ဒီနေ့တော့
စားချင်တာလေးချက်စားမယ် စိတ်ကူးတယ်။ အနားယူချိန်လေးလည်းကျန်အောင် အလုပ်ရှုပ်တာတော့မချက်တော့ဘူး။
ချက်လို့လည်းလွယ် စားလို့လည်း အတွဲအစပ်မိတာလေးပဲချက်တော့မယ်။ မယ်တော်မားသားက ထုံးစံအတိုင်း
ညကတည်းက ဘာချက်စားမှာလည်း မနက်ဈေးသွားရင် ဘာဝယ်ခဲ့ ရမလဲမေးတော့ ကြက်ကချင်ချက်စားချင်လို့
ဗမာကြက်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်းမှာလိုက်တယ်။
ဘဲဥမဆလာကြော်ဖို့အတွက်တော့
အိမ်မှာက ဘဲဥအဆင်သင့်ရှိနေတော့ မှာစရာမလိုတော့ဘူး။ သပြုသီးဟင်းခါးချက်ဖို့အတွက် သပြုသီးလေးတစ်လုံးလောက်ပဲ
ထပ်မှာဖြစ်တော့တယ်။
ဟင်းခါးချက်ဖို့အတွက်
ဟင်းခပ်အဖြစ်သုံးမယ့် ပုဇွန်ကတော့ မှာစရာမလိုတော့ဘူးလေ။ မယ်တော် မားသားက အခုလိုပုဇွန်ပေါတဲ့
မိုးရာသီဆို အဆင်သင့်ကိုဆောင်ထားတော့တာကိုး၊ ပုဇွန်ရှားတဲ့ နွေရာသီကို ရောက်တော့မှသာ
နယ်ကိုပုဇွန်ခြောက်မှာပြီး တစ်နွေ စာဝယ်ထားဖြစ်တယ်။ ပြောတာလေးရပ်ပြီး ချက်ရေးပြုတ်ရေးစကြရအောင်လား။
ကြက်ကချင်ချက်
ကြက်ကချင်ချက်အတွက်
ဗမာကြက်ကို ရေသေချာဆေး။ အနေတော်တုံးပြီး ငရုတ်ဆီ၊ ပဲငံ ပြာရည်အနောက်၊ ကြက်သားမှုန့်၊
ဆား၊ သကြား သင့်ရုံထည့်နယ်ပြီး ခနနှပ်ထားလိုက်မယ်။ ကြက်သွန်ဖြူနီနဲ့ဂျင်းကြိုက်ရင်
နည်းနည်း ထည့်ပေါ့။ မကြိုက်လည်းထည့်စရာမလိုပါဘူး။ ကြက်သွန်ဖြူနီကိုပဲထောင်း နနွင်းမှုန့်လေးနည်းနည်း
ထည့်ပြီး ဆီသတ်ထားလိုက်မယ်။ ဆီသတ်လို့ စိမ်းနံ့ပျောက်ပြီးမွှေးလာမှ ခုနနှပ်ထားတဲ့ ကြက်သားကို
နာနာလေးလုံးပေးလိုက်မယ်။ ပြီးတော့ရေထည့်ပြီး နူးအောင်တည်ထားလိုက်ရုံပေါ့။ ကြက်သားတည်
ထားတုန်းမှာ ပင်စိမ်းရွက်နဲ့ရှမ်းနံနံကို သေချာရေးဆေး ခပ်ပါးပါးလှီးထားလိုက်မယ်။ ငရုတ်သီးစိမ်း
အညှာခြွေ
ရေဆေးပြီးအရင်ထောင်း ပြီးရင်ခုနက လှီးထားတဲ့ ပင်စိမ်းနဲ့ ရှမ်းနံနံပါထည့်ထောင်းထား။
ကြက်သားနူးလို့ အပေါ့အငံစိတ်ကြိုက်ရပြီဆိုရင် ထောင်းထားတဲ့ငရုတ်သီးစိမ်း၊ ပင်စိမ်းနဲ့
ရှမ်းနံနံကိုထည့်ပြီး ခဏမွှေပေး။ ဒါဆိုရင်ကြက်ကချင် ချက်ချိုစပ်မွှေးလေးရပြီပေါ့။
ဘဲဥမဆလာကြော်
ဘဲဥမဆလာကြော်ဖို့အတွက်က
ဘဲဥကို ရေလေးနည်းနည်းထည့်ပြီး အရင်ခေါက်ထားပြီးမှ မဆလာ ပုဇွန်ခြောက်မှုန့် ပုဇွန်ငံပြာရည်နဲ့
ငရုတ်သီးစိမ်းမထူမပါး လှီးထားတာလေးပါ ထည့်ခေါက်လိုက်ပေါ့။ ကြက်သွန်နီ ဥလတ်တစ်ဥလောက်ကို
မထူမပါးလှီးထားတာကို အရင်ဆီသတ် စိမ်းနံ့ပျောက်ပြီဆိုရင် ခုနကခေါက် ထားတဲ့ ဘဲဥနဲ့အဆာလေးတွေကိုနှံ့အောင်မွှေပြီးထည့်
တစ်ဖက်ကျက်ပြီဆိုမှ တစ်ဖက်ကို လှန်ပေးလိုက်ရင် ဘဲဥမဆလာ ကြော်မွှေးမွှေးလေးရပါပြီ။
သပြုသီးဟင်းခါး
သပြုသီးဟင်းခါးအတွက်က သပြုသီးရဲ့
အပေါ်ခွံရင့်တာတွေကိုဖယ်ပြီး နုတာလေးတွေကို မထူမပါးလှီးထား။ ချက်မယ့်အိုးထဲကို ရေအရင်ထည့်ပြီး ဆူအောင်တည်။ ရေဆူလာရင် ဟင်းခပ်လုပ်မယ့် ပုဇွန်လေးတွေထည့်၊ သပြုသီးလှီးထားတာထည့်၊ ကြက် သွန်ဖြူနဲ့ ငရုတ်ကောင်းပါထောင်းပြီးထည့် အငံအတွက်ကတော့ ပုဇွန်ငံပြာရည်လေးထည့်လိုက်ပေါ့။ ကျန်တဲ့ဟင်းခါးတွေနဲ့မတူဘဲ ချဉ်ချဉ်လေးနဲ့ သောက်လို့တော့ တော်တော်ကောင်းတယ်ဗျ။ အဲဒီသပြုသီးဟင်းခါးလေး က ဒီတစ်ပတ်တော့ ကြက်ကချင်ချက် ချိုစပ်မွှေးလေး ရယ် ဘဲဥမဆလာကြော်လေးရယ် သပြုသီးဟင်းခါး ချဉ်ချဉ်ပူလေးရယ်နဲ့ဆိုတော့ စားကောင်းမှာအသေအချာ ပဲပေါ့။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ကြတာပေါ့။ အားလုံးပဲအဆင်ပြေပျော်ရွှင်ကြပါစေ။
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment