စိတ်ထဲအလိုမကျဖြစ်တဲ့အချိန် ဆင်ခြင်စရာကိစ္စရပ်တွေက ဒီလို…









လူတိုင်းစိတ်ထဲနေထိုင်မကောင်းတာ စိတ်မတင်မကျ ဒေါသထွက်ရမလို၊ ဒေါသထွက်စရာ လူမရှိတဲ့ အခြေအနေမျိုး စိတ်ထဲအလိုမကျဖြစ်တဲ့ အချိန်မျိုးတစ်နေ့တာမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ ကြုံဖူးကြမှာပါ။ အဲဒီလိုအခါမျိုးမှာ ပတ်ဝန်းကျင်ကို ရန်မူမိမယ်။ ကလေးတွေလည်းအော်မိမယ်။ သေးငယ်တဲ့ ကိစ္စလေးတွေအထိတောင် သည်းခံနိုင်စွမ်းကကုန်ဆုံးသွားပါလိမ့်မယ်။ အဲဒီလိုအခြေအနေတွေကြောင့်ပဲ ဆက်ဆံရေးတွေက ပျက်ပြားလာရပါတယ်။ အဲဒီတော့ စိတ်ထဲအလိုမကျဖြစ်နေချိန်မှာ ဘယ်လိုအပြုအမူမျိုး ရှောင်သင့်သလဲ။

လူမှုရေးမီဒီယာတွေမှာမတင်နဲ့

ကိုယ့်စိတ်ထဲအလိုမကျဖြစ်တဲ့အခါ အလိုမကျဖြစ်တဲ့အကြောင်းကို လူမှုမီဒီယာတွေမှာ လူသိရှင်ကြား ဖွင့်ဟမပြောဖို့အရေးကြီးပါတယ်။ ကိုယ်ကစိတ်ဆိုးဒေါသထွက်တုန်း ခဏရေးလိုက်ပေမယ့် ကိုယ်ရေးလိုက်တဲ့ စကားလုံးတွေက ပတ်ဝန်းကျင်တစ်စုံတစ်ယောက်ကို ထိခိုက်သွားနိုင်ပါတယ်။ လူမှုမီဒီယာတွေမှာ ပြန်ဖျက်လို့ ရပေမယ့် ပတ်ဝန်းကျင်က အတော်အသင့်သိသွားလောက်ပါတယ်။ အဲဒါကြောင့် စိတ်ဆိုးဒေါသထွက်တဲ့ အကြောင်းကို နေ့စဉ်မှတ်တမ်းလိုမျိုး တစ်ကိုယ်ရေသုံးစာအုပ်ထဲမှာသာ ရေးတာပိုကောင်းပါတယ်။

အစားအသောက်ဆင်ခြင်

လူအများစုက စိတ်ဆိုးဒေါသထွက်တာတွေကို အစားစားပြီး ဖြေဖျောက်လေ့ရှိပါတယ်။ အများအားဖြင့် ချိုနေတဲ့အစားအစာတွေစားကြပြီး အဲဒီအစားအစာက စိတ်တည်ငြိမ်စေတယ်လို့ မှတ်ယူထားကြပါတယ်။ အဲဒါက ကျန်းမာရေးအတွက်ဆိုရင် အ၀လွန်ခြင်း၊ အစာမကြေခြင်း တွေအထိဖြစ်နိုင်တဲ့အတွက် ဆင်ခြင်သင့် ပါတယ်။

ကားမမောင်းနဲ့

စိတ်ဆိုး၊ ဒေါသထွက်နေချိန် အတက်နိုင်ဆုံး ကားမမောင်းဖို့လိုပါတယ်။ အခုလို ကားလမ်းတွေ ကျပ်နေချိန် ကားမောင်းတာက စိတ်ဆိုးနေတဲ့လူကို ပိုပြီးဒေါသထွက်သွားအောင် စွပေးသလိုဖြစ်စေပြီး ဒေါသနဲ့ ပတ်ဝန်းကျင်ကို မမြင်နိုင်တဲ့အတွက် ကိုယ်တိုင်ကိုရော ပတ်ဝန်းကျင်ကိုပါ ဒုက္ခရောက်စေပါလိမ့်မယ်။

ဆုံးဖြတ်ချက်မချနဲ့

ဒေါသထွက်နေချိန်၊ ပျော်ရွှင်နေချိန်မှာ လူတွေကဆုံးဖြတ်ချက် အလွယ်တကူချလေ့ရှိပါတယ်။ ဒေါသ ထွက်နေချိန်မှာတော့ မကောင်းတဲ့ဆုံးဖြတ်ချက်မျိုးတွေ အလွယ်တကူချတတ်ပါတယ်။ စိတ်ပြန်ပြေသွားချိန်မှာ ဒီလိုဆုံးဖြတ်ချက်တွေက နောင်တရနိုင်စရာတွေဖြစ်လာတဲ့အတွက် ဆုံးဖြတ်ချက်မချဖို့လိုပါတယ်။

ပြန်မတွေးနဲ့

ပဋိပက္ခတစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်တာကို ပြန်တွေးတာကလည်း လူတစ်ယောက်ကို ပိုပြီးဒေါသထွက် စေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုစိတ်မကြည်မလင်ဖြစ်စေတဲ့ အကြောင်းအရာတွေကို တတ်နိုင်သလောက် မေ့ပျောက်ပစ်လိုက်ပါ။ ထပ်မတွေးပါနဲ့။
အရက်မသောက်နဲ့

လူအများစုကအရက်သောက်တာကို စိတ်တည်ငြိမ်စေတယ်လို့ ထင်နေကြပါတယ်။ စိတ်အလိုမကျ ဒေါသထွက်တိုင်း အရက်သောက်တတ်ကြပါတယ်။ ဒါပေမဲ့ အချိန်ကြလာတာနဲ့အမျှ အရက်ကစွဲလာပြီး ဖြတ်မရဖြစ်သွားစေပါတယ်။ ကျန်းမာရေးအရ လူကိုထိခိုက်စေတဲ့အပြင် မူးလာတဲ့အခါသွေးဆိုးပြီး ပိုဒေါသ ထွက်တတ်ကြတဲ့အတွက် အရက်သောက်တာကိုလည်း ရှောင်နိုင်သမျှရှောင်တာ အကောင်းဆုံးဖြစ်စေပါ တယ်။
စာမပို့နဲ့

ဒါကလည်းအရေးကြီးပါတယ်။ တစ်စုံတစ်ယောက်ကို ကိုယ်စိတ်ဆိုးဒေါသထွက်တဲ့ အကြောင်းစာပို့ တာက ဆက်ဆံရေးကိုပျက်သွားစေတဲ့ အဓိကအချက်ပါ။ ပို့ပြီးသားစာကလည်း သက်သေနှင့်တကွဖြစ်စေတဲ့ အတွက် ပြန်ရုပ်သိမ်းရခက်ပါတယ်။

အတင်းပြောခြင်းရှောင်

ကိုယ်ဒေါသထွက်တဲ့အကြောင်း ပတ်ဝန်းကျင်ကိုပြောတာကလည်း မကောင်းတဲ့ကိစ္စတစ်ခုပါ။ တကယ်လို့ နှုတ်လွန်သွားတဲ့အခါမှာ ကိုယ့်ဘက်သူ့ဘက် နစ်နာစရာတွေဖြစ်လာစေနိုင်တဲ့အတွက် အတတ်နိုင်ဆုံး အတင်း ပြောခြင်းရှောင်ပါ။
မအိပ်နဲ့

စိတ်ဆိုးဒေါသဖြစ်နေချိန် အိပ်ဖို့မကြိုးစားပါနဲ့။ ကိုယ့်ကို ပိုပြီးပင်ပန်းစေမယ့်အပြင် စိတ်ကျန်းမာရေး ကိုပါထိခိုက်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံး စိတ်ကိုရှင်းအောင်ထားပြီးမှ အိပ်တာကောင်းပါတယ်။

ရန်နိုင်

--------------------------------------------------------

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်


Share on Google Plus

0 comments:

Post a Comment