DUNKIRK
အပြောင်မြောက်ဆုံးလက်ရာတစ်ခု
အဆင့်သတ်မှတ်ချက် - ၄/၅
သရုပ်ဆောင်များ
- ၀ှိုက်ဟတ်၊ တွမ်ဂလင်းကာနေး၊ ဂျက်လော်ဒန်၊ ဟယ်ရီစတိုင်၊ ဘားနက်၊ ဂျိမ်းစ်ဒီအာစီ၊ ဘယ်ရီကနော့ဟန်၊
ဘရန်နာ၊ စီလီယံမာဖီ၊ မာ့ခ်ရိုင်လန့်စ်၊ တွမ်ဟာဒီ
ဒါရိုက်တာ - ခရစ္စတိုဖာနိုလန်
ဘာကောင်းလဲ - ဇာတ်ညွှန်း၊ တင်ပြပုံ၊ စွမ်းဆောင်ရည်၊
ရုပ်ရှင်ရိုက်ကူးရေးပညာပိုင်းနဲ့ နောက်ခံသမိုင်းကြောင်းကောင်းမွန်ခြင်း
ဘာဆိုးလဲ - ဒီဇာတ်ကားရဲ့အပြစ်အနာအဆာကို ရှာမတွေ့လောက်တဲ့အထိ
ဖြစ်နေပါတယ်။
ကြည့်သင့်သလား - ပထမဆုံးခေါင်းစဉ်က အဆင့်သတ်မှတ်ချက်ကိုကြည့်ပြီးကတည်းက
တခုတ်တရစောင့်ကြည့်သင့်သလားဆိုတာ အဖြေပေါ်နေလောက်ပါပြီ။
ဇာတ်လမ်းအကျဉ်း
ဒုတိယကမ္ဘာစစ်အတွင်း
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဒန်ကတ်ကမ်းခြေမှာ စစ်သားလေးသိန်းဟာ
သောင်တင်နေပြီး
အချိန်မရွေးအသက်ဆုံးရှုံးရနိုင်တဲ့အဲဒီနေရာကနေစွန့်ခွာနိုင်ဖို့
ကယ်တင်မယ့်အဖွဲ့ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေကြပါတယ်။ သူတို့ဟာ
ရန်သူတွေရဲ့လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်း ဆက်လက်ခံနေရပြီး
အသက်ရှင်ဖို့အတွက် ခဲယဉ်းစွာကြိုးစားနေရပါတယ်။
အားလုံးက သင်္ဘောထဲမှာ နေရာတစ်နေရာရဖို့
အပန်းတကြီးရှာဖွေနေရပေမယ့် ဒီလောက်များပြားလှတဲ့လူတွေအတွက် လုံလောက်တဲ့သင်္ဘောအရေအတွက်လည်း
မရှိပါဘူး။ သေခြင်းတရားက မလွဲဧကန်ရောက်လာတော့မယ့်အချိန် စစ်သားတွေဟာ အသက်ရှင်ဖို့ အာမခံချက်မရှိတော့ပေမယ့်
စိတ်ပျက်အားလျှော့ခြင်းမရှိဘဲ အသက်ရှင်ဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ဇာတ်ကားသုံးသပ်ချက်- ဇာတ်ညွှန်းကိုလေ့လာခြင်း
ဒီဇာတ်ကားကိုကြည့်နေတဲ့အချိန်မှာ
အဲဒီနေရာကိုခရီးထွက်နေတယ်လို့တောင် ခံစားရတဲ့အထိ ဇာတ်ညွှန်းကလုံးဝပြစ်ချက်ရှာမတွေ့ပါဘူး။
ဒီဇာတ်ကားမှာ စကားပြောခန်းတွေ အများကြီးမပါပေမယ့် တိတ်ဆိတ်နေတာကလည်း တစ်ခါတလေ စကားပြောနေသလိုဖြစ်တတ်ပါတယ်။
ပြီးပြည့်စုံတဲ့ဇာတ်ညွှန်းနဲ့ လုံးဝကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ ပေါင်းစပ်လိုက်တဲ့အခါ
ဒီဇာတ်ကားက ဒိုင်ယာလော့ခ်တွေ အများကြီးမလိုတော့ပါဘူး။ ရေထဲနစ်မြုပ်နေတဲ့သင်္ဘောထဲမှာ
ယောက်ျားတွေအများကြီးပိတ်မိနေပြီး အဲဒီသင်္ဘောက လူအများစုစွန့်ခွာလိုက်တာနဲ့ရေပေါ်ဆက်လက်မောင်းနှင်နိုင်ဦးမှာဖြစ်ပါတယ်။
ဒီတော့ ဘယ်သူများ ကိုယ့်ကိုယ်ကိုယ်အနစ်နာခံမှာလဲ။
ဘယ်သူကများ သေနတ်နဲ့အတေ့ခံပြီး သင်္ဘောပေါ်ကနေခုန်ဆင်းဖို့
အတင်းအကျပ်ဖိအားပေးခံရမှာလဲ။ တွေ့တဲ့ဗြိတိသျှသင်္ဘောကလည်း ပြင်သစ်စစ်သားတွေကိုမတင်တော့
သူတို့ဘယ်လိုရုန်းထွက်ကြမလဲ…စတဲ့လှည့်ကွက်အများအပြားနဲ့ ဇာတ်ညွှန်းက ဟာကွက်မရှိကောင်းလွန်းပါတယ်။
ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်နေချိန် အကူအညီမဲ့နေတဲ့စစ်သားတွေကတော့ အသက်ဆက်လက်ရှင်သန်နိုင်ဖို့
အားစိုက်ရုန်းကန်နေရပါတယ်။ သူတို့ထဲက ဘယ်လောက်များ ဆက်လက်အသက်ရှင်သန်နိုင်မှာလဲ။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားချိန်မှာ
ဘယ်လောက်များအသက်ဘေးကနေလွတ်မြောက်နိုင်မှာလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့လှည့်ကွက်တွေပါပဲ။
ဇာတ်ကားသုံးသပ်ချက် - ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်
ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်သူအားလုံးက
သူ့နေရာနဲ့သူ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဗြိတိန်လူငယ်အဆိုတော်အဖွဲ့ One Direction အဖွဲ့ဝင်
ဟယ်ရီစတိုင်ကလည်း သူ့ရဲ့ပထမဆုံးဟောလိဝုဒ်ဇာတ်ကားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားသုံးသပ်ချက် - ဒါရိုက်တာပိုင်းနဲ့ ဂီတပိုင်းကိုလေ့လာခြင်း
ဒါရိုက်တာပိုင်းနဲ့ပတ်သက်လို့
သိပ်ကောင်းတယ်လို့ပဲပြောပါရစေ။ စစ်ကားဆိုမပြတ်တမ်းကြည့်ရှုသူတွေအတွက်တော့ အခုပဲပြေးကြည့်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပြီး
နောက်ဆုံး ကိုယ်ကစစ်ကားတွေကို လူတွေတစ်ဖြုတ်ဖြုတ်သေနေတဲ့ဇာတ်ကားအဖြစ်သတ်မှတ်ရင်တောင်မှ
ဒီဇာတ်ကားကိုကြည့်ပြီး စစ်ကားကြိုက်သူများစာရင်းဝင်သွားနိုင်ပါတယ်။ အပြောင်မြောက်ဆုံးလက်ရာလို့တောင်
ဆိုနိုင်ပါတယ်။ ဂီတပိုင်းနဲ့ပတ်သက်လို့ပြောရရင်လည်း နားကွဲလုမတတ်ကြားရတဲ့သေနတ်ပစ်သံတွေ၊
ဗုံးကြဲတာတွေကို ဒီဇာတ်ကားမှာကြားရမှာမဟုတ်ဘဲ ကင်မရာရိုက်ချက်တွေကလည်း အနီးကပ်ရိုက်ချက်၊
အပေါ်ပိုင်းရိုက်ချက်တွေနဲ့အတူ ရွေ့လျားရိုက်ချက်တွေကလည်း အံ့မခန်းပါပဲ။
ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment