ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိချင်တယ်ဆိုရင် …










ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ ဘ၀ကိုတစ်စိတ်တစ်ပိုင်းပုံဖော်ပေးတဲ့အရာတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများလေတာဝန်ယူမှု၊ တာဝန်ခံမှုများလေပါဘဲ။ အောင်မြင်တဲ့ဘ၀၊ တက်ကြွတဲ့လုပ်ငန်းခွင်တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကမွေးဖွားလာပေးလိုက်တဲ့ တစ်စိတ်တစ်ဒေသတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းသွားတဲ့အခါမှာတော့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာလည်းနည်းလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်တတ်လာမယ်။ 

တခြားလူတွေနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ်မလုံမခြုံဖြစ်လာစေမယ်။ ကိုယ့်လုပ်တဲ့အပြုအမူက ကိုယ့်တင်မကပါဘူး။ ကိုယ့်ရဲ့စိတ်ကိုပါ သက်ရောက်မှုရှိစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်ဆိုတာကလည်း မွေးကတည်းကပါလာတဲ့အရည်အချင်းမဟုတ်ပါဘူး။ ကိုယ်တိုင်ပြုပြင်ပြောင်းလဲမွေးဖွားပေးရတာပါ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ ဘာတွေလုပ်ကြမလဲ။

များများလေ့လာပါ
များများလေ့လာလေ များများရလေပါပဲ။ ဒါအမှန်တရားပါ။ ၂၁ ရာစုမှာ ဗဟုသုတကလူတစ်ယောက်အတွက်'အသက်'လို့တောင်ပြောလို့ရပါတယ်။ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာခေတ်ဖြစ်တာနဲ့အညီ ဗဟုသုတများများလေ့လာလေ ကိုယ့်အိမ်မက်တွေနောက် ပိုပြီးလိုက်ပါနိုင်လေပါပဲ။ 'မသိလို့မလုပ်နိုင်ဘူး'ဆိုတာထက် တဖြည်းဖြည်းလုပ်ကိုင်ရင်းသိသင့်တာတွေသိလာပါစေ။

ဝတ်စားဆင်ယင်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းရဲ့အခြေခံက ၀တ်စားဆင်ယင်ပုံလည်းပါပါတယ်။ အ၀တ်အစားက လူတစ်ယောက်ရဲ့ပြင်ပအသွင်သဏ္ဍာန်ကိုဖန်တီးပေးပါတယ်။ အမြဲတမ်းအကောင်းစားတွေဝတ်ဆင်နေရမယ်လို့မဆိုလိုပါဘူး။ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်စေမယ့်အ၀တ်အစားမျိုးဝတ်ဆင်ပါ။

ကိုယ်ဟန်အနေအထား
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းရဲ့အခြေခံအချက်ထဲမှာ နေထိုင်ပုံကိုယ်ဟန်အနေအထားလည်းပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုဆိုတာ အပြုအမူကနေတစ်ဆင့်စိတ်ရဲ့အခြေအနေကိုဖော်ပြနေတဲ့အရာတစ်ခုပါ။ ဥပမာ ထိုင်တဲ့အခါ ခါးကိုင်းပြီးထိုင်နေမယ်ဆိုရင် ယုံကြည်မှုလည်းနည်းစေပါတယ်။ ကိုယ်နေဟန်ထားမှန်အောင်ပြုမူဖို့ဆိုတာ တကယ်ကိုလွယ်ကူပါတယ်။ မတ်မတ်နေပါ။ ခေါင်းကိုရေပြင်ညီထားပါ။ စကားပြောတဲ့အခါလူတွေနဲ့မျက်လုံးချင်းဆုံကြည့်ပါ။ ကိုယ်ပိုင်ဆိုင်တဲ့အသွင်အပြင်ကိုလက်ခံပါ။ 

စထားပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့ နည်းလမ်းကောင်းတွေထဲကတစ်ခုကတော့ ကိုယ့်ယုံကြည်အားကိုးလေးစားတဲ့တစ်စုံတစ်ယောက်ကို ကိုယ့်ရဲ့စံပြအနေနဲ့ထားဖို့ပါပဲ။ အောင်မြင်သူတိုင်းမှာ သူတို့လေးစားရတဲ့သူ၊ အတုယူရသူအနည်းဆုံးတစ်ဦးလောက်ကတော့ရှိကြမြဲပါ။ သူတို့ဘယ်လိုပြောဆိုတယ်၊ ပြုမူတယ်၊ သူတို့ဘယ်လိုစဉ်းစားတယ်ဆိုတာတွေကို အတုယူရင်းသူတို့ရဲ့အတွင်းစိတ်ကို ထပ်တူထပ်မျှကျအောင်ခံစားကြည့်ပါ။ 

ကျေးဇူးသိတတ်ပါ
ဥပမာ ဘွဲ့ရဖို့အတွက်ပညာလေ့လာတယ်။ ဘွဲ့ရလာတယ်။ ဘွဲ့နဲ့အတူကိုယ်နဲ့နယ်ပယ်တူ သူငယ်ချင်းတွေပါရရှိလာတယ်။ ဒီအောင်မြင်မှုက တစ်ခဏအတွင်းရရှိတာမဟုတ်ပါဘူး။ သူ့အတွက်ပေးဆပ်ခဲ့ရတဲ့အချိန်တွေ၊ ငွေကြေးတွေဆိုတာရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ပေးဆပ်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်တတ်ဖို့လည်းလိုပါတယ်။ 

ပြီးပြည့်စုံတယ်ဆိုတာမရှိ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းလာတာကတော့ပြီးပြည့်စုံမှုပါ။ ဘ၀မှာဘယ်သူမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ လူရယ်လို့ဖြစ်လာကတည်းက အမှားအမှန်ဆိုတာကိုပိုင်ဆိုင်လာကြပြီးသားပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment