ဝက်နံရိုးသပြုသီးနှပ်၊ ရွှေဖရုံသီးဟင်းချို ရွက်စုံကြော်












ဒီတစ်ပတ်တော့ မယ်တော်မားသားအကြိုက် ၀က်နံရိုးကိုသပြုသီးနဲ့နှပ်ချက်လေးချက်မယ်။ ရခိုင်စတိုင် ချဉ်ချဉ်စပ်စပ်လေးပေါ့။ မိုးအေးအေးလေးနဲ့ဆို စားလို့ကောင်းမှကောင်းပဲပေါ့ဆွေမျိုးတို့ရာ။ အရည်သောက်ကိုတော့ ရွှေဖရုံကို ပုဇွန်နဲ့အရည်သောက်လေးချက်ပြီး ပင်စိမ်းလေးအုပ်လိုက်မယ်။ အရန်ဟင်းကိုတော့ အရွက်သုံးမျိုးလောက်ရောပြီး အချိုလေးကြော်လိုက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသားအကြိုက်ရော ကိုယ့်အကြိုက်ပါ ပါနေတဲ့အတွက် ထမင်းစားလို့ကတော့ ကောင်းဦးမှာ အသေအချာပဲပေါ့နော်။ မယ်တော်မားသားဈေးကပြန်လာရင်တော့ ဈေးခြင်းတောင်းထဲက အသားငါး အသီးအရွက်လေးတွထုတ်ပြီး ချက်ရေးပြုတ်ရေး စကြတယ်ပေါ့။

ဝက်နံရိုးသပြုသီးနှပ်
ဝက်နံရိုးကိုအသားများများပါတာလေး မယ်တော်မားသားကရွေးဝယ်လာပေးတယ်လေ။ ဈေးသည်ကလည်းလိုချင်တဲ့အရွယ်ခုတ်ပေးလိုက်တယ်ဆိုတော့ ၀က်နံရိုးမှာပါတဲ့အဆီတွေနဲ့ မလိုတာတွေဖယ် သေချာရေဆေးပြီးရေစင်အောင်ညှစ်ထားပြီးမှ မီးပြထားတဲ့ ပုဇွန်ငါးပိလေးနည်းနည်းရယ် နနွင်းမှုန့်လေးသင့်ရုံရယ် အညှာချွေရေဆေးရေစစ်ပြီး ထောင်းထားတဲ့ငရုတ်သီးစိမ်းခပ်များများလေးရယ် ထည့်နယ်ပြီးခဏနှပ်ထားလိုက်မယ် သပြုသီးကို ရင့်တာတွေဖယ်ပြီး နုတာလေးတွေကိုပဲရေစင်စင်ဆေးပြီး အနေတော်လေးတွေလှီးထားလိုက်မယ်။ ဆီပူလာရင်ခုနကနှပ်ထားတဲ့ ၀က်နံရိုးထည့်ပြီး ခပ်နာနာလေးလုံးပေးပြီးမှ သပြုသီးထည့်လုံး ရေနည်းနည်းချင်းထည့်ပြီး ၀က်နံရိုးလည်းနူး၊ သပြုသီးလေးလည်းအိလာတဲ့အထိတည်ထားလိုက်ရုံပေါ့နော်။ အပေါ့အငန်လိုအပ်ရင်တော့ ဆားနဲ့ငါးငံပြာရည်လေးသင့်ရုံထည့်ပေးပေါ့နော်။ ဆီကျန်ရေကျန်အနေအထားလေးနဲ့ အရသာချဉ်ချဉ်စပ်စပ်လေးလည်းဖြစ်ပြီး စိတ်ကြိုက်အနေအထားလေးရပြီဆိုရင်တော့ မိုးအေးအေးမှာစားလို့ကောင်းမှကောင်းတဲ့ ၀က်နံရိုးသပြုသီးနှပ် ရခိုင်ချက်ဟင်းတစ်ပွဲရပါပြီ။

ရွှေဖရုံသီးဟင်းချို
ရွှေဖရုံသီးကို အလယ်အူတွေသေချာဖယ် အနေတော်လေးတွေတုံးပြီး ရေစင်စင်ဆေး ရေပြန်စစ်ထား၊ ပုဇွန်ကိုရေသေချာဆေးပြီး အခွံခွာထား၊ ပင်စိမ်းနည်းနည်းကိုခြွေပြီး ရေစင်စင်ဆေး ရေပြန်စစ်ထား။ ချင်းနည်းနည်းကို အခွံခွာ ရေဆေးပြီးညက်အောင်ထောင်းထား။ ဆီပူလာရင် ချင်းထည့်ပြီးဆီသတ်၊ စိမ်းနံ့ပျောက်တာနဲ့ နနွင်းမှုန့်သင့်ရုံထည့်၊ ပုဇွန်ထည့်ပြီးခဏလုံးပေး။ ပြီးမှ ရွှေဖရုံသီးထည့်ပြီးနူးအောင်တည်။ အရသာအတွက်ကတော့ ဆားလေးသင့်ရုံထည့်ရင်ရပါပြီ။ အရည်သောက်အနေအထားလေးနဲ့ ရွှေဖရုံသီးလေးလည်းနူး၊ အပေါ့အငန်လေးလည်းစိတ်ကြိုက်ရပြီဆိုရင်တော့ အပေါ်ကနေပင်စိမ်းလေး အုပ်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ ၀က်နံရိုးသပြုသီးနှပ်နဲ့လိုက်ဖက်တဲ့ ရွှေဖရုံသီးဟင်းချိုတစ်ပွဲရပြီပေါ့ ဆွေမျိုးတို့ရာ။

ရွက်စုံကြော်
အချိုလေးပဲကြော်မှာဆိုတော့ ကန်ဇွန်းရွက်၊ ဂေါ်ရခါးညွှန့်နဲ့ ပဲရွက်လောက်ပဲထည့်တော့မယ်။ အားလုံးကို အရိုးသက်သက်၊ အရွက်သက်သက်ခြွေပြီး ရေစင်စင်ဆေး ရေစစ်ထား။ ကြက်သွန်ဖြူတစ်တက်လောက်ကို အခွံခွာရေဆေး ဓါးပြားရိုက်ပြီးစဉ်းထား၊ ငရုတ်သီးစိမ်းလေး ငါးတောင့်ဆယ်တောင့်ကိုလည်း အညှာခြွေရေဆေးပြီး ဓါးပြားရိုက်ထား။ ဆီပူလာရင်ဆားလေးနည်းနည်းအရင်ထည့်ပြီးမှ ကြက်သွန်ဖြူစဉ်းထားတာထည့်။ စိမ်းနံ့ပျောက်တာနဲ့ အရိုးလေးတွေအရင်ထည့် ခရုဆီ၊ သကြား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်ထည့်ပြီး နှံ့အောင်မွှေပေး။ ပြီးမှ ကျန်တဲ့အရွက်တွေထည့်။ ငရုတ်စိမ်းထည့်ပြီး နှံ့အောင်ပြန်မွှေပေးလိုက်ရင် စားလို့ကောင်းမှကောင်းတဲ့ရွက်စုံကြော်ပူပူလေးတစ်ပွဲရပြီပေါ့နော်။
ဒီတစ်ပတ်တော့ဒီလောက်ပဲ ချက်ကြတာပေါ့ဆွေမျိုတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ…။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment