အရောင်ဖျော့ဖျော့ ၀တ်ဆင်တဲ့အခါ






တောက်ပတဲ့ အရောင်တွေက ထင်ရှားပေါ်လွင်လွန်းလှတဲ့အတွက် သာမန် မိန်းကလေး တစ်ယောက်အနေ နဲ့ဝတ်ဖို့က တွန့်ဆုတ်နေတတ်ပါတယ်။ အဲဒါကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အ၀တ်အစားစင်မှာ သာမန် ဖျော့တော့တဲ့အရောင်တွေက ပိုပြီးနေရာယူကြပါတယ်။ ဒါပေမဲ့ လူ့စိတ်အလိုအရ တစ်ခါတရံကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့တောက်ပတဲ့ အရောင်တွေကို ၀တ်ဆင်လိုစိတ်တွေ နိုးကြားလာပါတယ်။ အဲဒီလိုအချိန်တွေ လည်းရောက်ရော ဗီရိုထဲမှာက သာမန်အ၀တ်အစားတွေက နေရာယူထားပြီးသား ဖြစ်နေပါတော့တယ်။ စိတ်မညစ်ပါနဲ့။ ဖက်ရှင်ဆိုတာရှိသ၍ ကိုယ်လိုအပ်သလို စိတ်ကြိုက် ပုံဖော်နိုင်မယ့် နည်းလမ်းကောင်းတွေရှိနေ ပါတယ်။

နှုတ်ခမ်း/လက်သည်းဆိုးဆေး
ပထမဆုံးအနေနဲ့ အရောင်မှိန်ဖျော့နေတဲ့ ၀တ်စုံတွေကို တောက်ပသွားစေဖို့ အလွယ်ကူဆုံး နည်းလမ်း ကတော့ မိတ်ကပ်ခြယ်သမှုပါပဲ။ ခန္ဓာကိုယ်က၀တ်စုံက မှေးမှိန်နေတဲ့အတွက် မိတ်ကပ်၊ လက်သည်း ခြေသည်း တွေကို ထင်းကနဲပေါ်လွင်ထင်ရှားနေစေတဲ့ အရောင်မျိုးရွေးချယ်သုံးစွဲပေးပါ။

လက်ကိုင်အိတ်
နောက်ထပ် တောက်ပထင်ရှားပေါ်လွင်သွားစေဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တောက်ပပြီး ထင်ရှားတဲ့ လက်ကိုင်အိတ်ပါပဲ။ အရင်ကိုင်နေကျ အနက်ရောင်၊ မီးခိုးရောင်အိတ်တွေကို ခေတ္တမေ့ထားလိုက်ပါ။ လက်ကိုင်အိတ်ဆိုတာ မိန်းကလေးတစ်ယောက် ဖက်ရှင်ကျစေဖို့ ဖြည့်စွက်ပစ္စည်းတစ်ခုပါပဲ။ အရောင်မှိန်တဲ့ အ၀တ်အစားအတွက် တောက်ပတဲ့လက်ကိုင် အိတ်တစ်လုံးသာကိုင်လိုက်ပါ။ ကိုယ့်ရဲ့သွင်ပြင်က လုံးဝ ပြောင်း လဲသွားပါလိမ့်မယ်။
နေကာမျက်မှန်
နေကာမျက်မှန်ကလည်းဖက်ရှင်ကျစေတဲ့ ပစ္စည်းတစ်ခုပါပဲ။ အရောင်မှိန်တဲ့ အ၀တ်အစားတွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကောင်းဆုံးကတော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ အရောင်တောက်တောက်နေကာ မျက်မှန်တစ်လက်ပါပဲ။ မျက်နှာအချိုးအစားနဲ့လိုက်ဖက်တဲ့ နေကာမျက်မှန်က မိန်းကလေးတစ်ယောက်ရဲ့ သွင်ပြင်ကို လုံးဝပြောင်းလဲသွားစေပါလိမ့်မယ်။
လည်စည်းပ၀ါ
လည်စည်းပ၀ါလေးတစ်ထည်ကလည်း နေ့စဉ်ဝတ်နေကျ အ၀တ်အစားမှာ ပိုပြီးလှပသွားစေမယ့် ဖြည့်စွက်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ၊ ရှပ်လက်ရှည်၊ ရုံးဝတ်စုံ ဘယ်လိုပဲဝတ်ဆင်ထားပါစေ လည်စည်းပ၀ါလေးနဲ့ တွဲစပ်လိုက်ရင် ဂန္တ၀င်ဆန်ဆန်လေးနဲ့ပိုပြီး ကြွကြရွရွ လှပသွားစေပါလိမ့်မယ်။ အ၀တ်အစား အရောင်မှိန်ရွေးချယ်သူများအနေနဲ့ လည်စည်းပ၀ါအရောင်တောက်လေးတွေဝတ်ဆင်ပါ။

ဖိနပ်
ဖိနပ်ကတော့ ၀တ်စုံတစ်စုံရဲ့အခြေခံပစ္စည်း၊ အရေးကြီးဆုံးပစ္စည်းပါပဲ။ လှပတဲ့ဖိနပ်လေးတစ်ရံက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့အပြင် လူတကာကြားထင်ရှား ပေါ်လွင်စေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ မျက်နှာကို အာရုံစိုက်ခံရမှာစိုးရွံ့တဲ့အခါ အရောင်တောက်တောက် ဖိနပ်တစ်ရံကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။
နာရီ
လက်ပတ်နာရီကလည်း ဖက်ရှင်ကျစေဖို့ပစ္စည်းထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သာမန်နဲ့မတူ ထူးခြားတဲ့ ဖန်စီနာရီလေးတွေက လူတကာကြား ကိုယ့်ကိုသတိပြုမိစေပါလိမ့်မယ်။
လက်ဝတ်ရတနာ
နောက်ထပ်မှေးမှိန်နေတဲ့ဝတ်စုံလေးကို တောက်ပလင်းလက်သွားစေဖို့ကတော့ လက်ဝတ်ရတနာလေး တွေ ဆင်ယင်ဖို့ဖြစ်ပါတယ်။ တောက်ပတဲ့ လက်ဝတ်လက်စားလှလှလေးတွေက ကိုယ့်ကို လူတကာအာရုံစိုက် မိလာစေပါလိမ့်မယ်။ ဒါပေမဲ့ သတိပြုရမှာကတော့ အလွန်အကျွံမပြင်ဆင်မိဖို့ပါပဲ။
ခါးပတ်
အရောင်ဖျော့တဲ့အ၀တ်အစားမှာ အရောင်တောက်ပတဲ့ ခါးပတ်လေးတစ်ခုက လူတွေရဲ့စိတ်အာရုံကို ကိုယ့်ဆီဖမ်းစားနိုင်ပါလိမ့်မယ်။ အနက်ရောင်၊ အနီ ရောင်၊ အပြာရင့်ရောင်ခါးပတ်လေးတွေနဲ့ တွဲဖက်ပြီး ၀တ်ဆင်ကြည့်ပါ။
အ၀တ်အစား အရောင်မှိန်မှိန်ဝတ်ဆင်တာနဲ့ အခုပြောပြတဲ့ အရောင်တောက်တောက်လေးတွေ အားလုံး ၀တ်ဆင်လိုက်ရမယ်လို့ မဆိုလိုပါဘူး။ ဒီပစ္စည်းတွေအားလုံးဝတ်လိုက်ရင် အရောင်တွေက ကြောင် သွားပြီး ကြည့်ရဆိုးသွားပါလိမ့်မယ်။ အဲဒါကြောင့်ကိုယ်နဲ့ လိုက်ဖက်မယ်ထင်တဲ့ အရောင်ခပ်ဆန်းဆန်းလေး တွေနဲ့တွဲပြီး တီထွင်ဆန်းသစ် ကြည့်ဖို့လိုပါတယ်။

crystal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment