ကြက်သားကညွတ်ကြော်၊ ပုဇွန်ချဉ်သုပ်၊ ကြက်ရိုးကြာဇံဟင်းချို…




ဆွေမျိုးတို့ရေ ဒီတစ်ပတ်ကတော့ ဟင်းချက်ရတာ အရမ်းအကောင်းတွေကြီး ချက်နေလို့မဖြစ်သေးဘူးထင်တယ်။ ရေဘေးသင့် ပြည်သူတွေအတွက်ကို တက်နိုင်သလောက် အလှူငွေရှာနေတော့ မအားတာလည်းပါတယ်။ ကိုယ်နဲ့တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေတဲ့ ညီအစ်ကို၊ မောင်နှမတိုင်းရင်းသားတွေ တော်တော်များများ ဒုက္ခရောက်နေချိန်မှာ ကိုယ်က စားကောင်းသောက်ဖွယ်တွေကြီးချက်စားနေဖို့လည်း စိတ်မပါဘူးဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ အမေ ဈေးသွားတော့ အိမ်မှာရှိတာလေးနဲ့ပေါင်းပြီး ဟင်းပွဲလေး တစ်ဆက်တော့ ရအောင်ချက်လိုက်မယ်။ အရမ်းထွေထွေထူးထူး မချက်တော့ဘူး။ အိမ်မှာကြက်ရင်ပုံသားကရှိနေပြီးသားဆိုတော့ သူနဲ့ကညွတ်ကို တွဲကြော်လိုက်မယ်စိတ်ကူးတယ်။ ပြီးတော့ လပွတ္တာကနေ ပြန်လာတဲ့သူရှိလို့ လက်ဆောင်ရထားတဲ့ ပုဇွန်ချဉ်လေးကိုရှမ်းနံနံလေးနဲ့ သုပ်မယ်။ ကြက်ရင်ပုံက အသားထုတ်လိုက်လို့ ကျန်တဲ့အရိုးလေးကို အိမ်မှာဆောင်ထားတဲ့ ပဲကြာဇံလေးရယ် ကြွက်နားရွက်မှိုခြောက်လေးရယ်နဲ့ ဟင်းခါးလေးတစ်ခွက်ချက်မယ်။ အဲဒီတော့ မယ်တော်မားသားကို အိမ်မှာမရှိတာလေးပဲ ၀ယ်လာခဲ့ပါမှာလိုက်တယ်။

ကြက်ရိုးကြာဇံဟင်းချို
မယ်တော်မားသား ပြန်မလာသေးခင် အိမ်မှာရှိတဲ့ ကြက်ရင်ပုံလေးကို အသားလေးထုတ်၊ ကညွတ်လေးနဲ့ကြော်ဖို့အတွက် မထူမပါးလေးလှီး၊ ပဲငံပြာရည် အကြည်၊ ခရုဆီ၊ ကြက်သားမှုန့်၊ သကြားလေးနဲ့နယ်ပြီးနှပ်ထားလိုက်တယ်။ အရိုးလေးကိုတော့ ပြုတ်ထားလိုက်တယ်။ ကြွက်နားရွက် မှိုခြောက်လေးကိုတော့ ရေနွေးလေးနဲ့စိမ်ထား၊ ပဲကြာဇံလေးကိုတော့ ရေအေးနဲ့ပဲစိမ်ထားလိုက်မယ်။ မှိုခြောက်လေးတွေပွလာပြီဆိုမှ ရေအေးလေးနဲ့ သေချာသဲစင်အောင်ဆေးပြီး မလိုတာလေးတွေဖယ် အနေတော်လေးတွေဖဲ့ထားလိုက်တယ်။ ကြက်ရိုးလေး နူးခါနီးပြီဆိုမှ ကြက်သွန်ဖြူဓားပြားရိုက်လေးနဲ့ ငရုတ်ကောင်းမှုန့်လေးထည့် ကြွက်နားရွက်မှိုလေးထည့် အရသာမြည်းကြည့် အဆင်ပြေပြီဆိုရင် ပဲကြာဇံရေစိမ်ထားတာလေးထည့် သုံးမိနစ်လောက် ဆက်တည်လိုက်ရင် ကြက်ရိုးကြာဇံဟင်းခါး ချိုချိုပူပူလေးတစ်ခွက်ရပြီပေါ့နော်။

ကြက်သားကညွတ်ကြော်
မယ်တော်မားသားပြန်ရောက်တော့ ဟင်းတစ်ခွက်ချက်ပြီးနေပြီလေ။ ကညွတ်လေးရေ စင်စင်ဆေး၊ အနေတော်လေးတွေလှီးပြီး ခုဏက နှပ်ထားတဲ့ ကြက်သားလေးနဲ့ကြော်လိုက်ရုံပဲလေ။ ကြက်သွန်ဖြူလေးဓားပြားရိုက်၊ စဉ်းထားတာကို ဆီသတ်၊ ဆီသတ်တာလေးကျက်လို့ မွှေးလာပြီဆို ရင် ခုဏကနှပ်ထားတဲ့ ကြက်သားကိုထည့်ပြီး တစ်မိနစ်လောက် မွှေပေးပြီးရင် ကညွတ်လှီး ထားတာလေးလေးထည့်၊ ရေလေးနည်းနည်းထည့် ကညွတ်ကျက်ပြီဆိုရင် ကော်ရည်လေးနည်းနည်း ဆမ်းပေးလိုက်ရုံပဲ။ တချို့က ကော်ရည်ဆမ်းတာ မကြိုက်တော့ ဒီတိုင်းလေးအပေါ့အငံမြည်းပြီး အဆင်ပြေရင်ရပါပြီ။

ပုဇွန်ချဉ်သုပ်
ပုဇွန်ချဉ်သုပ်ဖို့အတွက်ကတော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ပါးပါးလှီးထား၊ ရှမ်းနံနံလေးလည်း ရေစင်စင်ဆေးပြီးလှီးထား၊ ငရုတ်သီးစိမ်းရော ငရုတ်သီးလှော်မှုန့်ပါ ထည့်မှာဆိုတော့ ငရုတ်သီးစိမ်း လေးပါလှီးထားလိုက်မယ်။ ပုဇွန်ချဉ်လေးအနေတော် ဖဲ့ထားတဲ့အထဲကို လှီးထားသမျှအကုန်ထည့်၊ ပဲဆီမွှေးမွှေးလေးဆမ်း၊ ငရုတ်သီးလှော်မှုန့်လေး ထည့်ပြီးနယ်လိုက်ရုံပါပဲ။ ပုဇွန်ချဉ်မှာဆားပါတတ် တော့ အငံကိုတော့ မြည်းကြည့်ပြီးမှထည့်တာ ပေါ့နော်။ ပုဇွန်ချဉ်ကို မဖဲ့ခင်လေး ရေတော့ ညှစ်လိုက်ဦးနော် မေ့ကျန်ခဲ့လို့။
 #Royal

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
<3 စိတ်ရွှင်လန်းဖို့စာဖတ်စို့ <3 သူ့စိတ်ကိုယ့်စိတ်အေးမြအရိပ်ရှိတ်ပ်
<3 WeLoveShape
#Shape #Entertainment #Journal
#Model #Actress #Miss #Singer #Mister #Actor #Celebrity #Academy #Movie #Music #Kpop #Travel #Meal #Car #Phone #Game #Interview #Love #Story #News #Beauty #Fashion #Health #Lifestyle #Relationship #Shopping
<3 အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ
<3 Every Weekly <3 Saturday <3 ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment