နေရင်းထိုင်ရင်းကားတန်ဖိုးလျော့ကျမသွားအောင်ဘာလုပ်မလဲ…





ကားတစ်စီးရဲ့တန်ဖိုးလျော့ကျမသွားအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေက လက်တစ်ကမ်းအကွာမှာရှိနေတတ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ခက်တတ်ကြပါတယ်။ တကယ်တော့ ပြန်ရောင်းထုတ်ချိန်မှာ ကားတစ်စီးတန်ဖိုးလျော့ကျသွားခြင်း၊ မသွားခြင်းဆိုတာ ကားကိုကိုင်တွယ်သူပေါ်မှာပဲမူတည်တာပါ။ ကားအသစ်တစ်စီးဝယ်ပြီး ပြန်ရောင်းထုတ်ရင် ရှိရင်းစွဲတန်ဖိုး ဆုံးရှုံးတတ်ပေမယ့် ကိုယ့်ရဲ့ထိန်းသိမ်းနိုင်မှုကိုလိုက်ပြီး ဆုံးရှုံးမှုတန်ဖိုးအတိမ်အနက်က ကွဲပြားသွားတတ်ပါတယ်။ ဒီနေရာမှာ တစ်ပတ်ရစ်ကားဖြစ်နေရင် ပိုပြီးဆုံးရှုံးမှုနည်းမှာအမှန်ပါပဲ။ ဒါကြောင့် ကားတစ်စီးကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ဖော်ပြပေးရမယ်ဆိုရင် …

တန်ဖိုးဘာကြောင့်အရေးပါသလဲသိပါ
ဘယ်လိုပစ္စည်းမျိုးကိုပဲ ကိုင်တွယ်အသုံးပြုနေသည်ဖြစ်စေ ဒီပစ္စည်းရဲ့တန်ဖိုးကိုသိဖို့လိုအပ်ပါတယ်။ ပစ္စည်းတစ်ခုကောင်းကောင်းမွန်မွန်တာရှည်ခံနေစေဖို့ တန်ဖိုးသိခြင်းက ပထမဆုံးနဲ့ အခရာအကျဆုံးဖြစ်ပါတယ်။ ကားဝယ်ရာမှာလည်း အထက်ကအချက်နဲ့အလားသဏ္ဍန်တူအောင် ကျင့်ကြံနိုင်ရင်အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်ကားကိုအရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုသဘောထားပြီး စဉ်ဆက်မပြတ်ဂရုစိုက်ပေးနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ အကောင်းဆုံးရုပ်ထွက်ပိုင်ဆိုင်အောင်ထိန်းထားပါ။ ပြီးရင် အကောင်းဆုံးအင်ဂျင်အနေအထားကို လက်မလွှတ်ရအောင် သတိထားရပါလိမ့်မယ်။

ပြီးစလွယ်ပစ်မထားပါနဲ့
အဟောင်းဝယ်သည်ဖြစ်စေ၊ အသစ်ဝယ်သည်ဖြစ်စေ ကိုယ့်ကားဟာကိုယ့်အတွက် ရတနာတစ်ပါးလို အမြဲတမ်းလေးလေးစားစားနဲ့ ထိန်းသိမ်းထားရမယ့်အရာတစ်ခုအဖြစ်ရှိနေပါစေ။ ဖြစ်နိုင်ရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ ကားကိုတစ်စုံတစ်ရာ ထိခိုက်လာစေမယ့် မောင်းနှင်မှုမျိုးကိုရှောင်ရှားရပါမယ်။ မလိုအပ်ဘဲ အရမ်းကာရောမောင်းနှင်ပြီး ကားအင်ဂျင်ထိခိုက်စေတာ၊ ရုတ်တရက်ရပ်တန့်တာနဲ့ အရှိန်မယူဘဲ တစ်ဟုန်ထိုးမောင်းထွက်တာစတဲ့ အပြုအမူတွေက ကိုယ့်ရဲ့ကားကိုတန်ဖိုးမထား၊ မလေးစားတာကိုပြနေတဲ့ သရုပ်သကန်တွေဖြစ်ပါတယ်။ ဒါ့အပြင် အခြားကားတစ်စီးအင်ဂျင်ပြဿနာတစ်ခုခုကြောင့် ကိုယ်ကကြိုးတပ်ဆွဲတဲ့ အပြုအမူကလည်း ဖြစ်နိုင်ရင် မပြုလုပ်ဘဲရှောင်ကျဉ်သင့်တဲ့ အမျိုးအစားထဲမှာပါနေတယ်ဆိုတာကို မေ့မနေသင့်ပါဘူး။ ဒီလိုအချက်တွေကိုလိုက်နာမှလည်း ကိုယ့်ကားကတာရှည်ခံမှာဖြစ်ပါတယ်။

မလိုအပ်ဘဲအကြီးအကျယ်မခိုင်းနဲ့
ကားတစ်စီးကိုချစ်မြတ်နိုးစိတ်နဲ့စီးနင်းသူတွေဟာ သူတို့ကားတွေကို ဘယ်တော့မှမတန်တဆခိုင်းလေ့ရှိကြသူတွေမဟုတ်ပါဘူး။ ကိုယ့်ကားက ကုန်တင်ကားမဟုတ်တဲ့အတွက် မလိုအပ်ဘဲလေးလေးပင်ပင်တင်ဆောင်မောင်းနှင်တာမျိုးကို ရှောင်ရှားလေ့ရှိကြပါတယ်။ အလေးအပင်တွေမတင်တာဟာ ကိုယ့်ကားရဲ့အောက်ပိုင်းကိုမပျက်စီးအောင် အကောင်းဆုံးထိန်းသိမ်းနည်းတစ်ခုဖြစ်ပြီး ဆိုးရွားတဲ့လမ်းတွေမှာ ဂရုတစိုက် ပုံမှန်အရှိန်တစ်ခုနဲ့မောင်းနှင်တာဟာလည်း ကားကိုထိခိုက်လာစေမယ့် အန္တရာယ်တွေက ကာကွယ်ပေးမယ့်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အပူအအေးမျှအောင်ထားပါ
သက်ရှိသတ္တ၀ါတစ်ကောင်မဟုတ်လို့ ကားတစ်စီးကိုအခုလို ရာသီဥတုနဲ့လိုက်လျောညီထွေရှိအောင်ထားဖို့တောင်းဆိုတာကို လွန်တာပေါ့လို့ ထင်နိုင်စရာရှိပါတယ်။ ဒါပေမဲ့ ဒါကတကယ်တမ်းမှာအရေးပါပါတယ်။ ဘာကြောင့်လဲဆိုရင် ရာသီဥတုပူခြင်း၊ အေးခြင်းက ကားတစ်စီးရဲ့ရုပ်ထွက်ကောင်းခြင်း၊ ဆိုးခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့်ပါပဲ။ နှင်းတွေထူထပ်ပြီး အေးစက်လွန်းတဲ့ရာသီဥတုက ကားတွေအတွက် သဘာဝဘေးအန္တရာယ်တစ်ခုလို့တောင်ဆိုနိုင်တာပါ။ ဘာကြောင့်လဲဆိုရင်တော့ ဒီလိုရာသီဥတုမျိုးဟာ ကားဆေးသားတွေကိုသာမကဘဲ အင်ဂျင်ကိုပါအနှောင့်အယှက်ပေးတတ်တာကြောင့်ပါပဲ။ ရာသီဥတုနဲ့ကားတွေကောင်းခြင်း၊ ဆိုးခြင်း ဆက်စပ်ပတ်သက်နေတာကို မေ့မနေကြဖို့ပါ။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



ဆက်စပ်ပတ်သက်နေတာကို မေ့မနေကြဖို့ပါ။
Share on Google Plus

0 comments:

Post a Comment