ကြက်ပင်စိမ်း၊ မှိုဆီကြော်၊ ချဉ်စော်ကားသီးဟင်းရည်












ကြက်ပင်စိမ်း၊ မှိုဆီကြော်၊ ချဉ်စော်ကားသီးဟင်းရည်

ဒီတစ်ပတ်တော့ချက်ရတာလည်းလွယ် အရသာစုံစုံလင်လင်လေးနဲ့ အာဟာရလည်းဖြစ် စားလို့လည်းကောင်းမှာသေချာတဲ့ ဟင်းပွဲလေးချက်မယ်စိတ်ကူးတယ်။ မယ်တော်မားသားကို ဘာစားချင်တာရှိလည်းမေးကြည့်တော့ မစားရတာကြာနေတဲ့ ကြက်ပင်စိမ်းလေးချက်စားရအောင်တဲ့။ ဒါဆိုရင်တော့ ကြက်ပင်စိမ်းချက်ရင် အသားပဲသီးသန့်ချက်၊ ဖယ်လိုက်တဲ့ကြက်ရိုးလေးနဲ့ ဟင်းချိုလေးတစ်ခွက်ချက်ပြီးရင် ရှမ်းပြည်ကနေပို့ပေးလိုက်တဲ့ ထင်းရှူးမှိုလေးကို မှိုဆီကြော်လေးကြော် ဒါဆိုရင်တော့ အလုပ်လည်းသိပ်မရှုပ်ဘဲ ချက်ရတာလည်းမြန် စားလို့လည်းကောင်းပေါ့နော်။

မှိုဆီကြော်
မယ်တော်မားသားဈေးသွားနေတုန်း အိမ်မှာရှိတဲ့ထင်းရှုးမှိုလေးကို မှိုဆီကြော်လေး အရင်ကြော်ထားလိုက်မယ်။ မှိုလေးတွေကို ရေအရင်ဆေးပြီးမှရေပြန်သေချာစစ်ပြီး အနေတော်လေးတွေဖဲ့ထား ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး စဉ်းထား။ ငရုတ်သီးစိမ်းအတောင့်သေးလေးတွေကို အညှာခြွေရေဆေးပြီး ရေစင်စင်ဆေးထား။ ဆီပူလာရင် ငရုတ်သီးစိမ်းတောင့်လေးတွေကို အရင်ကြော် မွှေးလာပြီဆိုမှ ဆယ်ပြီးဆီစစ်ထား။ ငရုတ်သီးစိမ်းကြော်ထားတဲ့ဆီထဲကို မှိုထည့်၊ ဆားလေးသင့်ရုံထည့်ပြီး မှိုမှာရှိတဲ့ရေခန်းပြီးခြောက်တဲ့အထိ မီးနည်းနည်းနဲ့ကြော်၊ မှိုရေခန်းခါနီးပြီဆိုမှ ဓားပြားရိုက်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်။ ဒါဆိုရင် ငရုတ်သီးစိမ်းကြော်နံ့၊ ကြက်သွန်ဖြူနံ့နဲ့ မှိုနံ့လေးရောသွားတော့ အနံ့လေးရတာနဲ့တင် စားချင်စိတ်ပေါက်လာတာပေါ့နော်။ မှိုလည်းရေကုန်ပြီဆိုရင် ခုနကကြော်ထားတဲ့ ငရုတ်သီးစိမ်းကြော်လေးထည့်မွှေပေးလိုက်မယ်ဆိုရင် စားလို့ကောင်းမှကောင်းတဲ့ မှိုဆီကြော်လေးရပြီပေါ့ ဆွေမျိုးတို့ရာ။ ဆီများများလေးနဲ့ကြော်ထားတာဆိုတော့ အအေးခံပုလင်းထဲထည့်ပြီး လေလုံလုံလေးပိတ်ထားမယ်ဆိုရင်လည်း အထားခံပြီး ကြာကြာစားလို့ရတာပေါ့။

ကြက်ပင်စိမ်း
ကြက်သားကို ရေစင်စင်ဆေး အရိုးတွေဖယ်ပြီး အသားသီးသန့် အတုံးသေးသေးလေးတွေတုံးထား။ ပြီးရင် ဆား၊ သကြား၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ကြက်သားမှုန့်သင့်ရုံထည့်နယ်ပြီး ခဏနှပ်ထား။ ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး စဉ်းထား။ ကြက်သွန်နီကို အတုံးလေးတွေတုံးထား။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပြီး ခပ်စွေစွေနဲ့ ကြီးကြီးလေးလှီးထား။ ပင်စိမ်းကိုခြွေပြီး ရေစင်စင်ဆေး ရေပြန်စစ်ထား။ ဆီပူလာရင် ဓားပြားရိုက်စဉ်းထားတဲ့ကြက်သွန်ဖြူထည့်ပြီး ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ကြက်သွန်နီထည့်၊ ခုနကနှပ်ထားတဲ့ကြက်သားထည့်ပြီး ခပ်နာနာလေးလုံးပေး။ ပြီးရင် ရေထည့်ပြီးနူးအောင်တည်။ ဆီပြန်ပြီးကြက်သားနူးပြီဆိုမှ ငရုတ်သီးစိမ်းထည့် ပင်စိမ်းထည့်မွှေပေးပြီး မီးဖိုပေါ်ကချ ဒါဆိုရင်တော့ ချက်ရတာလည်းလွယ်၊ ပင်စိမ်းနံ့လေးသင်းနေတဲ့ ကြက်ပင်စိမ်းချက်မွှေးမွှေးလေး ရပြီပေါ့နော်။

ချဉ်စော်ကားသီးဟင်းရည်
ကြက်ရိုးတွေနဲ့ မုန်လာဥဖြူကို ဆားလေးသင့်ရုံထည့်ပြီး နူးတဲ့အထိပြုတ်၊ ကြက်ရိုးပြုတ်ရေလည်း ဖြူလာတဲ့အထိ မုန်လာဥကနေလည်း အချိုထွက်တဲ့အထိပေါ့နော်။ ပြီးမှ ချဉ်စော်ကားသီးခြောက်ထည့်၊ ဓားပြားရိုက်ထားတဲ့ငရုတ်သီးစိမ်း၊ ချင်း၊ ကြက်သွန်ဖြူထည့် အရသာချိုချဉ်ငန်စပ်လေးရပြီဆိုမှ ကြက်သွန်မြိတ်လေးအုပ်ပေးလိုက်မယ်ဆိုရင်တော့ ထမင်းစားလို့အရမ်းမြိန်စေတဲ့ ချဉ်စော်ကားသီးဟင်းရည်တစ်ခွက်ရပြီပေါ့။ အခုလို H1N1 ရောဂါတွေဖြစ်နေတဲ့အချိန်မှာ ဒီဟင်းရည်လေးကလည်း အတတ်နိုင်ဆုံးကိုယ်ခံအားကိုမြင့်ထားပေးနိုင်တော့ ဒီချိန်မှာသောက်သင့်တဲ့ ဟင်းရည်လေးပေါ့။ ဒီတစ်ပတ်တော့ ဒီလောက်ပဲ ချက်ကြတာပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

 Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment