ဝက်သားနှပ်၊ ကန်စွန်းပလိန်း၊ တညင်းသီးသုပ်







ဒီတစ်ပတ်တော့ ၀က်သားကို အစပ်လေးနှပ်မယ် စိတ်ကူးတယ်။ အရံဟင်းကိုတော့ တညင်းသီးသုပ် လေး စားချင်နေတော့အဆိပ်လည်းပြေ အတက်လည်းပြေအောင် ကန်စွန်းပလိန်းလေးပဲကြော် လိုက်တော့မယ်။  တညင်းသီးကလည်း ဘယ်လိုပဲမစားသင့်တဲ့ အစားအစာပြောပြော သူ့ရာသီလေး ရောက်ရင်တော့ စားလိုက် ရမှကျေနပ်သေးတာကိုး။ မယ်တော်မားသားကလည်း တစ်ခါတလေစားတာပဲ စားချင်လည်းစားပေါ့ဆိုပြီး ၀ယ်လာခဲ့ပေးတယ်။ 

တညင်သီးသုပ်
တညင်းသီးအကြောင်းပြောနေလက်စနဲ့ဆိုတော့ တညင်းသီးသုပ်လေးပဲ အရင်ရေးလိုက်တော့မယ်။ တညင်းသီးကိုသုပ်စားမှာဆိုတော့ ဈေးကြီးရင်ကြီးပါစေ စီးဖို့ကအရေးကြီးတယ်လေ။ အမြဲစားရတာမဟုတ် တော့ မယ်တော်မားသားက စီးပေ့ကောင်းပေ့ဆိုတာကို ၀ယ်လာပေးတယ်။ ပြုတ်ပြီးသားကိုဝယ်လာပေးတယ် ဆိုပေမယ့် အိမ်မှာကျောက်ပန်းတောင်း ထန်းလျက်လေးကိုထည့်ပြီး နှစ်ရည်လောက်တော့ ပြန်ပြုတ်လိုက် တယ်။ ဒါမှ သူ့မှာပါလာသမျှအဆိပ်လည်း နည်းနိုင်သမျှနည်းသွားတယ်။ စားရတာလည်း စိတ်ချလက်ချ ရှိတာပေါ့။ တညင်းသီးကို မထူမပါးလေးလှီး ကြက်သွန်နီကိုတော့ ခပ်ပါးပါးလှီးရေဆေးပြီး ရေညှစ်ထား။ ပုဇွန်ခြောက်မှုန့်လေးကိုတော့ မညက်တညက်လေးထောင်းထား။ ကြက်သွန်နီရယ် တညင်းသီးရယ်ကို ပဲဆီမွှေးမွှေးလေးထည့် အပေါ့အငံအတွက်ကတော့ ဆားလေးပဲထည့်ထားလိုက်တယ်။ အချိုအတွက်ကတော့ ပုဇွန်ခြောက်မှုန့်လေးပေါ့။ ပြီးရင် အားလုံးနှံ့အောင်နယ်ပြီး အရသာမြည်းကြည့်လို့ စိတ်ကြိုက်ရပြီဆိုမှ နှမ်းနက် လှော်မွှေးမွှေးလေးပါ ထည့်နယ်ပေးလိုက်ရုံပါပဲ။ တညင်းသီးအရမ်းကြိုက်တဲ့ သူတွေအတွက်ကတော့ စားလို့ ကောင်းမှကောင်းပေါ့။ 

ဝက်သားနှပ်
ဝက်သားကိုတော့ အသားချည်းရတဲ့ခါးသားလေး ၀ယ်လာတယ်။ အတော်လေးတွေတုံးပြီး ပုဇွန်ငံပြာ ရည် သကြားနည်းနည်းနဲ့နယ်ပြီး ခဏနှပ်ထားလိုက်။ ၀က်သားလေးနှပ်ထားတုန်းမှာ ငရုပ်ကောင်း လေးငါးဆယ် စေ့ကို ညက်အောင်ထောင်းရင်း ပြီးမှအရောင်တင်မှုန့်နဲ့ ကြက်သွန်ဖြူနီပါထည့်ထောင်း နနွင်းလေးပါ နည်းနည်းထည့်ပြီးဆီသတ်။ ဆီသတ်တာကျက်ပြီး မွှေးလာပြီဆိုမှ ခုနနပ်ထားတဲ့ ၀က်သားလေးထည့်ပြီး ရေခမ်းအောင်လုံးပေး။ လုံးရေခမ်းမှ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်။ ရေကိုတစ်ခါ တည်းအများကြီး ထည့်ရင် ပြုတ်ဖတ်ကြီးလိုဖြစ်ပြီး စားလို့မကောင်းတာဖြစ်တတ်တော့ ရေနည်းနည်းနဲ့ ပဲနှပ်ချက်လေးချက်တာ ပိုစားကောင်းတယ်။  ၀က်သားလေးနူးအိလာပြီဆိုမှ အရသာအပေါ့အငံလေးမြည်းကြည့် ဆီလေးလည်းပြန် အရသာလေးလည်း စိတ်ကြိုက်ရပြီဆိုရင်တော့ ၀က်သားနှပ်ဟင်းတစ်ပွဲရပါပြီ။

ကန်ဇွန်းပလိန်း
ကန်စွန်းပလိန်းကြော်ဖို့အတွက်ကတော့ တရုတ်ကန်စွန်းကိုခြွေပြီး ရေသေချာဆေး။ အရိုးနဲ့အရွက်ခွဲပြီး ရေစစ်ထား ကြက်သွန်နီသုံးလေးလုံးလောက်ကို အခွံခွာပြီးဓားပြားရိုက်ထား။ ငရုတ်သီးစိမ်းလေးငါးတောင့် လောက်ကိုလည်း ရေသေချာဆေး အညှာခြွေပြီး ဓားပြားရိုက်ထား။ အိုးထဲကိုဆီထည့်ပြီး ဆီကျက်ရင် ဆားလေး ငရုတ်ကောင်းစေ့လောက်အရင်ထည့် ပြီးရင်ကြက်သွန်ဖြူထည့် ပြီးရင်ကန်ဇွန်းရိုးထည့် ခရုဆီ ပဲငံပြာရည် အကြည် သကြားလေးနည်းနည်းထည့်။ ကျန်တဲ့အရွက်တွေနဲ့ ငရုတ်သီးစိမ်းလေးပါထည့်။ ဒါဆိုရင်တော့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းနံ့လေးမွှေးနေတဲ့ ကန်စွန်းရွက်ပလိန်းပူပူလေး တစ်ခွက်ရပြီပေါ့။ ကန်ဇွန်းပလိန်းကြော်မယ်ဆိုရင် အားလုံးကိုအဆင်သင့်ပြင်ထားစားခါနီးမှ ကြော်ပြီးပူပူလေးစားရင် ပိုကောင်း တာပေါ့နော်။ ဒီတစ်ပတ်အတွက်ကတော့ ဒီလောက်ပဲချက်ဖြစ်တယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ထပ်ချက်ကြတာပေါ့။ 

Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment