ကိုယ်ကိုယ်ကိုယ်သာယုံကြည်မယ်ဆိုရင်…









တစ်ချို့လူတွေအနေနဲ့ငယ်စဉ်ကတည်းက ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုပြဿနာလေးတွေကြုံဖူးကြ ပါလိမ့်မယ်။ တစ်ချို့ကတော့ အကြောက်အလန့်ကင်း၊ သတ္တိရှိကြတာပေါ့။ ငယ်စဉ်ကတည်းကဖြစ်လာတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတဲ့ပြဿနာကတော့ ကိုယ့်ရဲ့စိတ်ကူးယဉ်စိတ်၊ တီထွင်ဖန်တီးနိုင်စွမ်း၊ တစ်ကိုယ်ရည်စွမ်းဆောင်နိုင်မှု စတာတွေကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီလိုနဲ့အသက်ကြီးလာတာနဲ့အမျှ ဒီအရည်အချင်းတွေကို ပတ်ဝန်းကျင်ကပိုပြီးဖိနှိပ်လာလေပါပဲ။ 

ကိုယ့်ရဲ့စိတ်ကူးယဉ်စိတ်ကိုတောင်“ရူးကြောင်ကြောင်အရာတစ်ခု”အနေနဲ့ထင်လာတတ်ပါတယ်။ အရှုံးကိုလက်မခံလိုစိတ်နဲ့ငြင်းပယ်ခံရမှာကြောက်ရွံ့တဲ့စိတ်တွေကရှေ့ဆက်သွားဖို့ရာမှာ အတားအဆီးတွေဖြစ်လာစေပါတော့တယ်။ အဲဒီတော့ ဒီအတားအဆီးတွေကိုဘယ်လိုကျော်ဖြတ်မလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ကျော်ဖြတ်ရမှာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်မွေးတဲ့အခါဘာဖြစ်မလဲ…။

အမှန်တရားကိုသိလာမယ်
တစ်ခါတရံကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကအမှန်အတိုင်းပြောခဲပါတယ်။ ကိုယ့်ကိုယ်ကိုယ်မယုံဘူး ဆိုမှတော့ ပတ်ဝန်းကျင်ကကိုယ်နဲ့အနီးစပ်ဆုံးအသိုင်းအ၀ိုင်းကလည်းကိုယ့်ကိုမယုံဘူးပေါ့။ တစ်ခါတရံ ပတ်ဝန်းကျင်ကသူငယ်ချင်း၊ မိသားစုအသိုင်းအ၀ိုင်းတွေကကိုယ့်ကိုယ်ကြီးပြင်းလာဖို့၊ ရှေ့ဆက်တိုးဖို့ ကြောက်ရွံ့နေပါတယ်။ ဒါကလက်မခံချင်စရာကောင်းပေမယ့် ၀မ်းနည်းစရာကောင်းတဲ့ အမှန်တရား တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထည့်ထားကြည့်ပါ။ ပတ်ဝန်းကျင်ကကိုယ်နဲ့စိတ်တူကိုယ်တူ အကြံတူသူငယ်ချင်းတွေဝန်းရံလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သိလာမယ်
အခမ်းအနားတစ်ခု၊ ပွဲလမ်းသဘင်တစ်ခုခုကိုသွား၊ တစ်ယောက်တည်းသောက်စားပြီးဘယ်သူနဲ့မှ မိတ်ဆွေ ခွင့်မရလာတဲ့အဖြစ်ဘယ်နှစ်ကြိမ်လောက်များကြုံဖူးပြီးသွားပြီလဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသူ တစ်ယောက်အဖို့တော့ ကိုယ့်ဖြစ်တည်မှုတောင် ကိုယ်ပျောက်ဆုံးနေမှာပါ။ ပတ်ဝန်းကျင်အသစ်၊ လူသစ်တွေကြားထဲမှာ နေရထိုင်ရမသက်မသာဖြစ်လာစေသလို ကိုယ့်ယုံကြည်ချက်ကိုတောင် ဖွင့်ဟဖို့ဆိုတာပိုပြီးခက်ခဲနေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ ကိုယ်လက်ခံထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်ကျင့်တရားတွေကို ကိုယ်တိုင်ကိုယ်ကျလက်ခံကျင့်သုံးနိုင်ခြင်းပါ။

ငွေပိုရှာနိုင်လာမယ်
ငွေကြေးဆိုတာအရာရာတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ငွေကြေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပေး တဲ့တစ်စိတ်တပိုင်းဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေ လုပ်ငန်းခွင်မှာ ပိုပြီးအောင်မြင်ဖို့အလားအလာများလေ၊ အခွင့်အလမ်းတွေများလာလေ ကိုယ့်အတွက်ငွေပိုရှာနိုင်လေပါပဲ။ ဒီလိုပါဘဲ။ ပတ်ဝန်းကျင်ကလူတွေကလည်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူကိုရှာဖွေပြီး သူတို့နဲ့အတူ အလုပ်တွဲလုပ်ချင်ကြတာပါ။

ပိုပြီးခွန်အားတွေရှိလာမယ်
ကမ္ဘာပေါ်ကအောင်မြင်သူတိုင်းဟာကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိကြပါတယ်။ နောက်ထပ်တူညီမှု တစ်ခု ကတော့ခွန်အားပါ။ ဥပမာ- အနုပညာရှင်တွေ၊ လူကြားထဲဟောပြောနေသူတွေ သူတို့တွေအမြဲ တမ်း တက်ကြွနေတာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုခွန်အားတွေပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေ ခွန်အားတွေ တက်ကြွလေ၊ ပိုပြီးအအောင်မြင်လေ၊ ပိုပြီးပျော်ရွှင်လာလေပါပဲ။

စိန်ခေါ်မှုတွေကိုလက်ခံရဲလာမယ်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိဘဲနဲ့တော့ စိန်ခေါ်မှုတွေကိုလက်ခံနိုင်မှာမဟုတ်ပါဘူး။ သူများကစိန်ခေါ်ခဲ့ ရင်တောင် ရှက်ရွံ့နေပြီးအရှုံးပေးကျေနပ်နေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသူတစ်ယောက် အဖို့ကတော့ စိန်ခေါ်မှုတိုင်းကိုယုံကြည်ချက်အပြည့်နဲ့လက်ခံပါလိမ့်မယ်။ ဒီစိန်ခေါ်မှုကသူနဲ့ ထိုက်တန်တယ် ဆိုရင်ပေါ့။

ပတ်ဝန်းကျင်ကိုလွှမ်းမိုးလာနိုင်မယ်
ပတ်ဝန်းကျင်မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသူတွေအများကြီးပါ။ ယုံကြည်မှုမရှိသူတွေက ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိသူကိုသာအားကျကိုးကွယ်ကြပါတယ်။ ဒီတော့ ယုံကြည်မှုရှိသူဟာ ကိုယ်သာဆိုရင်တော့ ပတ်ဝန်းကျင်ကလူတွေကိုလွှမ်းမိုးနိုင်ပြီပေါ့။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာမယ်
“ငါဘာလို့အပယ်ခံရမလဲ ငါအငြင်းခံရမှာလား”ဆိုတဲ့အတွေးတွေနဲ့ညတစ်ရေးနိုးထလာခြင်းက ယုံကြည်မှုတစ်စိတ်တပိုင်းအားနည်းနေတဲ့သင်္ကေတပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေ စိုးရိမ်စိတ်ကင်းလာလေပါပဲ။ စိုးရိမ်ကြောင့်ကြမှုတွေလျော့ပါးလာတဲ့အတွက် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လာပါလိမ့်မယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
 

Share on Google Plus

0 comments:

Post a Comment