ဖုန်းထဲမှာ စကားပြောတဲ့အခါ သူပြောတဲ့အကြောင်းအရာထဲကမှ ကိုယ်ထပ်သိချင်တဲ့အကြောင်းအရာကို ဆွဲထုတ်ပြီး မေး မြန်းနိုင်ပါတယ်။ ဥပမာပြောရရင် သူငယ်ချင်းတွေနဲ့ အပြင်သွားလည်တာ နှစ်သက်တယ်ဆိုသူ တစ်ယောက်အတွက် သူအနှစ်သက်ဆုံးနေရာတွေ၊ အလှကြိုက်တဲ့ မိန်းကလေးတစ်ယောက်အတွက် သူသုံးလေ့သုံးထရှိတဲ့ ပစ္စည်းလေးတွေအကြောင်း မေးမြန်းနိုင်ပါတယ်။ ဒါက သူ့ကို စိတ်ဝင်စား သယောင်ဖြစ်စေပြီး တယ်လီဖုန်းစကားဝိုင်းကို အမျှင်မပြတ် ပိုစိုပြေစေပါလိမ့်မယ်။

ဟုတ်တယ်၊ မဟုတ်ဘူး အဖြေထွက်မယ့် မေးခွန်းတွေ ရှောင်ပါ
ရိုးရှင်းလှတဲ့ မေးခွန်းတွေ၊ ဟုတ်တယ် မဟုတ်ဘူးလောက်သာ အဖြေထွက်စေမယ့် ရိုးရှင်းတဲ့ မေး ခွန်းတွေကို ရှောင်ဖို့တော့ လိုပါလိမ့်မယ်။ ဒါက စကားဝိုင်းတစ်ခုကို အေးစက်သွားအောင် ဖန်တီး လိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။

တစ်ဖက်လူကို အခွင့်အရေးပေးပါ
တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ သတိထားရမယ့် အချက်ကတော့ ကိုယ်က သိချင် တဲ့မေးခွန်းတွေ မေးသလောက် ဖြေဆိုမယ့်သူကိုလည်း ဖြေဆိုဖို့ အခွင့်အရေးပေးဖို့ ဖြစ်ပါတယ်။ မေးခွန်းတစ်ခုမေးတိုင်း သူ ပြောမယ့်အဖြေကို စောင့်ဆိုင်းတတ်ဖို့ လိုပါတယ်။ ခဏတစ်ဖြုတ် တိတ်တဆိတ်ဖြစ်သွားရတာကို မကြောက်ရွံ့ပါနဲ့။ သူ့အနေနဲ့ စဉ်းစားကောင်း စဉ်းစားနေပါလိမ့်မယ်။
အခုပြောပြခဲ့တဲ့ အချက်ကလေးတွေက သာမန်လုပ်ဖူးနေကျ ဖြစ်ပေမယ့် သတိထားမိချင်မှ ထားမိပါ လိမ့်မယ်။ ဒီအချက်လေးတွေကို အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ တယ်လီဖုန်းစကားပြောလေး ဖန်တီး နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment