အခက်အခဲတွေက ကိုယ့်ကိုရှေ့ရောက်အောင် ပို့ပေးနေတယ်လို့မြင်ပြီး ကျော်ဖြတ်ခဲ့တာပါ…. ဖူးပွင့်သခင်









လက်တလောက ဖူး ပရဟိတလုပ်ငန်းတွေ လုပ်ဖြစ်နေတယ်။ ဧရာဝတီတိုင်းလပွတ္တာမြို့က ဘီတွန်း ကျေးရွာ ဒုက္ခသည်တွေကို သွားလှူဖြစ်တယ်။ ရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဖြစ်တယ်။ အလှူခံလည်းထွက်ဖြစ်တယ်။ ပြီးတော့ သာယာဝတီ၊ သုံးဆယ်ဘက်ကို သွားလှူဖြစ်တယ် လို့ဆိုလာသူလေးက Shape Cover Star လေး ဖူးပွင့်သခင်ပါ။ သူနဲ့ပြောဖြစ်ခဲ့တာတွေက ဒီလိုပါ။

ညီမတို့လိုအနုပညာရှင်တွေ ကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့အခါမှာ ရေဘေးဒုက္ခသည်တွေရဲ့ ခံစားချက် အမြင်လေးကို ပြောပြပေးပါဦး။
သာယာဝတီသုံးဆယ်ကကျတော့ အနုပညာရှင်တေ တော်တော်များများ သွားဖြစ်ကြတယ်ပေါ့။ သူတို့အနေနဲ့ သရုပ်ဆောင်တွေ တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းပျော်ကြတယ်ပေါ့နော်။ ညီမဟိုတစ်နေ့က သွားလှူတဲ့ ဘီတွန်းကျေးရွာလေးဆိုရင်အဝေးကြီးပဲ။ စက်လှေတောင်မှ (၃)နာရီလောက်စီးရတယ်။ အဲဒါ ကြောင့်မို့ အဲဒီဘက်ကို သွားလှူတဲ့သူသိပ်မရှိဘူး။ ညီမတို့တစ်ဖွဲ့တည်းပဲရှိသေးတယ်။ သိပ်လည်းမသိကြလို့ ထင်တယ်။ သူတို့ကရေဘေးလည်းမဟုတ်ဘူး။ ဒါပေမဲ့ ဒုက္ခသည်ပေါ့။ နာဂစ်ပြီးကတည်းက နာလန်မထူနိုင်တဲ့ ကျွန်းလေးတစ်စုပေါ့။ အဲဒီကျွန်းမှာ စားဝတ်နေရေးကလည်း အဆင်မပြေဘူး။ ဒုက္ခတွေများတယ်ပေါ့။ အဲဒါကြောင့်ပဲ ညီမတို့သွားလှူဖြစ်တာပါ။ အဲဒီမှာသူတို့ရွာခံတွေရဲ့ ဘောလုံးပွဲနဲ့လည်းကြုံတာနဲ့ ဖူးတို့အနုပညာ မောင်နှမတွေ ဖျော်ဖြေခဲ့ကြပါတယ်။ ဘန်နီဖြိုး၊ ကိုဖြိုးလေး၊ ကိုသိန်းလင်းစိုး၊ ဂျိုကာတို့ အများကြီး ပါပါတယ်။ အဲဒီလိုအနုပညာရှင်တွေကို မြင်ရတဲ့အခါကျတော့ ဒုက္ခသည်တွေရဲ့ ရင်ထဲကခံစားနေရတဲ့ ဒုက္ခတွေကိုတော့ ခဏမေ့သွားတယ်ပေါ့နော်။ ညီမတို့အနုပညာရှင်တွေဘက်ကလည်း သူတို့ရဲ့စိတ်ကို ခေတ္တ ခဏအပန်းပြေသွား အောင် လုပ်ပေးခွင့်ရတဲ့အတွက်လည်း အရမ်းကိုဝမ်းသာပါတယ်။ 

အခုလို ကိုယ်တိုင်သွားလှူခဲ့တဲ့အပေါ် ညီမရဲ့ခံစားချက်လေးကိုပြောပြပေးပါဦး။
အရမ်းကိုဝမ်းသာပါတယ်။ ပျော်ပါတယ်။ ညီမတို့သွားလှူတဲ့နေရာက စက်လှေနဲ့သွားရတယ်ပေါ့။ ညီမကရေအရမ်းကြောက်တတ်တာ။ စက်လှေတောင် တစ်ခါမှမစီးဖူးဘူး။ အဲဒီတုန်းကမိုးကလည်းရွာ၊ လှိုင်းကလည်း နည်းနည်းကြမ်းတော့ ကြောက်တဲ့စိတ် နည်းနည်းဖြစ်မိတယ်။ ဒါပေမဲ့ သွားလှူတဲ့စိတ် တစ်ခုကြောင့် သေခဲ့လည်းသေရတာမြတ်တယ်ပေါ့။ ဖူးစိတ်ထဲမှာတွေးထားတယ်။ ကုသိုလ်ကောင်းမှု လုပ်တာ ဖြစ်တဲ့အတွက် အန္တရာယ်တော့မဖြစ်နိုင်ပါဘူးပေါ့နော်။ အမေဆိုလည်းအရမ်းစိတ်ပူတယ်။ အမေမသိအောင် ခိုးသွားရတာဆိုတော့ အမေခရီးသွားနေတဲ့အချိန်မှာ ကိုယ်အရမ်းသွားချင်တဲ့နေရာကို အမေမသိအောင် ညာပြီးသွားခဲ့တယ်။ ဒါကတော့ အမှတ်တရပေါ့။ 

ဖူး မိဘကို မညာဖူးပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကိုယ်သွားလှူချင်တဲ့နေရာကို ရောက်အောင်သွားခဲ့ရတဲ့ အတွက်ပီတိဖြစ်မိတယ်ပေါ့။ ပြီးတော့ ကိုယ့်ရဲ့ပရိသတ် ထမင်းရှင်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ့်ဘက်က တတ်နိုင်တဲ့အားလေးနဲ့ ကူညီပေးခွင့်ရတဲ့ ပီတိကဘာနဲ့မှလဲလို့မရပါဘူး။ ဘာပဲလုပ်လုပ် ပျော်ရွှင်မှုဆိုတာက ဒီပျော်ရွှင်မှုနဲ့မတူပါဘူး။ ဒါကတော့ပီတိဖြစ်ရပါတယ်။ 

နောက်ထပ်ရော သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိသေးလား။
အဖွဲ့အစည်းတွေက ဖိတ်ခေါ်လာရင်တော့ ညီမပါဝင်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး အလုပ်တွေက အဖွဲ့အစည်းတွေနဲ့ လုပ်မှအဆင်ပြေတာလေ။ ကိုယ်တစ်ယောက်တည်းမဖြစ်ဘူး။ ညီမ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ပါဝင်ဖြစ်မှာပါ။ အစည်းအရုံးကသော်လည်းကောင်း၊ အပြင်ကသော်လည်းကောင်း ပေါ့နော်။ ကိုယ့်ဘက်က တတ်နိုင်သလောက်လုပ်ဖြစ်မှာပါ။ ညီမ ဒီရေဘေးမဖြစ်ခင်ကတည်းက ပရဟိတဆို အကုန်လုပ်ဖြစ်ပါတယ်။ ညီမတာချီလိတ်မှာ ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် သီချင်းတွေ ဆိုဖို့ရှိပါတယ်။ ဟိုတလောကလည်း မန္တလေးမှာ နှင်းဆီအဖွဲ့နဲ့အတူ သီချင်းတွေဆိုဖြစ်တယ်။ အဲဒီပွဲမှာရခဲ့တဲ့ ဆုငွေငါးသိန်းကိုလည်း ပြန်လှူဒါန်းခဲ့ပါတယ်။ သူများတွေလို သိန်းရာချီထောင်ချီ မလှူဒါန်းနိုင်ပေမယ့် ကိုယ်တတ်ထားတဲ့ အနုပညာချွေးနဲစာလေးနဲ့တော့ တတ်နိုင်သလောက် လှူဒါန်းသွားမှာပါ။ 

သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုပြောပြပေးပါဦး။
အဖြူရောင်တိမ်တိုက်ပရဟိတအဖွဲ့နဲ့ ညီမတို့အလှူခံထွက်ကြတယ်။ မရတနာမိုင်၊ မနန်းဆုရတီစိုး၊ မမေမြတ်နိုးတို့ရောပေါ့။ ရတဲ့အလှူငွေတွေအားလုံးကို သွားလှူဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးနဲ့သွားပြီး သာယာဝတီ၊ သုံးဆယ်ဘက်မှာရှိတဲ့ မိုးညိုဘက်မှာလည်း သွားလှူဖြစ်တယ်။ မီဒီယာဆဲဗင်းနဲ့လည်း ဧရာဝတီတိုင်း၊ ဘီတွန်းကျေးရွာဘက်မှာ သွားလှူဖြစ်တယ်။ နောက်ပြီးတော့ တာချီလိတ်မှာလည်း သီချင်း သွားဆိုဖြစ်ပါတယ်။
ရုပ်ရှင်ကားဖြစ်မလား၊ ဗွီဒီယိုကားဖြစ်မလားဆိုတာပြောပြပေးပါဦး။
          ရုပ်ရှင်ကားကြီးကတော့ (၁၁)လပိုင်းပြန်ရက်ရွှေ့သွားပါတယ်။ ဗွီဒီယိုကားပဲ စရိုက်ဖြစ်မှာပါ။ ရိုက်ဖို့တော့ လုပ်နေပါတယ်။ အရင်ကတော့ တစ်လလုံးနားထားတယ်ပေါ့နော်။ နားထားတယ်ဆိုပေမယ့်လည်း အရမ်းကြီး ရိုက်နေရတဲ့သူမျိုးတော့ နားထားတာမဟုတ်ဘူးပေါ့နော်။ ပရဟိတတွေလည်း လုပ်ချင်တဲ့အတွက် ကြောင့်လည်း ကားရိုက်တွေ နားထားတယ်ပေါ့။ ဒီလကုန်ရင်တော့စရိုက်မှာပါ။
ဒီသရုပ်ဆောင်အပြင် သီချင်းဆိုဖို့ရောအစီအစဉ်ရှိသေးလား။
အဲဒီလို အခွေထုတ်မယ်၊ စီးရီးထုတ်မယ်ဆိုတဲ့ အစီအစဉ်တော့မရှိသေးပါဘူး။ နောက်ပိုင်းကျရင်တော့ အခြေအနေအရပေါ့။ ကိုယ့်အသံက Professional တစ်ယောက်လို အသံကလည်းမကောင်းဘူးလေ။ ဒီလိုပဲ ပရဟိတပွဲတွေ နယ်ကပွဲတွေလောက်ပဲဆိုဖြစ်ပါတယ်။ 
ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ခဲ့တဲ့ကားအရေအတွက်ကို ပြောပြပေးပါဦး။
 ညီမခေါင်းဆောင်မင်းသမီးအနေနဲ့ရိုက်တာ ကား၂၀ကျော်လောက်ရှိပါပြီ။ ထွက်ပြီးသားတွေလည်းရှိသလို မထွက်သေးတာတွေလည်း ရှိတယ်ပေါ့။ ဒီအပတ်ထဲမှာတော့ ယောက်ဖတောင်ကိုကျော်ပြီး ယောက္ခမ ပင်လယ်ကိုဖြတ်မယ်ဆိုတဲ့ ကားနဲ့ စလုံးရေစ Hello စင်ကာပူဆိုတဲ့ကားလေး ထွက်ဖို့ရှိပါတယ်။ နောက်ထပ် လည်းကားတွေ အများကြီးရိုက်ဖို့ ရှိပါသေးတယ်။
အနာဂတ်ရည်မှန်းချက်ကရော ဘာဖြစ်ချင်လဲ။
ပြည်သူချစ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်ချစ်မှ အနုပညာရှင်တွေက ဆက်လက်ကြိုးစားရပ်တည်လို့ရတာလေ။ ကိုယ်က ကြိုးစားရပ်တည်ပေမယ့်လည်း အဲဒီ ကြိုးစားမှုကို ပရိသတ်က အသိအမှတ်ပြုမှ အရာထင်မှာလေ။ အဲဒါကြောင့်ပါ။
ညီမအနေနဲ့ ဇာတ်လမ်းတွေမှာလုပ်ပိုင်ခွင့်နည်းတယ်လို့ ထင်မိလား။
မြန်မာနိုင်ငံမှာက မင်းသားနဲ့မင်းသမီးဆိုရင် မင်းသားဇာတ်က များတယ်လေ။ မင်းသမီးဇာတ်ဆိုတာ ရှားတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အများနဲ့လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က အရနည်းတယ် လို့ပြောလို့မရပါဘူး။ ဒီသရုပ်ဆောင်တာကို တစ်ခန်းပဲရိုက်ရ၊ နှစ်ခန်းပဲရိုက်ရ ပရိသတ် သတိထားမိအောင် ရိုက်ခွင့်ရရင်ကောင်းတာပေါ့။ အသစ်တုန်းကဆိုလည်း အသစ်တစ်ယောက်ကို ချက်ချင်းကြီး မတင်ရဲဘူးလေ။ စမ်းတဲ့သဘောနဲ့ ရိုက်ကြည့်တဲ့သူတွေအများကြီးပါ။ အဲဒီအခါကျတော့ မင်းသမီးဇာတ်ကြီးပဲဖြစ်ရမယ်ဆိုတာ ကိုတော့ရွေးချယ်ခွင့်မရှိပါဘူး။ သရုပ်ဆောင်အသစ် တစ်ယောက်အနေနဲ့ ကျွန်မကတော့ မင်းသမီးဇာတ် မဟုတ်တဲ့အတွက် မရိုက်ချင်ဘူးလို့ဆိုရအောင် ကိုယ်ကရော ဘယ်လောက်လုပ်နိုင်ပြီလဲပေါ့။ ဘယ်လောက် ပရိသတ်ဆီကို ချပြနိုင်ပြီလဲပေါ့။ အဲဒါတွေရှိသေးတယ်လေ။ တချို့က ငါတော့ရိုက်နိုင်တယ်၊ လုပ်နိုင်တယ်ပေါ့။ ရိုက်တဲ့အခါကျမှ တလွဲဖြစ်သွားတဲ့အခါ ပိုအရှက်ရစရာဖြစ်တယ်ပေါ့။ အဓိက မင်းသမီးဇာတ်တွေ ရိုက်ရနည်း တယ်ဆို အကုန်လုံးကအတူတူပါပဲ။ မင်းသမီးဇာတ်ရခဲ့တယ်ဆိုရင်လည်း တော်တော်ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီဇာတ်တခုရရင်လည်း ပရိသတ်ရင်ထဲ ရောက်သွားမယ်ပေါ့နော်။ တကယ်တော့ ဒီခေတ်မှာက သရုပ်ဆောင်ကောင်းတွေပဲ ရွေးတာပေါ့နော်။ မင်းသားမင်းသမီးက အဓိကဇာတ်မဟုတ်တော့ ဘူးပေါ့။ ဤအရာကိုအချစ်ဟုခေါ်သလား ကားမှာလည်း ဦးဗေ၊ အန်တီဂွမ်းတို့ကို မင်းသား မင်းသမီးတွေက ပံ့ပိုးရတာပေါ့နော်။ အခုကလည်းနိုင်ငံခြားရုပ်ရှင်တွေနဲ့ ရင်ဘောင်တန်းလာတော့ မင်းသမီးဇာတ်ဆိုတာ မရှိတော့ဘူး။ အားလုံးကတန်းတူရည်တူပဲပေါ့။ ဘယ်သူမှမင်းသားမင်းသမီး မဟုတ်တဲ့ သရုပ်ဆောင်ကောင်းဖို့ ပဲလိုတာပေါ့။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ပဲလိုတယ်။ ငါကတော့ မင်းသမီး ဇာတ်ရမှရိုက်မယ် ဆိုရင်တော့ သရုပ်ဆောင်ဖြစ်လာမှာမဟုတ်ဘူး။
ညီမအနေနဲ့ ဘယ်လိုကာရိုက်တာ ဆန်းဆန်းလေးတွေကို သရုပ်ဆောင်ချင်လဲ။
ညီမသွက်သွက်လက်လက်လေးတွေ သရုပ်ဆောင်ချင်တယ်။ ပြီးတော့ သဘာဝ ဇာတ်ရုပ်ပုံစံလေးတွေ သရုပ်ဆောင်ချင်ပါတယ်။ တကယ်အပြင်မှာဖြစ်နေတဲ့ မိသားစုဆန်ဆန် ဇာတ်လမ်းလေးတွေ ပရိသတ်ကို Message တစ်ခုပေးနိုင်မယ့်ဟာလေးတွေ လုပ်ဆောင်ပေးစေချင်ပါတယ်။
ဟာသနဲ့ ဒရာမာဘယ်ဘက်ကို ပိုအားသန်လဲ။
ညီမကဒရာမာကို ပိုအားသန်တယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ ဟာာသနဲ့သိပ်ထိတွေ့မှု မရှိဘူး ပေါ့နော်။ ရိုက်ရတာကလည်း ဒရာမာကားတွေများပါတယ်။ ဟာသနဲ့ဒရာမာ ဆိုရင် ဟာသကပိုခက်တယ်လို့ လည်း တချို့ကပြောကြတယ်ပေါ့နော်။ ဒါပေမဲ့လည်း သရုပ်ဆောင်ကောင်းဆိုတာ အားလုံးကိုတော့ ရိုက်နိုင် ရမယ်လို့ ညီမဘက်ကခံယူထားပါတယ်။
ညီမဒီအနုပညာလောကထဲ စ၀င်တော့အခက်အခဲတွေရှိခဲ့လား။
အခက်အခဲတွေကတော့ အများကြီးပါပဲ။ အခက်အခဲဆိုတာကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ်ရှိတာ ပေါ့နော်။ ညီမအနုပညာလောကထဲဝင်တာ သိပ်လည်းမကြာသေးတော့ ကြိုးစားရတာပေါ့နော်။  အနုပညာ လောကကိုစ၀င်တော့ ဒေါက်ဖိနပ်ကလည်း မစီးတတ်ဘူး။ အရမ်းတိုတဲ့ဟာတွေဆိုလည်း မ၀တ်ရဲဘူးပေါ့။ ကားရိုက်တဲ့အခါကျပိုဆိုးတယ်။ ဒိုင်ယာလော့ခ်တွေ ကျက်ရတယ်ပေါ့နော်။ ဒိုင်ယာလော့ခ်တွေ မေ့တယ်ပေါ့။ ပြီးတော့လည်း ကိုယ့်ကိုချစ်တဲ့သူရှိသလို ကိုယ့်ကိုမုန်းတဲ့သူလည်းရှိတယ်ပေါ့။ အဲဒီအခက်အခဲ တွေကအများကြီးပါ။ ဒီသရုပ်ဆောင်လုပ်ဖူးတဲ့ သူတွေတော့သိမှာပေါ့နော်။ ဒါပေမဲ့ကိုယ်ဖြစ်ချင်တဲ့ ခံယူချက် ကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ်ကိုတော့ ခံယူထားပါတယ်။ အဲဒီ အခက်အခဲတွေကိုတော့ ကိုယ့်ကိုရှေ့ရောက်အောင် ပို့ပေးနေတယ်လို့မြင်ပြီး ကျော်ဖြတ်ခဲ့တာပါ။
ညီမအနေနဲ့ အမှတ်ရဖြစ်ခဲ့တဲ့ကားဆိုရင် ဘယ်ကားလေးဖြစ်မလဲ။
အမှတ်တရကတော့အများကြီးပါပဲ။ တစ်ကားနဲ့တစ်ကား မတူဘူးပေါ့နော်။ တော်ကီတွေမှားတာမျိုး လမ်းလျှောက်ရင်း ဒေါက်ဖိနပ်ကျိုးသွားတာမျိုး အဲဒီလိုတွေတော့အမှတ်တရတွေ အများကြီးပါ။
ညီမကိုပရိသတ်ကစပြီးတော့ သတိထားမိတဲ့ ဇာတ်ကားလေးကိုပြောပြပေးပါဦး။
ပရိသတ်ကနယ်ကြိုက်နဲ့ မြို့ကြိုက်ဆိုတာ ရှိတာပေါ့နော်။ နယ်မှာ ကိုဝေဠုကျော်၊ ကိုနေမျိုးအောင် ကိုစည်ဖြိုးတို့ကို ကြိုက်ကြတယ်ပေါ့နော်။ သူတို့နဲ့လည်း ညီမရိုက်တာ တော်တော်များတယ်။ နယ်မှာဆို ညီမကိုသတိထားမိတာက ကိုဝေဠုကျော်နဲ့ ဘဦးကားမှာပေါ့။ ဖူးပွင့်သခင်ပါလား ဆိုပြီးတော့ပေါ့နော်။ မြို့မှာကျတော့ ကိုနေတိုးနဲ့ ရိုက်ထားတဲ့ မိုးကောင်းကင်နဲ့တိမ်တိုက်များ ပုဂံထဲကရာဇ၀င်ကားတို့မှာတော့ ပရိသတ် သတိထားမိတယ်ပေါ့။ ပရိသတ်ကတော့ သူဟာနဲ့သူပါ။ အကြိုက်ချင်း မတူကြပါဘူး။

အနုပညာရှင်တွေ စည်းစည်းလုံးလုံးနဲ့ ပရဟိတတွေလုပ်ဆောာင်နေကြတဲ့အပေါ်မှာ ညီမအမြင်လေး ကိုပြောပြ ပေးပါဦး။
အနုပညာရှင်တွေအားလုံးက အခုဆိုစည်းစည်းလုံးလုံးနဲ့ ပရဟိတတွေ လုပ်နေကြတဲ့အပေါ် ညီမ ၀မ်းသာပါတယ်။ ကိုယ့်ရဲ့စီနီယာဆရာတွေအားလုံးက မအားလပ်တဲ့ကြားကနေ အလုပ်တွေကို ခဏနားပြီး တော့ ဒီပရဟိတအလုပ်တွေကိုဦးဆောင်ပြီး လုပ်နေကြတဲ့အခါမှာ ညီမတို့လိုအသစ်တွေအနေနဲ့ သြော် ကိုယ့်ရဲ့ ဆရာတွေ၊ စီနီယာတွေလုပ်နေပါလား။ ငါတို့လည်းလုပ်မယ်ဆိုတဲ့ အသိတွေဝင်သွားတယ်ပေါ့။ ပြည်သူတွေ တကယ်ဒုက္ခရောက်နေတဲ့အချိန်မှာ အနုပညာရှင်တွေဘက်ကနေ တတ်နိုင်တဲ့အားနဲ့လုပ်  ပေးနေကြတဲ့အပေါ် ညီမ မုဒိတာပွားတယ်၊ သာဓုခေါ်ပါတယ်။ 

အနုပညာအလုပ်တွေကို ဘယ်ချိန်လောက်ထိဆက်လုပ်သွားမလဲ။
ဘယ်လောက်ထိလုပ်သွားမလဲဆိုရင် ပရိသတ်အားပေးတဲ့အထိ လုပ်သွားမှာပါ။ ဖူးကတော့ ဒီအနုပညာအလုပ်ကို ပရိသတ်အသိအမှတ်ပြုတဲ့ ကာလတစ်လျှောက်လုံး အနုပညာအလုပ်တွေကို ဆက်လုပ် သွားမှာပါ။ ဒါကတော့ ပရိသတ်ကပေးတဲ့ အမှတ်အပေါ်မှာပဲကြည့်ပြီး ရပ်တည်ခွင့်ရှိတာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment