ကိုယ့်အကြောင်းကိုယ်သိချင်တယ်ဆိုရင်…










လူအများစုကကိုယ်ကိုယ်ကိုယ်ထင်နေလေ့ရှိပါတယ်… လူတစ်ယောက်အကြောင်းကောင်းကောင်းသိတယ်ပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ သူငယ်ချင်းတွေကို သူတို့အကြောင်းကောင်းကောင်းသိတယ်ပေါ့။ ဒါပေမဲ့ကိုယ့်ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုယ်ကိုယ်တိုင် အကြောင်းရောဘယ်လောက်များကောင်းကောင်းသိပါသလဲ။ ပတ်ဝန်းကျင်ကလူတွေအကြောင်းသိဖို့က ငယ်စဉ်ကတည်းကပတ်ဝန်းကျင်ကနေသင်ကြားပေးလိုက်တာပါ။ ကိုယ့်အကြောင်းကိုယ်သိဖို့၊ ကိုယ့်တန်ဖိုးကိုယ်သိဖို့ဆိုတာတွေကတော့ခက်ခဲပါတယ်။ အဲဒီတော့ ကိုယ့်အကြောင်းကိုယ် သိဖို့ဘာလေးတွေသတိထားသင့်သလဲ…။

ကိုယ့်တန်ဖိုးကိုယ်နားလည်
ကိုယ့်တန်ဖိုးကိုယ်နားမလည်တဲ့လူတစ်ယောက်အတွက်တော့ဘ၀ကြီးနဲ့အတူစီးမျောသွားဖို့က အလွန်လွယ် ကူပါတယ်။ ကိုယ်တန်ဖိုးထားမြတ်နိုးတဲ့အရာတွေကသာကိုယ့်ကိုဆုံးဖြတ်ချက်ကောင်းတွေဆီ၊ ဘ၀တန်ဖိုးကောင်းတွေဆီပို့ဆောင်ပေးသွားမှာပါ။ အဲဒီတော့စာရွက်အလွတ်တစ်ရွက်မှာ ကိုယ်တန်ဖိုး ထားတဲ့ အရာတွေကိုချရေးပါ။ နေ့စဉ်နေ့တိုင်း အဲဒီတန်ဖိုးတွေနဲ့လျော်ညီအောင်နေထိုင်ကျင့်ကြံပါ။ 

အိပ်မက်တွေကိုရှာဖွေ
ကိုယ့်အိပ်မက်တွေကသာကိုယ့်အနာဂတ်ကိုဖန်တီးတာပါ။ ကိုယ်ပိုင်အိပ်မက်မရှိတဲ့လူက သူများတကာ ရဲ့အိပ်မက်မှာပူးပေါင်းပါဝင်နေရပါတယ်။ အိပ်မက်ဆိုတာလူတွေရဲ့ဘ၀ကိုတည်ဆောက်ပေးပါတယ်။ ဒါပေမဲ့ ပထမဆုံးအရေးကြီးတာက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုသိဖို့အတွက် ကိုယ့်အိပ်မက်က ဘာဆိုတာသိဖို့လိုပါတယ်။ ဥပမာပြောရရင် ကိုယ်ကဂီတပညာရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့။ အဲဒါဆိုဘယ်တူရိယာကိုတီးခတ်ချင်တာလဲ။ ဘယ်လိုဂီတတီးဝိုင်းထဲမှာပါဝင်ချင်တာလဲ။ အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်အချိန်ဘယ်လောက်များများပေးဆပ်ရမလဲ။

မေးခွန်းတစ်ရာချရေး
မေးခွန်းတစ်ရာဆိုတာကိုယ့်အတွက်တော့များတယ်ထင်စရာရှိပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်အရေးကြီး ဆုံးလို့ထင်ရတဲ့မေးခွန်းပေါင်း ၁၀၀ လောက်ကိုချရေးလိုက်ပါ။ ဒီမေးခွန်းတွေကကျန်းမာရေး နဲ့ဆိုင်တဲ့မေးခွန်းလည်းဖြစ်နိုင်တယ်။ ကိုယ့်ကိုပျော်ရွှင်စေ၀မ်းနည်းစေတဲ့မေးခွန်းလည်းဖြစ်နိုင်ပါတယ်။ 

ကိုယ့်အကြိုက်တွေ မကြိုက်တာတွေကဘာတွေလဲ
ကိုယ်ကြိုက်တာမကြိုက်တာတွေကို သေသေချာချာကွဲကွဲပြားပြားသိပါသလား။ ဒီမေးခွန်းကရှင်းရှင်းလေးပါ။ ဒါပေမဲ့ကိုယ့်စိတ်ကိုရှင်းရှင်းလင်းလင်းကွဲကွဲပြားပြားမသိရင်တော့ဖြေဖို့ခက်တာပေါ့။ ဥပမာ ကိုယ်ကြိုက် တာတွေရှိတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကကြိုက်ကြလို့ကိုယ်ပါလိုက်ကြိုက်သွားတာလား။ ဘယ်လို အကြောင်းကြောင့်ကြိုက်သွားတာလဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နဲ့ဖြေရဲပါသလား။

ပတ်ဝန်းကျင်ကရောကိုယ့်ကိုဘယ်လိုထင်သလ
ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးက ပတ်ဝန်းကျင်ကအဆုံးအဖြတ်ပေးတာမဟုတ်ပေမယ့် ကိုယ့်အပေါ်သူတို့အမြင်ကလည်းတစ်ခါတစ်ရံအရေးကြီးပါသေးတယ်။ အဲဒီတော့ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ဘယ်လိုထင်မယ်လို့ထင်ပါသလဲ။ ကိုယ့်ကိုယ်ကိုယ်မေးခွန်းလေးတွေထုတ်ကြည့်လိုက်ပါဦး။

အခုကိုယ်ကဘာလဲ
ဘ၀မှာလက်ရှိကိုယ်ကဘယ်အခြေအနေရောက်နေတာလဲ။ လွန်ခဲ့တဲ့ ၅ နှစ်- ၁၀ နှစ်ကနဲ့အခု ဘာတွေပြောင်းလဲသွားပါသလဲ။ တချို့ကိုယ်ရည်ကိုယ်သွေးတွေကတော့ပြောင်းလဲကောင်းပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့တချို့ကတော့ မပြောင်းလဲဘဲကျန်ကောင်းကျန်နေနိုင်တာပေါ့။ 

ဘာတွေကိုချစ်သလဲ
ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုရှာဖွေဖို့အချိန်ဘယ်လောက်များများအသုံးပြုပါသလဲ။ အဲဒီတော့ အခုအချိန်ကစပြီးတခြားအရာတွေထက်ကိုယ့်ကိုယ်ကိုယ်ပျော်ရွှင်စေတဲ့ အရာတွေကိုစာရင်းချရေးထားလိုက်ပါ။

ကိုယ့်အလုပ်မှာပျော်ရွှင်ပါရဲ့လား
ကိုယ့်လုပ်ငန်းခွင်မှာအမှန်တကယ်ပျော်ရွှင်နေပါရဲ့လား။ လုပ်ငန်းခွင်မှာကြုံတွေ့ရတတ်တဲ့စိတ်ဖိစီးမှု၊ ပြိုင်ဆိုင်မှုတို့မဟုတ်ဘဲပေါ့။ 

ကိုယ့်ကိုယ်ကိုယ်မှီခိ
နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြည့်ဝသွားပြီလို့ယုံကြည်ချက်ရှိလာပြီဆိုတဲ့အခါ ပတ်ဝန်းကျင်ကိုမမှီခိုတော့ဘဲ ကိုယ့်ကိုယ်ကိုယ်သာမှီခိုကြည့်လိုက်ပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ရှေ့ဆက်တိုးကြည့်လိုက်ပါ။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment