ရုပ်ရှင်ရုံတွေပျောက်သွားရင် .....… ဒါရိုက်တာဝိုင်း











ရုပ်ရှင်ရုံတွေပျောက်သွားရင် ကျွန်တော်တို့ကစားကွင်းတွေပျောက်သွားတာနဲ့အတူတူပဲ… ဒါရိုက်တာဝိုင်း

ကျွန်တော်သိချင်တာ ဘာဖြစ်လို့ ဒီတစ်နှစ်နှစ်နှစ် အတွင်းမှာ ရုပ်ရှင်ကားတွေကို တအားရိုက်လာကြတာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်နာယကကြီး ဦးစိုးမိုးနဲ့ ပြေတီဦးဖောင်းဒေးရှင်းမှာ ဆွေးနွေးဖူးပါတယ်။ ကျွန်တော်တို့ဒီကိစ္စကို ကြပ်ကြပ်မတ်မတ်မကိုင်တွယ်နိုင်ရင် အရည်အချင်း မရှိတဲ့ဇာတ်ကားတွေပေါ် ထွက်လာတဲ့အခါ ပရိသတ်ရဲ့ ငြိုငြင်မှုကိုခံရလိမ့်မယ်။ ကျွန်တော်တို့ ရှေ့မှာနမူနာရှိပါတယ်။ 

ကျွန်တော်တို့က စာစစ်လို့ဆိုပြီး ဗီဒီယိုကားတွေကို ပေါပေါပဲပဲရိုက်ခဲ့လို့ ဗီဒီယိုလောက ဆုံးရှုံးပျောက်သွား မလားဆိုတာနဲ့ ရင်ဆိုင်နေရပြီ။ ကျွန်တော်တို့ရုပ်ရှင်လောကကိုလည်း ဗီဒီယိုလိုရိုက်ပြီးတော့ ရုံတင် မယ်ဆိုရင် ကျွန်တော်တို့ရုပ်ရှင်လောကသားတွေအကုန်လုံး ကွယ်ပျောက်သွားလိမ့်မယ်။ ဒါဟာ အမတန်အရေး ကြီးတဲ့အချက်လို့လည်း ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဗီဒီယိုရိုက်လည်း ဒီကင်မရာပဲ။ ရုပ်ရှင်ရိုက်လည်း ဒီကင်မရာပဲ။ ကျွန်တော်တို့ အဲဒီကင်မရာတွေရဲ့အရည်အသွေးတွေကို ကျွန်တော်တို့အနုပညာ ညီအစ်ကိုချင်း ပြောလို့မကောင်းဘူး။ 

အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတော့ တကယ့်တကယ်နိုင်ငံခြားမှာဆိုရင် စည်းကမ်းရှိတဲ့ ရုံရိုက် (Right)ကိုပေးသင့် ပြီလို့ ကျွန်တော်ထင်တယ်။ ဘာ လို့ပေးသင့်ပြီလို့ ထင်လဲဆိုတော့ ဆင်ဆာ ကျကျပြရမယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်ရုံကအိမ်သာမဟုတ်ဘူး။ စားချင်တာစားပြီးပါချင်တိုင်းပါလို့ရတဲ့ အိမ်သာမဟုတ်ဘူး။ ရုံတွေပျောက်သွားရင် ကျွန်တော်တို့ ကစားကွင်းပျောက်သွား တာနဲ့အတူတူပဲ။ ကျွန်တော်တို့ ရုပ်ရှင်ရိုက်လို့မရတော့ဘူး။ အဲ့ဒီတော့ ဘာလုပ်ရမလဲဆိုတာ ရှင်းပါတယ်။ ယုံကြည်တဲ့ Right ဆိုတာ သူဆင်ဆာကျပြီးသားဇာတ်ကားကိုပြရမယ်။ မပြရဘူးမဟုတ်ဘူး။ 

ဥပမာ ကျွန်တော့်ဇာတ်ကားက အရမ်းညံ့တယ်ဗျာ။ ရုံရှင်ကမပြချင်ဘူး။ မင်းဇာတ်ကားကို ယုံကြည်မှုမရှိလို့ မပြချင်ဘူး။ ဒါပေမဲ့ မင်းဇာတ်ကားကဆင်ဆာခွင့်ပြုပြီးသားဖြစ်တဲ့အတွက် ပြပေးမယ်။ မင်းငါ့ကို ရုံဆားဗစ်တော့ပေးရမယ်။ ဥပမာ ရုံဝင်နှုန်း ၁၅ရာခိုင်နှုန်းဖြစ်ဖြစ် ၂၀ ရာခိုင်း နှုန်းဖြစ်ဖြစ်ပေးရမယ်။ ကျွန်တော်တွက်ကြည့်တာ ၂၀ ရာခိုင်နှုန်းပေးမယ်ဆိုရင်တောင် ရုံအားလုံး အတွက် တစ်ပတ်စာ သိန်းလေးရာကျော်လောက်ကျမယ်။ ကားဆက်ရိုက်မယ့်သူက အဲ့ဒီသိန်းလေးရာကို ရင်းထားရတော့မယ်။ မတော်လို့ ဇာတ်ကားစုတ်ပြတ်သတ်လို့ ကွဲသွားရင် အဲ့ဒီသိန်းလေးရာအပြင် ကားရိုက်တဲ့ အိတ်ထဲက သိန်းတစ်ထောင်လောက် ခုန်ထွက်သွားဦးမှာ။ 

အဲ့ဒီတော့ကျွန်တော်ပြောတာ ဇာတ်ကားရိုက်တဲ့အခါတွက်လာကြမယ်။ ဒီကားရိုက်ရင် ဘယ်လောက်တော့ ကုန်မယ်။ ဘယ်လောက်ပဲ ပြန်ရနိုင်တယ်။ ဘယ်လောက်ပဲကျိမ်းသေတယ်ဆိုတဲ့တွက်ချက်မှုတွေ၊ ချိန်ဆ မှုတွေရှိလာတဲ့အခါကျတော့ ကျွန်တော်တို့လောက မတိုးတက်ရင်ပြော။ ကျွန်တော် ဒီလောကထဲက ထွက်သွားပစ်လိုက်မယ်။ ဒါ ကျွန်တော်အမှန်တိုင်းပြောတာ။ အဲ့ဒီလောက်အထိ စိန်ခေါ်ရဲတယ်။ အခုဟာက ဘာချိန်ဆမှုမှလည်းမရှိဘူး။ ရှင်းတယ် ဗီဒီယိုမှာကများလာပြီ။ ကားလတ်လေး ရိုက်ထားလိုက် အခြေအနေမကောင်းရင် ရုံကြီးတင်တာပေါ့ဆိုတဲ့ အပေါက်မျိုးနဲ့ ရိုက်လာကြတာတွေ အများကြီးတွေ့ရတယ်။ 

ဒီတော့ ကျွန်တော်တို့ဘယ် လိုလုပ်ကြမလဲ။ အဲ့ဒီတော့ ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော်တို့ အနုပညာလောကသားတွေ ဒီထက် ကောင်းတဲ့ တွေ့ဆုံမှုမျိုးလုပ်ဖို့လိုနေပြီ။ ဒီထက်အဖြေရှာနိုင်မယ့် ကျယ်ပြန့်တဲ့ အစည်းအဝေးမျိုးလုပ်ဖို့လိုအပ်နေ တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက ဆင်ဆာတင်တဲ့အခါမှာ အရင်တုန်းက ဗီဒီယိုရိုက်သလို ဆင်ဆာ အကြမ်းတင်တဲ့ကိစ္စတွေကို စိစစ်ကြီးကြပ်စေချင်ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment