ပိုင်ဖြိုးသု








ပိုင်ဖြိုးသုဆိုတာ နာမည်အရင်းပါလို့ ဆိုသူလေးက ဆေးပညာလောကကိုစိတ်ဝင်စားသလို အနုပညာလောကကိုလည်း စိတ်ဝင်စားသူလေးပါ။ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို မလစ်ဟင်း စေသလို အနုပညာအလုပ်ကိုလည်း တာဝန်ကျေဖို့အတွက် နှစ်ဘက်စလုံးကို အကောင်းဆုံးကြိုးစားနေတာပါ။ အခုဆို Doctor မလေး ပိုင်ဖြိုးသုက အလုပ်သမားဆေးရုံမှာ House ဆင်းနေတာဖြစ်ပြီး Shape ဂျာနယ်ချစ် ပရိသတ်အတွက် Cover Story ကိုလည်း အချိန်ယူပြီး လာရိုက်ပေးခိုက် Interview ဖြစ်တာလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

အနုပညာပျိုးခင်းမှာ ညီမလေးအနေနဲ့ ၀င်ရောက်အရွေးချယ်ခံဖြစ်ခဲ့ပုံလေး သိပါရစေ။
အနုပညာပျိုးခင်းက အစ်ကိုတွေက ညီမတို့အနုပညာလောကကို ထိပ်ဆုံးကဦးဆောင်နေတဲ့ သူတွေလေ။ သူတို့လို Actor ကြီးတွေနဲ့သာ ရိုက်ခွင့်ရမယ်ဆိုရင် လက်တွဲခွင့်ရမယ်ဆိုရင် ညီမတို့လို အသစ်တွေအတွက်အခွင့်အလမ်းတွေလည်း ပိုလာမယ်။ လမ်းကြောင်းမှန်သွားမယ်ပေါ့နော်။ ကိုယ်နဲ့လိုက်တဲ့ Characterလေးတွေလည်း သူတို့ကရွေးပေးမယ်ဆိုတော့ ကိုယ့်အတွက် အရှေ့ကလမ်းပြပေးမယ့် ဆရာတွေ ဖြစ်တယ်ဆိုတော့ ရွေးဖြစ်သွားတာပါ။

ညီမလေးရဲ့လတ်တလော အနုပညာလှုပ်ရှားမှုလေး။
အန်ကယ်လေး(လူမင်း)နဲ့ ကားတစ်ကားရိုက်ဖို့ရှိပါတယ်။

ရိုက်ပြီးတဲ့ကားပေါင်း ဘယ်လောက်ရှိပြီလဲ။ ညီမလေးအားအရဆုံးကားလေးက ဘယ်ကားဖြစ်မလဲ။
ဟုတ်ကဲ့။ ရိုက်ပြီးတာတော့ ၂၀ ပတ်ဝန်းကျင်လောက်ရှိသွားပါပြီ။ အနုပညာပျိုးခင်းနဲ့ရိုက်တာကတော့ ၆ ကားပဲရှိသေးတယ်။ အားရတဲ့ကားကတော့ ပရိသတ်က အသိအမှတ်ပြုတဲ့ကားကတော့ စိုင်းစိုင်းကိုချစ်တယ် ကားပေါ့နော်။ အန်ကယ်လေးနဲ့ရိုက်ထားတာ မခိုင်လေးရယ် ညီမရယ်ပေါ့။ မထွက်သေးတဲ့ကားလေးပါ။ အဲဒီကားလေးဆိုရင်တော့ ညီမလုပ်ကွက်လေးတွေလည်း အားရတယ်။ ထွက်လာရင်တော့ ပရိသတ်ကြိုက် မကြိုက်ဆိုတာ ပရိသတ်ဝေဖန်ပေးမှပဲသိရမှာပဲလေ။ အဲဒီကားလေး ထွက်လာရင် ပရိသတ်ဘာပြောမလဲဆိုတာ ညီမရင်ခုန်တယ်။

အနုပညာလောကမှာ ညီမရဲ့လက်ဦးဆရာက …
ဦးမျိုးမင်း(ရင်တွင်းဖြစ်)ပါ။ ဒုတိယဆရာက ကိုညိုမင်းလွင်၊ အားလုံးကတော့ ညီမရဲ့သင်ဆရာ မြင်ဆရာတွေပါပဲ။ အခုဆိုရင်တော့ အနုပညာပျိုးခင်းက အစ်ကိုတွေပေါ့။ အန်ကယ်လေးကတော့ အနုပညာ ပျိုးခင်းကို မ၀င်ခင်ကတည်းကညီမဆရာလို့ ပြောလို့ရပါတယ်။ ဆုံတဲ့ကားတိုင်းမှာလည်း အရမ်း သင်ပေး ပါတယ်။

အနုပညာရှင်မလုပ်ဖြစ်ရင် ဆရာဝန်မကြီးပဲ ဖြစ်နေမှာပေါ့။
အနုပညာမလုပ်ဖြစ်ရင် ညီမ ဆရာဝန်လိုင်း သီးသန့်ပဲလုပ်ဖြစ်မယ်ထင်တယ်။

ပိုင်ဖြိုးသုဆိုပြီး ဒီလိုနေရာမှာ ရပ်တည်နိုင်ဖို့အတွက် မိဘရဲ့ပံ့ပိုးကူညီမှုက…
မိဘရဲ့ပံ့ပိုးမှုက ရာနှုန်းပြည့်လို့ပဲပြောလို့ရပါတယ်။ ညီမအနုပညာအလုပ်ကို ရူးသွပ်ပြီးတော့ကို လုပ်တာ။ ဒီလိုနေနိုင်တာ ဒီလိုလုပ်ခွင့်ရတာက ညီမမိဘရဲ့နောက်ကပံ့ပိုးမှုတွေ အစစအရာရာလိုလေသေးမရှိ ကူညီပေး တာ ဆိုတော့ ညီမမိဘရဲ့ပံ့ပိုးမှုက ရာခိုင်နှုန်းပြည့်ပါပဲ …။

စိတ်ညစ်စရာတွေကြုံလာရင် ညီမလေး ဘယ်လိုဖြေဖျောက်မလဲ။
စိတ်ညစ်စရာကြုံလာရင် ညီမဟာသကားတွေကြည့်ဖြစ်တယ်။ အိမ်မှာအမြဲကြည့်တဲ့ Series လေးတစ်ခု ရှိတယ်။ Fen ဆိုတဲ့ Series လေး။ အရင်က ကားလေးပေါ့။ ကြည့်ဖြစ်တယ်။ ညီမအရမ်းကြိုက်တဲ့မင်းသမီးတွေ သရုပ်ဆောင်တဲ့ကားတွေပေါ့။ ကားတွေကြည့်ဖြစ်တယ်။ သူတို့တွေကသရုပ်ဆောင် အရမ်းပီပြင်လို့ အဲဒီ ဇာတ်လမ်းထဲကို ညီမရောက်သွားပြီး လက်ရှိဖြစ်နေတာကို မေ့သွားတယ်။ မဟုတ်လို့ရှိရင် ၀တ္ထုစာအုပ်တွေ ဖတ်တယ်။ စာအုပ်ဖတ်လိုက်တဲ့အချိန်မှာ   ညီမလက်ရှိ ဖြစ်တောတွေမေ့ပြီး ၀တ္ထုထဲကဇာတ်ကောင် ဖြစ်သွား ရော။ အဲဒါကြောင့် ညီမ၀တ္ထုဖတ်တယ်။  

ပြည်တွင်းမှာ ညီမအကြိုက်ဆုံးနဲ့ အတုယူရဆုံး သရုပ်ဆောင်က …
မခိုင်ကြီး(ထွန်းအိန္ဒြာဗို)နဲ့ မအူဝဲ(အန္ဒြာကျော်ဇင်)က ညီမငယ်ငယ်ကတည်းက အရမ်းရူးသွပ်တဲ့ အမျိုးသမီး သရုပ်ဆောင်တွေပါ။ 

ညီမလေးအခု သရုပ်ဆောင်ချင်ဆုံး Character
လောလောဆယ်တော့ ဘာ Character ဆိုတာထက် ညီမက အသစ်ပဲရှိသေးတဲ့အတွက် တတ်နိုင် သလောက် Character စုံအောင်သရုပ်ဆောင်ချင်ပါတယ်။ အခုချိန်မှာ ညီမအားသန်နေတာက စိတ်ရော လူရောနှစ်ပြီး တည်ဆောက်ယူရမယ့် Character မျိုး သရုပ်ဆောင်ချင်ပါတယ်။ Mode အပြည့်ထည့်ပြီး လုပ်ရမယ့် ဇာတ်လမ်းလေးတွေ လုပ်ချင်တယ်။

ရိုက်ခဲ့တဲ့ကားတွေမှာ Character ပီပြင်အောင် ဘယ်လို Mode သွင်းပြီးသရုပ်ဆောင်ပါသလဲ။
တတ်နိုင်သလောက် ဉာာဏ်မီသလောက် ညီမလိုက်လေ့လာတယ်။ လုပ်ရမယ့် Character အပေါ်မူတည်ပြီး မာနကြီးတာလား၊ ညီမလုပ်ဖူးတာဆိုလို့မေ့တာ။ ပေါ့တီးပေါ့ဆနိုင်တဲ့ Character လေး တွေရှိတယ်။ မာနကြီးတဲ့ Character  တွေရှိမယ်။ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ Character ရှိမယ်။ အဲဒီလိုကားတွေအားလုံးမှာ ညီမတတ်နိုင်သလောက် သိသလောက်နမူနာယူလို့ရတဲ့ကားလေး တွေကြည့် တယ်။ နိုင်ငံခြားကားတွေထဲမှာဆို ဒီကားထဲမှာ ဒီ Character ကို ဘယ်လိုလေးလုပ်သွားလဲ။ နောက်မင်းသမီး တစ်လက်ကလည်း ဒီ Character ကို ဘယ်လိုမျိုးလုပ်သွားလဲပေါ့။ ညီမ စာအုပ်တွေဖတ်တယ်။ ဒီ Character တစ်ခုကို ဘယ်လိုတည်ဆောက်ယူမလဲဆိုတဲ့ စာအုပ်လေးတွေ အဓိကကတော့ ညီမစီနီယာတွေကိုမေးတယ် ပေါ့။ ဘယ်လိုကားမျိုးတွေကြည့်သင့်လဲ။ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်လဲဆိုတာမျိုးတွေ လေ့လာဖြစ်ပါ တယ်။

သီချင်းဆိုဖို့အစီအစဉ်ရှိပါသလား။
အသံနဲ့တော့ မနှိပ်စက်ပါဘူး။ (ရယ်လျက်)။ ညီမလေးကပြောတယ်။ မသုကို ချစ်တယ်တဲ့။ သီချင်းဆိုတဲ့ အချိန်က လွဲရင်တဲ့။ အဲဒီကတည်းက ညီမသိလိုက်တယ်။

အခုလက်ရှိနေရာက ညီမလေးရဲ့ အိပ်မက်ထဲကစိတ်ကူးနဲ့တစ်ထပ်တည်း ကျနေပြီလား။
မရောက်သေးပါဘူး။ ညီမ တတနိုင်သလောက် အများကြီးကြိုးစားရဦးမယ်။ ခုမှ ခရီးလမ်းအစပဲရှိသေးပါတယ်။ ညီမလိုချင်တဲ့ပန်းတိုင်က ညီမကိုသရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ပရိသတ်တွေ အသိအမှတ်ပြုတာ ခံချင်တယ်။ အဲဒီလိုဖြစ်အောင် အများကြီး ကြိုးစားရဦးမှာပါ။ 

Body Weight နဲ့ပတ်သက်ပြီး ဘယ်လိုလေ့ကျင့်ခန်းမျိုးနဲ့ထိန်းဖြစ်လဲ။
လေ့ကျင့်ခန်းကတော့ မှန်တာပြောရရင် House ဆင်းကတည်းက မလုပ်ဖြစ်တော့တာ။ လေ့ကျင့်ခန်းဆိုတာ လည်းမလုပ်နိုင်လောက်အောင်ပဲ ညီမတို့ဆေးရုံက လေးထပ်၊ အလုပ်သမားဆေးရုံမှာဆို ညီမတို့ Medical Work က လေးထပ်ဆိုတော့ နေ့တိုင်းအတက်အဆင်းနဲ့တင် Weight က Auto ထိန်းပြီးသားဖြစ်နေတယ်။ (ရယ်လျက်) 24 Hour Duty တွေဆင်းလို့ရှိရင် ညစာမစားဖြစ်တာတွေများတယ်။

ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ညီမလေးကိုယ်တိုင် ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ဖြစ်လဲ။ ပရိသတ်ကြီး အတွက်လည်းအတွက်လည်း စကားလက်ဆောင်လေးပါးခဲ့ပါဦး။
ဆရာဝန်တစ်ယောက်အနေနဲ့ ညီမအနေနဲ့ ဘယ်လိုကျန်းမာရေးကိုထိန်းလဲဆိုရင်(ရယ်လျက်) ရယ်စရာဖြစ်မယ်။ ညီမဆေးရုံက လူနာတွေကိုပြောတဲ့စကားပဲပြောမယ်။ ညီမက သူများတကာကိုသာ ဒီလို ဒီလိုနေပါပြောတာ၊ ညီမကိုယ်တိုင်က လုပ်ချင်တာလုပ်တယ်။ အဲဒီလိုဆေးရုံကလူနာတွေကို ညီမအများဆုံးပြောဖြစ်တာက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပေါ့နော်။ ခုနောက်ပိုင်း ဒီခေတ် လူငယ်တွေရော လူကြီးတွေပါ နောက်ပိုင်း Lifestyleကိုက အထိုင်အလုပ်တွေများလာတာဆိုတော့ နှလုံး၊ သွေးတိုး၊ ဆီးချို အဲဒီဝေဒနာတွေက ပိုဖြစ်လာ တယ်။ အရင်တုန်းကဆို ကူးစက်ရောဂါတွေကိုကြောက်ရတယ်။

 ခုခေတ်မှာ ကူးစက်ရောဂါထက် ကင်ဆာတို့ နှလုံးသွေးကြောကျဉ်းတာတို့ အဲဒါတွေကပိုဆိုးတယ်။  သွေးတိုး၊ ဆီးချိုတို့က အသံတိတ် လူသတ်သမားလို့ တောင်ပြောလို့ရတယ်။ အဲဒီရောဂါတွေမဖြစ်ဖို့က အဓိကကိုယ်လက်လှုပ်ရှားလုပ်ရမယ်။ ပြီးတော့ အသီးအနှံ များများစားရမယ်။ Body Weight ထိန်းဖို့လည်းလိုတယ်။ 

ကျန်းမာတဲ့အစားအစာတွေစားပေါ့နော်။ Organic Full ပေါ့နော်။ ခုခေတ်က များသောအားဖြင့် အသင့်စားအစားအစာတွေစားတယ်။ အကင်တွေစားတယ် ပေါ့နော်။ အမှန်တော့ ဒါတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးပေါ့နော်။ အသီးအရွက်များများနဲ့ အသားငါး လျော့စားတာ ပိုကျန်းမာတယ်လို့ ညီမစာထဲမှာလည်း ဖတ်ဖူးပါတယ်။ အဲဒီလိုလည်းယူဆတယ်။ အဲဒါလေး အကြံဉာဏ် ပေးချင်ပါတယ်။

ရှေ့ဆက်မယ့် အနုပညာ ရည်မှန်းချက်ပန်းတိုင်လေး။
ရည်မှန်းချက်ပန်းတိုင်ကတော့ ပရိသတ်တွေ အသိအမှတ်ပြုတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင် ပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment