အသက်ရှည်ရှည် နေချင်တယ်ဆိုရင်







ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ 2013 ခုနှစ်၊ ကြေညာချက်အရ လူတစ်ယောက်မွေးဖွား စဉ်ကနေ သေဆုံးချိန်အထိပျမ်းမျှ သက်တမ်းက (၇၁) နှစ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကနေ လူတစ်ယောက်ရဲ့ သက်တမ်းက တဖြည်းဖြည်းရှည်လာခဲ့ပါတယ်။ အစွမ်းထက်တဲ့ ထိုးဆေး၊ စားဆေး တွေ အထူးသဖြင့် သိပ္ပံနည်းပညာနဲ့ ဖော်စပ်ထားတဲ့ဆေးဝါးတွေကြောင့် လူတွေရဲ့သက်တမ်းက တဖြည်းဖြည်း ရှည်လာခဲ့ပါတယ်။ တကယ်တော့ အသက်ရှည်ရှည် နေထိုင်ဖို့ ဆေးဝါးတွေရဲ့ အကူအညီတွေနဲ့တင် မရပါဘူး။ လူတစ်ယောက်ရဲ့ နေထိုင်မှုနည်းစနစ်တွေကလည်း အရေးကြီးပါတယ်။ အသက်ရှည်ရှည်နေထိုင်ဖို့ ဘယ်လိုနေ ထိုင်ကြမလဲ။

မကျန်းမာစေတဲ့ အစားအသောက်
ကျန်းမာရေးအတွက်မကောင်းတဲ့ အစာအသောက်တွေက လူတစ်ယောက်မကျန်းမမာဖြစ်စေပြီး အသက်တို စေတဲ့ အဓိကအချက်တစ်ခုပါ။ မကျန်းမာစေတဲ့ အဓိကအစားအစာတွေကြောင့် အ၀လွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မကောင်းတဲ့ကိုလက်ထရောများပြားခြင်း ကင်ဆာရောဂါ တွေ ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုမရှိ နှေးကွေးလေးလံနေခြင်းကလည်း အရက် ဆေးဝါးတွေထက် ကျန်းမာရေးကို ဆုတ်ယုတ်စေပါတယ်။ အဲဒါကြောင့် ကျန်းမာစေဖို့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမျှင် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဂျုံ၊ အဆီနည်းတဲ့နို့၊ နို့ထွက်ပစ္စည်း စတာတွေစားသုံးပေးပါ။ ကဖိန်း ဓာတ်လျော့ချပါ။ ရေများများ သောက်ပါ။ စားသောက်ချိန်ပုံမှန် သတ်မှတ်ထားပါ။

ခန္ဓာကိုယ်လှုပ်ရှားမှု အားနည်းခြင်း
ခန္ဓာကိုယ်လှုပ်ရှားမှုမရှိခြင်းကလည်း အသက်တိုရတဲ့အချက်တစ်ခုပါဘဲ။ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပါး ခြင်းက ခန္ဓာကိုယ်အလေးချိန်ကို တိုးစေပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုက လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ခုခံကာကွယ်နိုင်အား၊ နှလုံးကြွက်သားကျန်းမာရေး၊ အသက်ရှုလမ်းကြောင်းစနစ်ကျန်းမာရေး၊ ကြွက်သားများ သန်မာစေရေး၊ အစာခြေ စနစ်ကောင်းမွန်ရေး၊ နှစ်ခြိုက်စွာ အိပ်ပျော်ရေးတို့ကို ကူညီပေးပြီး စိတ်ကျဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် နေ့စဉ် မိနစ် 20-30 ခန့်လမ်းလျှောက်ပေးပါ။ တစ်ပါတ်နှစ်ကြိမ်ခန့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

အိပ်စက်ချိန်နည်းပါးခြင်း
နေ့စဉ်အိပ်စက်ချိန်ကလည်း ဘ၀သက်တမ်းကိုတိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ နေ့စဉ် (၆)နာရီ လောက် အနည်းဆုံးအိပ်စက်သူတွေက အိပ်စက်ချိန်(၈)နာရီခန့် ရသူတွေထက်ပိုပြီး မကျန်းမမာဖြစ်နိုင်ပါ တယ်။ အိပ်စက်ချိန်နည်းပါးတဲ့အတွက် အ၀လွန်ခြင်း၊ နှလုံးရောဂါ ဆီးချိုရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ညစဉ်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ညစာကိုပေါ့ပေါ့ ပါးပါးစားပါ။ မအိပ်ခင်မှာ ရေခပ်နွေးနွေးလေးနဲ့ ခြေထောက် ရေဆေးတာဖြစ်စေ၊ ရေချိုးတာမျိုးလုပ်ပေးပါ။ 

စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတာကလည်း ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေပြီးအသက်တိုစေပါတယ်။ စိတ်ဖိစီးမှု က နှလုံး၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ထိခိုက်စေနိုင်တဲ့ ဟိုမုန်းတစ်မျိုးထုတ်ပေးပါတယ်။ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုနည်းပါးခြင်းက ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါများကိုလည်း မ၀င်ရောက်နိုင် အောင်တားဆီးပြီးသား ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကင်းဝေးစေဖို့အတွက် ပုံမှန်အိပ်စက်ပါ။ တရားထိုင်ပါ။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကလည်း အသက်တိုစေတဲ့အချက်တွေထဲမှာပါဝင်ပါတယ်။ စီးကရက် မီးခိုးငွေ့ မှာ ဓာတုပစ္စည်း အမျိုးပေါင်း ၁၀၀၀ ကျော်ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေက အဆုပ်ကင်ဆာ၊ နှလုံးရောဂါ၊ အရေပြားဆိုင်ရာပြဿနာ၊ နာတာရှည်ရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးဖိအားများခြင်း စတာတွေဖြစ်လာနိုင် ပါတယ်။ ဆေးလိပ်သောက်ခြင်းကို လျော့ချဖို့အတွက် တရားထိုင်တာမျိုး၊ ဆေးလိပ် အစားထိုး ပူရှိန်းသုံး စွဲတာမျိုးနဲ့ဖြတ်ပစ်ပါ။

ခံတွင်းကျန်းမာရေး
ခံတွင်းကျန်းမာရေးကလည်း လူတစ်ယောက် အသက်ရှည်ရှည်နေထိုင်ရေးနဲ့ သက်ဆိုင်ပါတယ်။ ခံတွင်းကို မသန့်ရှင်းအောင်ထားတဲ့အတွက် ရောဂါပိုးမွှားတွေပေါက်ဖွားလာနိုင်ပြီး ကျန်းမာရေးကို ထိခိုက် စေနိုင်ပါတယ်။ ခံတွင်းကျန်းမာစေဖို့တစ်နေ့ကို နှစ်ကြိမ်သွားတိုက်ပေးပါ။ သွားပွတ်တံကို ၂လတစ်ကြိမ်ပုံမှန်လှဲ လှယ်ပေးပါ။ (၆)လတစ်ကြိမ်သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးထားပေးပါ။

နေရောင်ကောင်းစွာမရခြင်း
နေရောင်မှာ ဗီတာမင် D ပါဝင်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းက ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ကျခြင်း၊ ဆီးချိုရောဂါနဲ့ တခြားသော ရောဂါတွေဖြစ်လာနိုင်စေပါတယ်။ ဒါပေမဲ့ နေရောင်ခြည်နဲ့အလွန်အ ကျွံထိတွေ့ ခြင်းက အရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် နေရောင်ကာလိမ်းဆေးအသုံးမပြုရင် ၁၀-၁၅မိနစ် ခန့် နေရောင်ခြည်နဲ့ထိတွေ့ပေးနိုင်ပါတယ်။

မကောင်သောအတွေးများ
အဆိုးမြင်အတွေးတွေကလည်း လူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုကို  ထိခိုက်စေနိုင်ပါတယ်။ အဆိုးမြင် တဲ့အတွက် စိတ်ဖိစီးမှုတွေများလာပြီး ကျန်းမာရေးထိခိုက်လာစေပါလိမ့်မယ်။ 
ရန်နိုင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment