ကိုယ့်ကိုကိုယ်စိတ်အလိုမကျဖြစ်နေပါသလား …










မှန်ထဲမှာ ကိုယ့်ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်မသက်မသာဖြစ်ရတဲ့အခြေအနေမျိုး လူတိုင်းမှာရှိစမြဲပါ။ ဒါက ကိုယ်တစ်ယောက်တည်းခံစားရတာမဟုတ်ပါဘူး။ ဒီလိုမျိုးခံစားရပြီဆိုရင်တော့ ‘အလှအပဆိုတာ အရေပြားတစ်ထောက်စာပါ’ ဆိုတဲ့စကားကိုလည်း မေ့လျော့သွားကြမှာပါ။ ဒါဘာကြောင့်ခံစားရတာလဲ။ အဖြေကိုထုတ်ကြည့်ရင်ရှင်းပါတယ်။ ကိုယ်တိုင်စိတ်ထဲကလက်ခံထားတဲ့အဆိုးမြင်အတွေးတွေကြောင့်ပါ။ အဲဒီတော့ စိတ်နဲ့ခန္ဓာကြည်လင်နေစေဖို့ ဘာလေးတွေဆောင်ကြရှောင်ကြမလဲ။

ကိုယ်ဘာတွေကြိုက်သလဲ
စိတ်မကြည်လင်တဲ့အချိန်ကြည့်လိုက်ရတဲ့ကိုယ့်ရုပ်သွင်က တစ်စက်ကလေးမှစိတ်တိုင်းကျချင်စရာမရှိပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်လှတယ်ထင်ရတဲ့ ခန္ဓာကိုယ်ကိုအလေးပေးဂရုစိုက်ထားပါ။ ဒီအလှအပကိုဘယ်လိုပေါ်လွင်အောင်ဖော်ပြမလဲဆိုတာအမြဲတွေးပါ။ 

စိတ်ရင်းမှန်သူတွေနဲ့ဆက်ဆံပါ။
တစ်ခါတစ်ရံ ပတ်ဝန်းကျင်ကလူတွေဟာ ရက်စက်ကြပါတယ်။ လူတိုင်းတော့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်အလိုမကျပါဘူးဆိုမှ ကိုယ့်ကိုပိုပြီးအလိုမကျတဲ့လူနဲ့ပေါင်းတော့ ပိုဆိုးပြီးပေါ့။ အဲဒါကြောင့် စိတ်အလိုမကျဖြစ်တတ်တဲ့အခြေအနေမျိုးမှာ လူပေါင်းမှန်ဖို့ကအဓိကကျပါတယ်။ ကိုယ့်ရဲ့စိတ်အလိုမကျမှုပြဿနာတွေကိုပြေလျော့သွားစေနိုင်တဲ့သူမျိုးနဲ့ပေါင်းပါ။

အဆိုးအမြင်အတွေးတွေဖယ်ထုတ်
ကိုယ့်စိတ်ထဲမှာရှိတဲ့အရာဆိုတာ ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိနေတာပါ။ အဲဒီတော့ စိတ်အနှောက်အယှက်ဖြစ်စရာတွေ စိတ်အလိုမကျဖြစ်စရာတွေကို ဆက်ပြီးတွေးနေမလား။ ဒါမှမဟုတ် ခေါင်းထဲကနေရှင်းထုတ်လိုက်မလား။ အဲဒါကြောင့် နောက်တစ်ကြိမ် ကိုယ့်ကိုကိုယ်အလိုမကျစရာတွေပေါ်လာပြီးဆိုရင် အလိုကျစရာ ကိုယ့်ကိုကိုယ်ကျေနပ်စရာတွေနဲ့ဖြည့်တွေးပါ။ 

မီဒီယာတွေနဲ့ဝေးဝေးရှောင်
စိတ်ထဲက ကိုယ့်ကိုကိုယ်ဘာလိုချင်မှန်းမသိစိတ်အလိုမကျဖြစ်နေတဲ့အခါမျိုးမှာ ဂျာနယ်၊ မဂ္ဂဇင်း၊ အွန်လိုင်းကအလှအပဖက်ရှင်စာမျက်နှာတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ဒီမီဒီယာတွေက ပြည့်စုံလှပတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင်တွေက ကိုယ့်ကိုပိုပြီးတောင်အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။ 

မနှိုင်းယှဉ်နဲ့
ဘယ်သူကမှ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ချို့ယွင်းချက်ကိုယ်စီရှိကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ချို့ယွင်းချက်က သူ့ဆီမှာလှပနေလို့လည်း စိတ်ထဲအနှောက်အယှက်မဖြစ်သွားပါနဲ့။ သူ့ဆီကမမြင်ရတဲ့ချို့ယွင်းချက်က ကိုယ့်ဆီမှာအားသာချက်လည်းဖြစ်သွားနိုင်ပါတယ်။ 

ကိုယ့်ကိုကိုယ်ဂရုစိုက်
ကိုယ့်မှာပိုင်ဆိုင်တာဆိုလို့ ဒီခန္ဓာကိုယ်တစ်ခုတည်းပါ။ ပတ်ဝန်းကျင်ကစကားလုံးတွေ အပြုအမူတွေကြောင့် ကိုယ့်ကိုကိုယ်သာအကောင်းဆုံးဂရုစိုက်လိုက်ပါ။ တစ်ခါမှ ကိုယ်တိုင်တောင်မမြင်ဘူး မတွေ့ကြုံဘူးတဲ့အားသာချက်တွေပေါ်ထွက်လာပါလိမ့်မယ်။ 

ဘ၀ရည်မှန်းချက်တွေရှာဖွေ
ရည်မှန်းချက်တွေနဲ့အလုပ်တွေတရစပ်များနေတဲ့သူက ကိုယ့်ကိုကိုယ်အလိုမကျတွေမဖြစ်အားသလို ပတ်ဝန်းကျင်ကိုလည်းဂရုစိုက်မအားပါဘူး။ ကိုယ့်အလုပ်ကို တစိုက်မတ်မတ်လုပ်နေတဲ့အတွက် ကိုယ့်ကိုကိုယ်အပြစ်မမြင်အားသလို တစ်ဖက်သားကိုလည်းအပြစ်မတင်အားပါဘူး။

ကိုယ့်ဖြစ်တည်မှုကိုသာချစ်ကြတာ
လူတွေဘာကြောင့် ကိုယ့်ကိုချစ်သလဲ။ ပြန်တွေးကြည့်ပါ။ ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူလေးတွေက ချစ်စရာကောင်းတယ်လို့ပြောတာမကြားမိဘူးလား။ကိုယ် ပြောင်းလဲချင်လှပါရဲ့ဆိုတာလေးတွေကို ချစ်ပါတယ်လို့မကြားမိဘူးလား။ တကယ်လို့ ကိုယ့်ဘက်ကပြောင်းလဲသွားရင်ကော သူတို့ကိုယ့်ကိုဆက်ပြီးချစ်နေဦးပါ့မလား။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment