ပန်းသွေးရောင်နှုတ်ခမ်းလေးတစ်စုံပိုင်ဆိုင်ဖို့ ဘာလုပ်ရမလဲ…







 ပန်းသွေးရောင်ဖူးငုံတဲ့ နှုတ်ခမ်းသားလေးတစ်စုံ၊ ပန်းနုရောင်နှုတ်ခမ်းသားလေး တစ်စုံဆိုတာ ယောက်ျားလေး၊ မိန်းကလေးတိုင်းမျှော်လင့်တောင့်တတဲ့အရာပါ။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ရေဒဏ်၊ နေဒဏ်၊လေဒဏ်တွေရယ်၊ စားသောက်နေထိုင်မှု မမှန်ကန်တာတွေက နှုတ်ခမ်းသားလေးတွေကို တဖြည်းဖြည်း ညိုမှောင်လာစေပါတယ်။ အဲဒီအတွက်စိတ်မပူပါနဲ့။ ပန်းသွေးရောင်လှပတဲ့ နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့ သဘာဝ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

သံပုရာရည်
သံပုရာရည်မှာ သဘာဝကြေးချွတ် ဂုဏ်သတ္တိပါဝင်ပြီး နှုတ်ခမ်းမှ အရေပြားဆဲလ်အသေလေးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ သံပုရာရည်နဲ့ နှုတ်ခမ်းသားလေးတွေကို တစ်နေ့တစ်ကြိမ် မှန်မှန်ပွတ်ပေးပါ။ နှုတ်ခမ်းသားလေးတွေ စိုပြေတောက်ပလာစေပါလိမ့်မယ်။

ပျားရည်
နှုတ်ခမ်းသားလေးတွေ ပန်းနုရောင်တောက်ပဖို့ နောက်ထပ် သဘာဝပစ္စည်းတစ်မျိုးကတော့ ပျားရည် ပါပဲ။ ပျားရည်ကိုညအိပ်ရာမ၀င်ခင်နှုတ်ခမ်းမှာ ခပ်ပါးပါးလေးလိမ်းထားပေးပါ။ ပျားရည်ကနှုတ်ခမ်းသားကို တောက်ပလာစေပြီး အစိုဓာတ်ဖြည့်ပေးနိုင်ရုံမက ပန်းနုရောင်နှုတ်ခမ်းလေးပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ဘယ်ရီသီး
ဘယ်ရီးသီးကလည်း ညိုမှောင်နေတဲ့နှုတ်ခမ်းသားလေးတွေကို ကြေးချွတ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေမှာ အရေပြားကိုကျန်းမာနုပျိုစေနိုင်တဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ဘယ်ရီသီး၊ ပျားရည်၊ ရှားစောင်း လက်ပတ်ဂျယ်ကို ရောစပ်ပြီး နှုတ်ခမ်းမှာ(၁၀)မိနစ်ခန့် လိမ်းထားပေးနိုင်ပါတယ်။

သခွားသီး
သခွားသီးက မျက်ဝန်းတစ်ဝိုက် ညိုတာတွေကို သက်သာစေသလို ပေါင်၊ ချိုင်းမည်းတာတွေကိုလည်း လျော့ပါးစေပါတယ်။ ပန်းနုရောင်နှုတ်ခမ်းလေး ပိုင်ဆိုင်ဖို့အတွက် ညိုနေတဲ့နှုတ်ခမ်းသားကို သခွားသီး အရည်နဲ့ ညစဉ်ပုံမှန်ပွတ်ပေးပါ။ နှုတ်ခမ်းသားကို သိသိသာသာပြောင်းလဲလာစေပါလိမ့်မယ်။

သကြား
ညိုနေတဲ့နှုတ်ခမ်းသားကို ကြေးချွတ်ဖို့သကြားကို အသုံးပြုနိုင်ပါတယ်။ သကြားနဲ့ Shea Butter ကို ရောစပ်ပြီး အဲဒီအနှစ်ကိုနှုတ်ခမ်းသားမှာ လိမ်းထားပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် နှုတ်ခမ်းသားလေးတွေကို နူးညံ့ပျော့ပြောင်းသွားစေပြီး ပန်းနု ရောင်သန်းကာ လှပလာစေပါလိမ့်မယ်။

နှုတ်ခမ်းဆိုးဆေးများကိုစစ်ဆေးပါ
သဘာဝပစ္စည်းတွေသုံးပြီး နှုတ်ခမ်းကိုထိန်းသိမ်းနေရုံနဲ့မပြီးပါဘူး။ကိုယ်အသုံးပြုတဲ့ နှုတ်ခမ်း ဆိုးဆေး တွေကိုလည်း ပြန်စစ်ဆေးဖို့လိုပါတယ်။ နှုတ်ခမ်းဆိုးဆေးကို အရောင်နုသာသုံးပါ။ ဒါမှမဟုတ် သဘာဝပစ္စည်း တွေကို အခြေခံထုတ်လုပ်ထားတဲ့ နှုတ်ခမ်းဆိုးဆေးလိုမျိုးသာ သုံးစွဲတာအကောင်းဆုံးဖြစ်ပါတယ်။

အစိုဓာတ်ဖြည့်ပေးပါ
ခြောက်သွေ့ပြီး ရေဓာတ်ခမ်းခြောက်နေတဲ့ နှုတ်ခမ်းတွေက ပိုပြီးညိုမှောင်စေပါတယ်။ အဲဒါကြောင့် သံလွင်ဆီ၊ ဗာဒံစေ့အဆီတို့လို သဘာဝအဆီတွေကိုသုံးပြီး နှုတ်ခမ်းသားလေးတွေကို အစိုဓာတ်ဖြည့်ပေးပါ။ သံလွင်ဆီ၊ ဗာဒံစေ့ အဆီတွေကို ညအိပ်ရာမ၀င်ခင် နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးခြင်းက နှုတ်ခမ်းသားကို အစို ဓာတ်ဖြည့်ပေးနိုင်ပြီး ပန်းနုရောင်လှပစေပါလိမ့်မယ်။

နှင်းဆီပွင့်ဖတ်
နှင်းဆီပွင့်ဖတ်လေးတွေကိုလည်း ပန်းနုရောင်နှုတ်ခမ်းသားလေး ပိုင်ဆိုင်ဖို့အသုံးပြုနိုင်ပါတယ်။ နှင်းဆီ ပွင့်ဖတ်လေးတွေကိုခြေပြီး နှုတ်ခမ်းသားမှာပွတ်ပြီးနှိပ်နယ်ပေးပါ။

နှုတ်ခမ်းကိုဂရုစိုက်ပါ
နှုတ်ခမ်းသားကို တစ်ပတ်တစ်ကြိမ်ခန့် ပုံမှန်ကြေးချွတ်ပေးပါ။ ပေါင်းတင်ပေးပါ။ ဆေးလိပ်၊ အရက် သောက်သုံးခြင်း၊ ကဖိန်းဓာတ် ပါဝင်တဲ့အစားအစာများ စားသုံးခြင်းလျှော့ချပါ။ နေရောင်ထဲအချိန် အတော်ကြာ ထွက်ခြင်းရှောင်ပါ။

ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment