အတွေ့အကြုံမရှိလည်း ကားပြင်လို့ရပါတယ်…






မက္ကင်းနစ်တစ်ယောက်မဟုတ်ပေမယ့် ကားပြင်လို့ရမယ့် နည်းလမ်းတွေရှိနေတယ်လို့ ပြောရင် ယုံကြည်နိုင်သူ နည်းပါးလိမ့်မယ်။ ဒါပေမဲ့ ကားစက်အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ ခရေစေ့တွင်းကျ နားမလည်ပေမယ့် ကိုယ့်ကားအင်ဂျင်ချွတ်ယွင်းမှုတွေကို ကိုယ်တိုင်ပြုပြင်နိုင်မယ့် နည်းလမ်းတွေရှိနေပါတယ်။ ကိုယ့်လက်ထဲမှာ ကားပြင်လို့ရမယ့်ပစ္စည်းကိရိယာတွေလည်းရှိနေတယ်။ ကားနဲ့ပတ်သက်တဲ့ အခြေခံပြုပြင် နည်းတွေကိုလည်း နားလည်ထားမယ်ဆိုရင် သာမန်ချွတ်ယွင်းမှုတွေလောက်နဲ့ Workshop ကိုမသွားဘဲ ကိုယ့်လက်ထဲတင် ကိစ္စဖြတ်လိုက်နိုင်ပါတယ်။ ကိုယ်တိုင်ကားပြင်တော့မယ့် လူတစ်ယောက်အနေနဲ့ ဘာတွေ ဆောင်ဖို့၊ ရှောင်ဖို့လိုအပ်တယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လုံခြုံရေးကပဓာန
အင်ဂျင်ကိုပြုပြင်တော့မယ့် လူတစ်ယောက်အနေနဲ့ ပထမဆုံးသတိပြုရမှာက အင်ဂျင်ပူနေလားဆိုတာ စောင့်ကြည့်ဖို့ပါပဲ။ ကားပြင်ဖို့ဆန္ဒစောနေသူ တစ်ယောက်အနေနဲ့ အင်ဂျင်ကိုသတိမထားမိဘဲ ကိုင်တွယ်မိခဲ့ရင် အပူလောင်တတ်လို့ပါပဲ။ ဒါ့အပြင် အင်ဂျင်အထိုင်အတွင်းမှာရှိနေတဲ့ ဘက်ထရီ၊ အင်ဂျင်ဝိုင်နဲ့ ဘရိတ်ဆီတွေ ကလည်း အခန့်မသင့်ရင်အရေပြားကို ပျက်စီးစေတတ်တာကြောင့် သတိနဲ့ကိုင်တွယ်ဖို့ မေ့မနေ သင့်တာပါ။
အဆင့်မကျော်မိဖို့လို
အင်ဂျင်တွေကို ထိတွေ့ကိုင်တွယ်ရာမှာ အဆင့်မကျော်မိဖို့ အရေးကြီးပါတယ်။ နတ် (Nuts) တွေ ချွတ်ရာမှာ တစ်ဆင့်ချင်းမှတ်သားထားဖို့ လိုအပ်သလို ပြန်တပ်ဆင်တော့မယ်ဆိုရင်လည်း အဆင့်မကျော်ဘဲ တစ်ဆင့်ချင်းပြန်တပ်ဆင်နိုင်ဖို့ အာရုံစိုက်ရမှာပါ။ နတ် (Nuts)တွေဟာ ဖြုတ်တဲ့နေရာမှာ လွယ်ကူသလောက် ပြန်တပ်ရင်မှားယွင်းတတ်တာ၊ ကျပ်တာ၊ လက်လွန်သွားလို့ အရစ်တွေပြုန်းသွားတာမျိုးတွေနဲ့လည်း ကြုံရ တတ်တာကြောင့် ဒီအဆင့်လေးတွေကို ဂရုတစိုက်နဲ့ကိုင်တွယ်သင့်ပါတယ်။
ဗီဒီယို၊ အွန်လိုင်းတွေကနေလေ့လာပါ
ကားဝပ်ရှော့ (Workshop) တွေကိုသွားရောက်ပြီး ပညာကိုလက်ထပ်သင်ယူဖို့ မဖြစ်နိုင်သူတွေအနေနဲ့ ကားပြုပြင်တာနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြထားတဲ့ ဗီဒီယိုဖိုင်တွေ၊ အွန်လိုင်းသင်ခန်းစာ တွေကိုလေ့လာ ပြီးတော့လည်း ပေါ့ပေါ့ပါးပါးချွတ်ယွင်းမှုတွေကို ပြန်လည်ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။ ကားပြုပြင်တာနဲ့ ပတ်သက်လို့ ရှင်းပြထားတဲ့တချို့ဗီဒီယိုဖိုင်တွေဟာ အတော်လေးကောင်းမွန်ပါတယ်။  ဒါကြောင့် ကိုယ်တိုင် ကားပြင်ဖို့ ၀ါသနာထုံသူတွေအနေနဲ့ လက်လှမ်းမီသလောက် လေ့လာမှုတွေကို မေ့ထားလို့မရပါဘူး။
ဘာပျက်တာလဲသိအောင်လုပ်
ကိုယ့်ကားအင်ဂျင်တစ်ခုခုဖြစ်ပြီဆိုရင် ပထမဆုံးလုပ်သင့်တာက ဘယ်အပိုင်းက ဒုက္ခပေးနေတာလဲ ဆိုတာ အရင်သိအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ ကားတစ်စီးကိုပြုပြင်တော့မယ်ဆိုရင် ပထမဆုံးအပြစ်မရှာဘဲ ဘယ်လိုမှပြုပြင်နိုင်မှာမဟုတ်ပါဘူး။ ဒီကိစ္စဟာ အသေးငယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းနဲ့ကားပြုပြင်မှုကို ချဉ်းကပ်တာလို့ ပြောနိုင်ပေမယ့် ကားပြင်ရာမှာ အခက်ခဲဆုံးလည်း ဖြစ်နေတတ်တာပါ။ ဘာဖြစ်တာလဲ သိအောင်လုပ်ဖို့ဆိုတာ ပြောဖို့လွယ်သလောက် လက်တွေ့လုပ်ဖို့ခက်ခဲတာကြောင့် ကိုယ့်အနေနဲ့ ကားပြင်ဖို့ ၀ါသနာပါရင် ဒီအဆင့်ကိုကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။
လှုပ်ရှားမှုတိုင်းကိုလေ့လာ
ကားအင်ဂျင်ကို ကိုယ်တိုင်ထိတွေ့ပြုပြင်နေခြင်းက အကောင်းဆုံးလေ့လာသင်ယူမှု ပြုလုပ်နေတယ်ဆို တာကို မေ့မထားသင့်ပါဘူး။ ကားကိုတစ်ခါပြင်လိုက်တိုင်း ပညာတစ်ခုရတယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ပထမဆုံးအကြိမ်''ဖြုတ်/တပ်''ပြုလုပ်ရာမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဇဝေဇ၀ါဖြစ်တတ်ပေမယ့် အကြိမ်ရေများလာတာနဲ့အမျှ ဒီအလုပ်က ကိုယ့်အတွက် လွယ်ကူမှန်းမသိ လွယ်ကူလာတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
အာကာထက်ဝေ
 
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment