ခြေဖနောင့်ကွဲအက်တဲ့ပြဿနာ ဘယ်လိုအဖြေရှာ…








ခြေဖ၀ါး၊ ခြေဖနောင့်ကွဲအက်တာက လူတိုင်းနီးပါးဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတစ်ခုပါ။ ဒါက ရောဂါမ ဟုတ်ပေမယ့် ခန္ဓာကိုယ်အ၀လွန်လာခြင်း၊ အချိန်အတော်ကြာထိုင်ခြင်း၊ ထခြင်း၊ အသက်အရွယ်၊ ကိုယ် ၀န်ဆောင်စဉ်ကာလ၊ အာဟာရချို့ယွင်းခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုအားနည်းခြင်း၊ သွေးလည်ပတ်မှု အားနည်းခြင်း စတာတွေကြောင့်ဖြစ်လာနိုင်ပါတယ်။ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါရှိသူများနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများက ခြေဖနောင့်ကွဲပိုပြီးဖြစ်လာနိုင်ပါတယ်။

ခြေဖနောင့်ကွဲတာက ကနဦးမှာ ဘာဝေဒနာမှမခံစားရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ လမ်းလျှောက်ဖို့ခက်ခဲခြင်းတွေအထိ ဖြစ်လာပါလိမ့်မယ်။ အဲဒီတော့ ခြေဖနောင့်ကွဲပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ရေနွေးစိမ်ပါ
ရေခပ်နွေးနွေးလေးနဲ့ ခြေထောက်ကိုစိမ်ပေးခြင်းက ခြေဖနောင့်ကွဲပြဿနာအတွက်အကောင်းဆုံးဖြစ်ပါတယ်။ ရောင်ရမ်းနာကျင်ခြင်းကိုလျှော့ချပေးပါတယ်။ ရေခပ်နွေးနွေးထဲမှာ ခြေထောက်ကို ၃ မိနစ်၊ ၄ မိနစ်ခန့်စိမ်ထားပါ။ ပြီးမှ ရေအေးထဲ တစ်မိနစ်ခန့်စိမ်ပါ။ ခြေထောက်မှ ဝေဒနာသက်သာသည်အထိ အကြိမ်များစွာလုပ်ပေးနိုင်ပါတယ်။

နှိပ်နယ်ပေးပါ
ခြေဖနောင့်ကွဲဝေဒနာသက်သာဖို့အတွက် ခြေဖ၀ါးကိုနှိပ်နယ်ပေးနိုင်ပါတယ်။ နှိပ်နယ်ပေးခြင်းက ကွဲအက်နေတဲ့ခြေဖနောင့်ကြွက်သားတွေကိုပြေလျော့သွားစေပြီး သွေးလည်ပတ်မှုပိုကောင်းစေပါတယ်။ သံလွင်ဆီ(သို့)မုန်ညင်းဆီအနည်းငယ်ကို ကွဲနေတဲ့ခြေဖနောင့်မှာလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ တစ်နေ့ကိုအကြိမ်များစွာပြုလုပ်ပေးနိုင်ပါတယ်။ ရေချိုးပြီးကာစအချိန်က ကွဲအက်နေတဲ့ခြေဖနောင့်ကို နှိပ်ပေးဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဆားရည်စိမ်ပါ
ဆားကလည်းခြေဖနောင့်ကွဲဝေဒနာကိုသက်သာစေပြီး ခြေဖနောင့်ကွဲခြင်းကြောင့်လမ်းလျှောက်ရမသက်မသာဖြစ်ခြင်းကို လျော့ကျစေပါတယ်။ ဆားက ကွဲအက်နေတဲ့အရေပြားအတွင်း အလွယ်တကူစိမ့်ဝင်သွားနိုင်ပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ကြွက်သားများပြေလျော့စေရုံသာမက ခြေဖ၀ါးအနံ့ထွက်ခြင်းကိုပျောက်ကင်းစေပါတယ်။ ဆားခွက်တစ်ဝက်ခန့်ကို ရေခပ်နွေးနွေးနဲ့ရောစပ်ပြီး ခြေထောက်ကို ၁၀၊ ၁၅ မိနစ်ခန့်စိမ်ထားပေးပါ။ တစ်ပတ်ကို (၃)ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

ချင်းဆီနဲ့ပွတ်ပေးပါ
ချင်းကလည်း ခြေဖနောင့်ကွဲပြဿနာအတွက် ဆေးဝါးတစ်လက်ဖြစ်ပါတယ်။ ချင်းမှာပါဝင်တဲ့သဘာဝဓာတ်တွေက ခြေဖနောင့်ကွဲခြင်းကိုသက်သာစေပါလိမ့်မယ်။ ကွဲအက်နေတဲ့ခြေဖနောင့်ကို ချင်းစိမ်းရည်(သို့)ချင်းအဆီဖြင့်ပွတ်ပေးပါ။ ဒါမှမဟုတ် ချင်းအစိမ်းကိုလည်း နေ့စဉ်အနည်းငယ်စီစားပေးနိုင်ပါတယ်။

ဒုဓလီ
ဒုဓလီ မှာပါဝင်တဲ့ဂုဏ်သတ္တိတွေက ခြေဖနောင့်ကွဲအက်သူများအတွက်အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ အရွက်ခြောက်(သို့) အရွက်အစိမ်းကို ရေနွေးပူပူထဲပြုတ်ထားပြီး ၄င်းအရည်ကို  ၅ မိနစ်ခန့်အအေးခံပါ။ အနည်ထိုင်သွားပါက အပေါ်အရည်ကြည်ကို တစ်နေ့ ၂၊ ၃ ကြိမ်  သောက်သုံးပေးနိုင်ပါတယ်။

သံပုရာရည်သုံးပါ
သံပုရာရည်က ခန္ဓာကိုယ်အတွင်းမလိုအပ်တဲ့အညစ်အကြေးနဲ့အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရေဓာတ်ကိုဖြည့်ပေးပြီး အသားအရေကိုလှပစေတဲ့အပြင် ရောင်ရမ်းမှုဝေဒနာကိုပါ သက်သာစေပါတယ်။ သံပုရာရည်နှစ်ဇွန်းခန့် ရေနွေးနွေးထဲမှာရောပြီး ၄င်းအရည်ကိုနေ့စဉ်သောက်သုံးပေးနိုင်ပါတယ်။

ပန်းသီးအရက်ဗီနီဂါ
ပန်းသီးအရက်ဗီနီဂါကလည်း ခြေဖနောင့်ကွဲအက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပန်းသီးအရက်ဗီနီဂါမှာပါဝင်တဲ့ပိုတက်ဆီယံက ခြေထောက်ကွဲအက်ခြင်းကိုဖြစ်စေတဲ့ ရေဓာတ်ခမ်းခြောက်ချင်းကိုကာကွယ်ပေးပါတယ်။ ရေခပ်နွေးနွေးထဲမှာ ပန်းသီးအရက်ဗီနီဂါရောစပ်ပြီး ၄င်းအရည်ကိုကွဲအက်နေတဲ့ခြေဖနောင့်မှာ ပွတ်လိမ်းပေးပါ။ ပန်းသီးအရက်ဗီနီဂါနဲ့ ရေရောစပ်ပြီးလည်း နေ့စဉ်သောက်သုံးပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ
ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းကလည်း ခြေဖနောင့်ကွဲအက်ဝေဒနာကိုသက်သာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး အရေပြားကိုကျန်းမာစေပါတယ်။ ခြေဖနောင့်ကွဲအက်ဝေဒနာကိုသက်သာစေဖို့ ရေကူးလေ့ကျင့်ခန်းက အကောင်းဆုံးဖြစ်ပါတယ်။ တစ်ပတ် ၅ ရက်ခန့် လမ်းလျှောက်၊ ကြိုးခုန်လေ့ကျင့်ခန်း၊ အကြောဆန့်လေ့ကျင့်ခန်းလိုမျိုး ပုံမှန်လုပ်ပေးပါ။

မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအစာများစားပေးပါ။
မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းကလည်း ခန္ဓာကိုယ်အရေပြားကို ကွဲအက်စေပါတယ်။ ခြေဖနောင့်ကွဲအက်ဝေဒနာသက်သာစေဖို့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာများစားပေးပါ။ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ငါး၊ ပဲ၊ ထောပတ်သီး၊ ငှက်ပျောသီး၊ အနက်ရောင်ချောကလက်တို့ ပုံမှန်စားသောက်ပေးနိုင်ပါတယ်။ နှလုံးနဲ့ကျောက်ကပ်ရောဂါရှိသူများအနေနဲ့ကတော့ မဂ္ဂနီဆီယမ်ကိုရှောင်ကျဉ်သင့်ပါတယ်။

ရန်နိုင်
Share on Google Plus

0 comments:

Post a Comment