ပေါင်းသင်းဆက်ဆံရေးမှာ လိုအပ်နေတာလေးတွေ






လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါ ဘယ်အရာကအရေးကြီးဆုံးလို့ထင်ပါသလဲ။ ရိုးသားပွင့်လင်းမှုလား၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ယုံကြည်နားလည်မှုလား၊ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ်ထင်တာတွေထက်ပိုပြီးလိုအပ်ပါတယ်။ အဲဒါဘာတွေလဲ။ လူတစ်ယောက်က ကိုယ်ပေါင်းသင်းဆက်ဆံတဲ့လူတစ်ယောက်အပေါ်မှာ ဘာအရည်အချင်းတွေကိုရှာဖွေတတ်ပါသလဲ။
မေတ္တာတရား
နွေးထွေးမှု၊ မေတ္တာတရားအတွက် ယောက်ျားမိန်းမရယ်လို့ကွဲပြားပြီးလိုအပ်ကြတာမရှိပါဘူး။ မေတ္တာတရားလိုအပ်မှုမှာအားလုံးကတန်းတူပါ။ ကြင်နာနွေးထွေးမှုလိုအပ်တဲ့အခါ အားလုံးကတန်းတူပါ။ လူသားတွေရဲ့စိတ်နှလုံးသားနူးညံ့သိမ်မွေ့စေဖို့မေတ္တာတရားက ဦးဆောင်နေတာမဟုတ်ပါလား။
ကူညီထောက်ပံ့ပေးနိုင်စွမ်း
တစ်ယောက်ယောက်ကိုစိတ်ရောကိုယ်ပါနှစ်သိမ့်ကူညီပေးကြည့်ပါ။ ကိုယ့်အနားမှာအခြွေအရံတွေ ၀ိုင်းရံလာပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ဘ၀ရည်မှန်းချက်ပန်းတိုင်ဖြစ်စေ သူ့ရဲ့စိတ်ကူးအိပ်မက်အတွက်ဖြစ်စေ ကူညီပေးကြည့်ပါ။ ကိုယ့်ကိုချစ်သူခင်သူတွေတဖြည်းဖြည်းဝိုင်းရံပေါများလာပါလိမ့်မယ်။
ရည်မှန်းချက်
ရည်မှန်းချက်က လူတစ်ယောက်အတွက်အရေးကြီးဆုံးပါ။ လူရယ်လို့ဖြစ်လာရင်ဘယ်အသက်အပိုင်းအခြားမှာ ဘယ်အတိုင်းအတာအထိရောက်ရမယ်ဆိုတဲ့စိတ်ကူးအိပ်မက်ရှိကြစမြဲပါ။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်နဲ့လမ်းကြောင်းတူသူတွေစုမိလာပြီး ရည်မှန်းချက်တူသူချင်းဝန်းရံကာ အသိုင်းအ၀ိုင်းကျယ်ပြန်လာပါလိမ့်မယ်။
ကျက်သရေတင့်တယ်မှု
ယောက်ျားလေးတိုင်းကျက်သရေရှိတဲ့မိန်းကလေးကိုနှစ်သက်ကြသလို မိန်းကလေးတိုင်းသပ်ရပ်စတိုင်ကျတဲ့ယောက်ျားလေးကိနှစ်သက်ကြပါတယ်။ သပ်ရပ်ကျော့ရှင်းမှုဆိုတာက ဆက်ဆံရေးတစ်ခုရဲ့အခြေခံလိုအပ်ချက်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
လိမ္မာပါးနပ်မှု
လိမ္မာပါးနပ်တာကလည်း တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံတဲ့အခါ အသုံးဝင်တဲ့အမူအကျင့်တစ်ခုပါ။ ကိုယ်တိုင်ရော ကိုယ့်စကားတစ်ခွန်းကိုချက်ချင်းနားလည်သူကိုသဘောကျသလား။ အကြိမ်ပေါင်းများစွာ ပြန်ရှင်းပြနေရသူကိုသဘောကျသလား။ ကိုယ်တိုင်ခံစားချက်နဲ့နှိုင်းယှဉ်ကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူက ကိုယ့်ကိုယ်ကိုယ်ကိုင်တွယ်တတ်သူပါပဲ။ ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ။ အမှားအမှန်ကိုချင့်ချိန်နိုင်မယ်၊ အမှီအခိုကင်းမယ်၊ အမှီအခိုကင်းပြီးလွတ်လပ်လေ လူအများရဲ့ယုံကြည်မှုကိုပိုပြီးရနိုင်လေပါပဲ။
သိမ်မွေ့နူးညံ့မှု
ဘယ်လောက်ပဲရဲရင့်ပြတ်သားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလှတယ်ဆိုပေမယ့် ချန်လှပ်ထားလို့မရတာရှိပါတယ်။ အဲဒါကတော့ သိမ်မွေ့နူးညံ့မှုနဲ့ကြင်နာသနားတတ်မှုပါ။ ကမ္ဘာကြီး ထားပါတော့ အနီးစပ်ဆုံးကိုယ့်ပတ်ဝန်းကျင် ငြိမ်းချမ်းဖို့အကြင်နာတရားနဲ့နူးညံ့မှုကလိုအပ်ပါတယ်။
ဟာသဉာဏ်ရွှင်မှု
သတိထားကြည့်ပါ။ ဟာသဉာဏ်ရွှင်သူတိုင်းက လူချစ်လူခင်ပေါများပါတယ်။ ရယ်မောလေ ပိုပြီးပွင့်လင်းလေ။ ပိုပြီးဘ၀ကြီးကို အကောင်းမြင်လာလေ။ သဘာဝလောကကြီးကိုအကောင်းမြင်တဲ့အတွက် ပိုပြီးရယ်မောပျော်ရနိုင်လေပါပဲ။
သစ္စာတရား
သစ္စာတရားက လူတိုင်းတန်ဖိုးထားတဲ့အရာပါ။ ဘယ်လောက်ပဲဆိုးသွမ်းနေတဲ့လူဖြစ်ပါစေ သူရှာဖွေနေတာက သစ္စာတရားပါ။
စိတ်ရှည်သည်းခံနိုင်စွမ်း
စိတ်ရှည်သည်းခံနိုင်စွမ်းကလည်း လူတစ်ယောက်ရဲ့ဂုဏ်အင်္ဂါတစ်ရပ်ပါ။ စိတ်ရှည်သည်းခံတတ်မှလည်းအရာရာကိုအကောင်းမြင်နိုင်မှာပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment