ဒီတစ်ပတ်အတွက်တော့ အဓိကဟင်းကို ကြက်ပဲရွေးထားတယ်။
သူနဲ့လိုက်ဖက်အောင် အသုပ်ကို တော့ ဂွေးသီးလေးပဲသုပ်တော့မယ်။ အရည်သောက်ကတော့ မယ်တော်မားသားအကြိုက်
ဂုံမင်းဟင်းခါး လေးပေါ့။ တစ်ခုပြောစရာရှိတာက ကြက်ပဲလို၊ ကုလားပဲလို ပဲပါတဲ့ဟင်းကိုချက်ပြီး
အသုပ်တစ်ခုနဲ့တွဲပေးတဲ့ အခါမှာ ၀မ်းနူးစာတွေ သွားစုသလိုဖြစ်နေရော၊ အဲဒီတော့ ဂွေးသီးသုပ်ကို
သရက်ချဉ်သုပ်သလို ဆီစိမ်းလေး ဆမ်း၊ ငရုတ်သီးလှော်မှုန့်လေးနဲ့ မြေပဲလှော်မှုန့်လေးနဲ့
သုပ်လို့မဖြစ်တော့ဘူး။ ၀မ်နူးစာတွေစားရမှာ နူးနေပြီ ဆိုရင် မယ်တော်မားသားရဲ့ သင်ကြားချက်အရ
နနွင်းမှုန့်ကိုများများလေးထည့်ချက်။ ဒါမှမဟုတ်ရင် နနွင်းမှုန့်နိုင် နိုင် ဆီချက်လေးနဲ့အသုပ်လေး
တစ်ခုထည့်ရမယ်ဆိုတော့ ဂွေးသီးသုပ်ကို ဆီချက်နိုင်နိုင်လေးနဲ့သုပ်ဖို့ ဖြစ်သွားရော။
အဲဒီတော့ ပြောလက်စနဲ့ ဂွေးသီးသုပ်လေးပဲ အရင်ရေးလိုက်တော့မယ်။
ဂွေးသီးသုပ်
ဂွေးသီးကိုအခွံခွာ
ရေစင်စင်ဆေးပြီး အချောင်းလေးတွေရအောင်ခြစ်ထား။ မြေပဲလှော်နဲ့ ပုဇွန်ခြောက်မှုန့် လေးထောင်းထား။
ကြက်သွန်နီကိုခပ်ပါးပါးလေးလှီး ရေဆေးပြီး ရေစစ်ထား။ ဆီချက် ချက်ထား။ ဆီချက် ကျက်ပြီဆိုရင်
ကြက်သွန်နီကို အခွံခွာ၊ ရေစင်စင်ဆေးပြီး အထူအပါးညီအောင်လှီးထား။ ရေတော့ပြန်မဆေး တော့နဲ့။
ရေပြန်ဆေးရင် ကြက်သွန်နီက မကြွပ်တော့ဘူးကိုး။ ဆီကိုကျက်အောင်တည်ပြီးရင် ခုနကလှီးထားတဲ့
ကြက်သွန်နီလေးတွေကို ဖွပြီးထည့်ပေး။ ပြီးရင်အကျက်ညီအောင် အသာလေးမွှေပေး။ ကြက်သွန်နီ
ဖတ်ကလေးတွေ ရွှေရောင်စသန်းလာတာနဲ့ မီးဖိုပေါ်ကနေ ဆီချက်အိုးကိုချ။ နနွင်းမှုန့်ကို မီးဖိုပေါ်ကချ
ချခြင်း ထည့်ပေးလိုက်။ ဒါမှဆီချက်လေးက အရောင်လည်းလှ ဆီအပူရှိန်လေးနဲ့ ကြက်သွန်နီဖတ်ကလေးတွေက
ကြွပ်ကြွပ်လေးနဲ့မွှေးတာပေါ့။ နနွင်းကိုအစကတည်းကထည့်လိုက်ရင် အရောင်ကလည်းရင့်သွားသလို
ခါးလည်း ခါးသွားရော။ ကြက်သွန်နီကိုလည်း နည်းနည်းညိုလာတဲ့အထိထားမိရင် ဆီအပူရှိန်နဲ့
တူးပြီးခါးမှာ အသေ အချာပဲ။ ဆီချက်လေးလည်းရပြီဆိုတော့ ဂွေးသီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့်၊
မြေပဲလှော်မှုန့်ကို ပုဇွန်ငံပြာ ရည်လေးနည်းနည်းထည့်နယ်။ ပြီးရင်ဆီချက်လေးပါထည့်နယ်။
အစပ်အတွက်ကတော့ ငရုတ်သီးလှော်မှုန့် ဒါမှမဟုတ် ငရုတ်သီးစိမ်းလှီးထားတာလေး အဆင်ပြေတာထည့်ပေါ့။
ဒါဆိုရင် ကျန်တဲ့ဟင်း နှစ်မျိုးနဲ့ လိုက်လည်းလိုက်ဖက် ခံတွင်းလည်းတွေ့မယ့် ဂွေးသီးသုပ်လေးရပြီပေါ့။
ကြက်ပဲ
ကြက်ပဲချက်ဖို့အတွက်ကတော့ ဗမာကြက်ကို
အနေတော်လေးတွေတုံး။ ဆား၊ ကြက်သားမှုန့်နဲ့နယ်ပြီး ခနနှပ်ထား။ ဆီသတ်ဖို့အတွက် ဇီယာကိုအရင်ထောင်း။
ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ထောင်း။ ပြီးရင် နနွင်းမှုန့်လေးထည့်ပြီးဆီသတ်။
ဆီသတ်တဲ့အထဲကို မဆလာလေးပါ နည်းနည်းထည့်ဆီသတ်ရင် ပိုမွှေးတာပေါ့။ ပြီးမှ ခုနနှပ်ထားတဲ့
ကြက်သားကိုထည့်ပြီး ရေခမ်းအောင်လုံး။ ရေခမ်းရင် ကြက်သားဖတ်လေးတွေကို ခဏဆယ်ထား။ ကုလားပဲ
မကောင်းတာလေးတွေရွေး၊ ရေ စင်စင် ဆေးပြီး ခုနကြက်သားလုံးထားတဲ့ ဆီထဲကိုထည့်ပြီး ခဏလုံးပေး။
ပြီးမှ ရေနည်းနည်းချင်းထည့်ပြီး နူးအောင် တည်။ ကုလားပဲသုံးပုံနှစ်ပုံလောက်နူးပြီဆိုမှ
ခုနက ဆယ်ထားတဲ့ကြက်သားကိုပြန်ထည့်ပြီး နှစ်မျိုးလုံးနူးတဲ့အထိ ပြန်တည်ပေးရုံပေါ့။ ပဲရောကြက်သားပါနူးပြီဆိုမှ
အရသာအပေါ့အငံမြည်း ကြည့်။ စိတ်ကြိုက်ရပြီဆိုမှ မဆလာ လေးအုပ်ပေးလိုက်ပေါ့နော်။
ဂုံမင်းဟင်းခါး
ဂုံမင်းဟင်းခါးချက်ဖို့အတွက်ကတော့ ဂုံမင်းကိုရင့်တာလေးတွေ
ဖယ်ပြီး ဓားပြားရိုက်။ လက်တစ်ဆစ်စီ လောက်ပိုင်းထား။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းကိုရောထောင်းထား။
ဟင်းခပ်ကတော့ ပုဇွန်ခြောက်မှုန့်လေးပဲ သုံးလိုက်မယ်။ ရေနွေးဆူအောင်အရင်တည်ပြီး ရေနွေးဆူလာမှ
ခုနကအဆင်သင့် ပြင်ထားတဲ့ အဆာပလာတွေ နဲ့ ပုဇွန်ငံပြာရည်လေးပါထည့်လိုက်ရုံပါပဲ။ ဂုံမင်းလေးနူးလာပြီ၊
ကြက်သွန်ဖြူ ငရုတ်ကောင်းနံ့လေးလည်း သင်းလာပြီဆိုရင်တော့ အပေါ့အငံ မြည်းကြည့်ပြီး မီးဖိုပေါ်ကချလိုက်ရုံပါပဲ။
ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်နဲ့ ဂုံမင်းနံ့လေးမွှေးပြီး ပူရှိန်းရှိန်းလေးနဲ့ သောက်လို့ကောင်းမှာကတော့
အသေအချာပါပဲ။ ဒီတစ်ပတ်အတွက် ကတော့ မဆလာနံ့ သင်းသင်းလေးနဲ့ ကြက်သားဟင်းလေးကို ချိုချဉ်စပ်ဂွေးသီးသုပ်လေးရယ်၊
ပူရှိန်းရှိန်းလေးနဲ့ မွှေးတဲ့ဂုံမင်းလေးနဲ့ တွဲစားလိုက်ရင်တော့ စားလို့ကောင်းမှာ သေချာနေပြီပေါ့။
မိသားစုထမင်းဝိုင်းလေးမှာ အရသာစုံစုံလင်လင်နဲ့ စားကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment