ဇရာရဲ့ လက္ခဏာတွေ









သိပ္ပံပညာတွေထွန်းကားလာပေမယ့် သိပ္ပံပညာရှင်တွေ မရပ်တန့်နိုင်တာက အိုမင်းခြင်းဖြစ်စဉ်ပါ။ ဒါပေမဲ့ ပုံမှန်အသားအရေထိန်းတာနဲ့ တချို့အိမ်တွင်းဆေးဝါးတွေနဲ့တော့ အိုမင်းခြင်းဖြစ်စဉ်ကိုနှေး သွားအောင် လုပ်နိုင်ပါတယ်။

အိုမင်းခြင်းက အရေပြားအလွှာတိုင်းမှာဖြစ်ပေါ်ပါတယ်။ အရေပြားအလွှာတွေမှာ အရေးအကြောင်း၊ ပါးရေ တွန့်တာ ဇရာအစက်အပြောက်တွေဖြစ်တာမျိုးနဲ့ အရေပြားကပြောင်းလဲလာပါတယ်။ သွေးလည်ပတ်မှု မကောင်းတာ၊ မျိုးရိုးဗီဇ၊ နေရောင်ခြည်၊ ရေ၊ လေညစ်ညမ်းမှု၊ အရက်၊ ဆေးလိပ်၊ အာဟာရချို့တဲ့ မှုတွေကြောင့် အိုမင်းရင့်ရော်ခြင်းဖြစ်လာရပါတယ်။ အဲဒီတော့ ဇရာရဲ့ လက္ခဏာကဘာတွေလဲ။ ဘယ် လိုပြုပြင်နိုင်သလဲ။

ကျီးခြေရာ
မျက်လုံးအပြင်ထောင့်က အရေးအကြောင်းတွေပါ။ အသက် ၂၀ ကျော်မှာ စတင်ပေါ်လာပြီး အသက်ကြီး လာတာနဲ့အမျှ ပိုပြီးထင်ရှားလာပါတယ်။ ဗီတာမင် ဘီ အဆီနဲ့ တစ်နေ့နှစ်ကြိမ်လိမ်းပြီး ခပ်ဖွဖွလေးနှိပ်ပေးနိုင်ပါတယ်။

အရေးအကြောင်း
အသက်အရွယ်ကြောင့်ပေါ်လာတဲ့အရေပြားပေါ်က အစင်းကြောင်းတွေပါ။ ၂၅ နှစ်နောက်ပိုင်း ပိုပြီးသိသာ ထင်ရှားလာပါတယ်။ မျက်နှာ၊ လည်ပင်း၊ လက်နဲ့လက်ဖမိုးတွေမှာ ထင်ထင်ရှားရှားပေါ်လာတတ်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီခပ်နွေးနွေးလေးနဲ့ နေ့စဉ်နှိပ်ပေးနိုင်ပါတယ်။

အသားအရေခြောက်သွေ့ခြင်း
အသက်ကြီးလာတာနဲ့အမျှ အရေပြားက သဘာဝအဆီတွေမထုတ်ပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် အရေပြားလွှာတွေ တဖြည်းဖြည်းခြောက်သွေ့ကြမ်းတမ်းလာပါတော့တယ်။ ရေမချိုးခင် မိနစ် ၃၀ အလိုမှာ တစ်ကိုယ်လုံးကို သံလွင်ဆီလိမ်းပေးပါ။ ရေချိုးပြီးတာနဲ့ အလှဆီခပ်ပါးပါးလေးလိမ်းပေးပါ။

အသားအရေတွဲကျခြင်း
အရေပြားကျုံ့နိုင် ဆန့်နိုင်အားလျော့လာတဲ့အတွက် အသားအရေက တွဲကျလာပါတော့တယ်။ ကြက်ဥ အကာနဲ့ဒိန်ချဉ်ရောစပ်ပြီး မျက်နှာနဲ့လည်ပင်းကို ၂၀-၃၀ မိနစ်ခန့်လိမ်းပေးပါ။ သံလွင်ဆီ၊ အုန်းဆီ ခပ်နွေးနွေးနဲ့လည်း ပုံမှန်နှိပ်နယ်ပေးနိုင်ပါတယ်။

ဇရာအစက်အပြောက်နဲ့ အသားအရောင်မညီခြင်း
အသက်အရွယ်ကြောင့် ဟိုမုန်းပြောင်းလဲလာတာနဲ့အမျှ Melanin တွေ ပိုထုတ်လာတဲ့အခါ အသားအရောင် မညီမညာဖြစ်လာပါတော့တယ်။ နေရောင်ခြည်၊ အရေပြားဒဏ်ရာ၊ စိတ်ဖိစီးမှု စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သံပုရာအရည်မျက်နှာအနှံ့လိမ်းထားပြီး ၁၀-၁၅ မိနစ်အကြာမှာ ရေဆေးချပါ။ တစ်နေ့နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

ချွေးပေါက်ကျယ်လာမယ်
ချွေးပေါက်သေးသေးလေးတွေက အသားအရေကိုနုပျိုကျန်းမာစေပြီး ချွေးပေါက်ကျယ်တွေကတော့ အိုမင်းရင့်ရော်စေပါတယ်။ အသက်အရွယ်ကြီးပြီး ကိုလာဂျင်ထုတ်နိုင်စွမ်းလျော့နည်းလာတဲ့အခါ ချွေးပေါက်တွေက ကျုံ့နိုင်စွမ်းလျော့နည်းပြီးကျယ်လာပါတော့တယ်။ ရေခဲတုံးလေးတွေနဲ့ မျက်နှာကိုပွတ်ပေးပါ။ နေ့တိုင်းလုပ်စရာတော့မလိုပါဘူး။ သတိရတိုင်းလုပ်ပေးပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment