ဘ၀တစ်ခုကိုဖြတ်သန်းကြတဲ့အခါမှာ
လူထောင်ပေါင်းများစွာကိုကြုံဖူးဆုံဖူးကြမှာပါ။ ဒီလူထောင်ပေါင်းများစွာထဲက တချို့ကကိုယ့်နဲ့
ပိုရင်းနှီးသွားပြီး သူငယ်ချင်းဆိုတာဖြစ်လာပါတယ်။ သူငယ်ချင်းတွေကလည်း ဘ၀ထဲကိုနည်းလမ်းပေါင်းများစွာနဲ့ဝင်ရောက်လာကြသူတွေပါ။
ကိုယ့်အစ်ကိုလို၊ အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတွေရှိမယ်။ ကိုယ့်ကိုလှည့်ဖျားတဲ့သူငယ်ချင်းတွေရှိမယ်။
ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားအတွက်အသုံးချသွားတဲ့ သူငယ်ချင်းမျိုးရှိမယ်။ ဘယ်လိုပုံစံမျိုးတွေပဲကွဲပြားနေပါစေ
သူတို့အားလုံးက ကိုယ့်ဘ၀ကိုတစ်မျိုးတစ်ဖုံ ပုံဖော်ထုဆစ်ပေးကြတာမဟုတ်ပါလား။ အဲဒီတော့
ကိုယ့်ဘ၀မှာ ဘယ်လိုသူငယ်ချင်းမျိုးနဲ့ဆုံမိပြီလဲ။ ဘယ်လိုသူငယ်ချင်းမျိုးနဲ့ဆုံဖို့ကျန်သေးလဲဆိုတာ
လေ့လာကြည့်ရအောင်။
နှစ်ပေါင်းများစွာမတွေ့တာကြာတဲ့ သူငယ်ချင်းတွေ
တချို့တွေက
စစ်မှန်တဲ့သူငယ်ချင်းဖြစ်ဖို့ ကိုယ့်ဘ၀ထဲနေ့စဉ်နဲ့အမျှအ၀င်အထွက်လုပ်နေစရာမလိုပါဘူး။
သူတို့တခြားမြို့ကိုပြောင်းသွားတာဖြစ်ချင်ဖြစ်မယ်။ ဘ၀ရှင်သန်ဖို့အတွက် တစ်နေရာရာမှာကြိုးစားနေတာဖြစ်ချင်ဖြစ်မယ်။
ဒီလိုမျိုးသူငယ်ချင်းတွေနဲ့ပတ်သက်ပြီး ထူးခြားချက်ကတော့ ဘယ်လောက်ပဲဝေးကွာနေပါစေ ကိုယ်တွေနဲ့အနေစိမ်း၊
သွေးအေးသွားခြင်းမရှိတာပါဘဲ။
ငယ်ဘ၀ကသူငယ်ချင်း
ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့
လက်ရှိအချိန်အထိပေါင်းဖြစ်ကြတာများပါတယ်။ ကျောင်းတက်ရက်နောက်ဆုံးနေ့မှာ “ကိုယ်ကသာအကောင်းဆုံးပါ။
သူကသာ အကောင်းဆုံးပါ”ဆိုပြီး နှစ်သက်ကြမယ့်လူမျိုးတွေပါ။ ကျောင်းဆရာကန်တော့ပွဲ၊ ကျောင်းသားစုံညီပွဲတွေမှာတောင်
ပြန်ဆုံကြဖို့ခက်ခဲပေမယ့် သူတို့နဲ့အတူဖြတ်သန်းခဲ့တဲ့ ကျောင်းသားဘ၀တွေဟာ ရင်ထဲမှာတော့
အမှတ်တရတစ်ခုအနေနဲ့ရှင်သန်နေဆဲမဟုတ်ပါလား။
လျှပ်တစ်ပြက်သူငယ်ချင်း
ရက်တိုသင်တန်းလေးတွေလိုမျိုး
နေရာဒေသတစ်ခုမှာ လတ်တလောခင်မင်ခွင့်ရလိုက်တဲ့သူငယ်ချင်းမျိုးပါ။ အချိန်တိုအတွင်း အလျှင်အမြန်ခင်မင်သွားခဲ့ကြပေမယ့်
အကြောင်းကြောင်းကြောင့် ဘ၀ထဲကထွက်ခွာသွားကြရပါတယ်။ ဒါပေမဲ့ သူတို့နဲ့ရှိနေစဉ်အချိန်လေးက
အမှတ်တရကောင်းတွေ ကျန်ရစ်နေခဲ့တာမဟုတ်ပါလား။
လွယ်လွယ်လာ လွတ်လွတ်ပြန်သွားတတ်တဲ့သူငယ်ချင်း
အတူရှိနေစဉ်မှာ
ပျော်ရွှင်စရာကောင်းတယ်။ ဒါပေမယ့် ဘယ်တော့ထပ်ပြီးပြန်ဆုံနိုင်မယ်ဆိုတာမသိသလို တစ်ခါတစ်ရံအသိမပေးဘဲ
အိမ်ရှေ့တံခါးဝမှာအဆင်သင့်ရောက်နေတတ်ပြန်ရော။ ခင်မင်မှုမှာ ဘာဖိအား၊ ဘာတောင်းဆိုမှုမှမရှိတဲ့အတွက်
ဒါလည်းကောင်းတယ်လို့ပြောရမလားပါဘဲ။
သူငယ်ချင်းမဟုတ်သော သူငယ်ချင်း
ဝမ်းနည်းစရာကောင်းစွာပဲ
တစ်စုံတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ခွင့်ကြုံလာနိုင်ပါတယ်။ ကိုယ့်ဆီကနေ တစ်စုံတစ်ခုရယူလိုပြီး
ပြန်ပေးဖို့ခက်ခဲတဲ့လူမျိုပေါ့။ ၀မ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုကတော့ ဒီလိုသူငယ်ချင်းမျိုး
ကိုယ်တစ်စုံတစ်ခုထိခိုက်နစ်နာမှသိခွင့်ရလိုက်ခြင်းပါပဲ။
လွှမ်းမိုးမှုရှိသော သူငယ်ချင်း
သူငယ်ချင်းထက်ပိုတယ်လို့
ပြောရလောက်တဲ့လူမျိုးကြုံဖူးကြမှာပါ။ သွားလည်းအတူ၊ လာလည်းအတူ၊ စားလည်းအတူဆိုတာမျိုးပေါ့။
ဘာပဲလုပ်လုပ် တိုင်ပင်စရာမလိုလောက်အောင် စိတ်တူကိုယ်တူရှိတဲ့အတွက် ပတ်ဝန်းကျင်က သူနဲ့လက်ထပ်တော့မှာလား၊
ကြိုက်နေတာလားဆိုပြီးမေးရလောက်အောင်ခင်တဲ့လူမျိုးပေါ့။
ထားရစ်ခဲ့မယ့်သူငယ်ချင်း
နဂိုသူ့အတိုင်းဆို
ပေါင်းလို့သင်းလို့ကောင်းတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့
ပတ်ဝန်းကျင်နဲ့တွေ့တဲ့အခါ အရောင်ပြောင်းသွားတဲ့လူမျိုးပေါ့။
ဥပမာ - ပါတီပွဲကို ကိုယ်နဲ့အတူသွားတယ်။ ဒါပေမဲ့ ဟိုရောက်တော့
ကိုယ့်အနားမှာထက်
လူစိမ်းပတ်ဝန်းကျင်နဲ့ပိုပြီးအဆင်ပြေပျော်ရွှင်နေတာမျိုးပေါ့။
အဖွဲ့ခေါင်းဆောင်
တချို့သူငယ်ချင်းအဖွဲ့လိုက်တွေမှာ
ကိုယ့်ကိုယ်ကိုယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ထင်တဲ့သူငယ်ချင်းမျိုးပေါ့။
ကိုယ့်အနေနဲ့ဘာပဲလုပ်လုပ် သဘောမတူချင်ပေမယ့် လိုက်မလုပ်ချင်ပေမယ့် တခြားသူငယ်ချင်းတွေကလိုက်နာကြတယ်။
အဖွဲ့ထဲမှာ တစ်ယောက်ယောက်တစ်စုံတစ်ခုဖြစ်ပြန်တော့လည်း သူ့ကိုယ်သူတာဝန်မကင်းသလိုခံစားနေရတဲ့လူမျိုးပေါ့။
နှစ်သိမ့်အကြံပေးသူ
သူကတော့ ကိုယ်တွေဘာပဲဖြစ်လာခဲ့၊
ဘယ်လိုပဲစိတ်ညစ်လာခဲ့ မငြီးမငြူနားထောင်သူတစ်ယောက်ပေါ့။ နားထောင်ပေးပြီးရင် အကြံဉာဏ်တွေပေးမယ်။
ကိုယ့်ကိုနှစ်သိမ့်ပေးမယ်။ သေချာတာတစ်ခုကတော့ ဒီလိုသူငယ်ချင်းမျိုးက ဘ၀မှာမရှိမဖြစ်လိုအပ်ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment