နေရောင်ကာလိမ်းဆေး ဘယ်လိုသုံးမလဲ…






မိုးရာသီဆိုပေမယ့် နေကလည်းပူလိုက်၊ မိုးကလည်းရွာလိုက်ဆိုတော့ အများအားဖြင့် နေရောင်ကာကွယ် ဆေးကိုသေချာမလိမ်း ဖြစ်ကြတာများပါတယ်။ အဲဒါကြောင့်ပဲ အသားအရေတွေက ပျက်စီးရပါတယ်။ Skin Care တစ်ခုရဲ့နောက်ဆုံးအခြေခံက နေရောင်ကာကွယ်ဆေးပါ။ အသားအရေ ထိန်းသိမ်းမှုလုပ်ပြီး နေရောင်ကာကွယ်ဆေးမသုံးထားရင် ကိုယ်ထိန်းသိမ်းထားတဲ့အရေပြားက အလကား ဖြစ်သွားမှာပါပဲ။ အဲဒီတော့ နေရောင်ကာကွယ်ဆေးကို ဘယ်လိုသုံးကြမလဲ ""
ခပ်ပါးပါးလေးမသုံးနဲ့
Skin Care လုပ်တဲ့အခါ ခပ်ပါးပါးလေးလုပ်တတ်ကြပေမယ့် နေရောင်ကာကွယ်ဆေးသုံးတဲ့အခါ မှာတော့ ခပ်ထူထူသုံးဖို့လိုပါတယ်။ တကယ်လို့ နေရောင်ကာကွယ်ဆေး (SPF 30) ကို ခပ်ပါးပါးလေးသာ သုံးမယ်ဆိုရင်(၁၀)ဆလောက်သာ ကာကွယ်ပေးပါလိမ့်မယ်။ အဲဒါကြောင့် မျက်နှာလိမ်းတဲ့အခါ လက်ဖက်ရည် ဇွန်း(၂)ဇွန်းစာ၊ ခန္ဓာကိုယ်အတွက်(၂)အောင်စခန့် လိမ်းပေးဖို့လိုပါတယ်။
နေ့စဉ်သုံး
ကမ်းခြေလိုနေရာမျိုးသွားမှ သုံးရမှာမဟုတ်ပါဘူး။ နေသာတဲ့ နေ့တိုင်းသုံးဖို့လိုပါတယ်။ မိုးအုံ့အုံ့၊ နေပူပူ လမ်းလျှောက်တဲ့အခါ နေရောင်ခြည်နဲ့ထိတွေ့နေရတာဖြစ်တဲ့အတွက် နေရောင်ထိနိုင်တဲ့ အရေပြားတိုင်းကို နေရောင်ကာကွယ်ဆေးသုံးပေးဖို့လိုပါတယ်။

နေရာအနှံ့သုံး
လူအများစုက နေရောင်ကာကွယ်ဆေးကို လက်လိုမျိုးအလွယ်တကူ လိမ်းနိုင်တဲ့နေရာမျိုးသာ လိမ်းကြ ပါတယ်။ တကယ်တော့ နေရောင်ခြည်က နေရာမျိုးစုံ၊ အလွှာမျိုးစုံကို ထိုးဖောက်ဝင်ရောက်နိုင်တာ ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်ရဲ့ တခြားသောအစိတ်အပိုင်းတွေ ဥပမာ- နားရွက်၊ ခြေဖမိုး၊ လည်ပင်းတို့လိုမျိုးပါ သေချာ လိမ်းပေးပါ။

ထပ်ကာလိမ်းပါ
နေရောင်ခြည်ထဲမှာ သွားလာလှုပ်ရှားနေသူတွေအနေနဲ့ နေရောင်ကာလိမ်းဆေးကို ပြန်လိမ်းပေး ဖို့လိုပါတယ်။ အရေပြားပညာရှင်များက မိနစ်(၉၀)တိုင်းမှာ တစ်ကြိမ်လိမ်းပေးဖို့ ထောက်ခံထားပါတယ်။ အကောင်းဆုံးဆိုတဲ့ နေရောင်ကာလိမ်းဆေးတွေတောင်မှ နေရောင်ဒဏ် အပြည့်အ၀ကာကွယ်နိုင်ဖို့ မကြာခဏ ပြန်ပြီးလိမ်းပေးဖို့လိုပါတယ်။

ရေစိုခံသုံးပါ
မိနစ်(၉၀)တိုင်းပြန်သုံးတာက သာမန်အခြေအနေပါပဲ။ ဒါပေမဲ့ ရေကူးတဲ့လူတွေ၊ ချွေးအထွက် များသူတွေ အနေနဲ့တော့ မကြာခဏပြန်လိမ်းပေးဖို့လိုပါတယ်။ နေဒဏ်ကိုအပြည့်အ၀ခံနိုင်ပါတယ်ဆိုတဲ့ နေရောင်ကာ လိမ်းဆေးတောင်မှ တစ်နာရီမှာ တစ်ကြိမ်ပြန်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

ဘာမှထပ်မသုံးနဲ့
နေရောင်ကာလိမ်းဆေးအများစုက အဆီ၊ အစိုဓာတ်ကိုအခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ထပ်အစိုဓာတ်ထိန်း ခရင်မ်မလိုတော့ပါဘူး။ အစိုဓာတ်ထိမ်းခရင်မ်၊ ဆီရမ်အသုံးပြု လိုသူတွေအနေနဲ့ကတော့ Skin Care အဆင့်အားလုံးပြီးမှ နေရောင်ကာကွယ်ဆေးသုံးတာအကောင်းဆုံး ဖြစ်တယ်လို့ အရေပြားအထူးကုပညာရှင်တွေက ထောက်ခံထားပါတယ်။ တကယ်လို့ နေရောင်ကာ လိမ်းဆေး ပေါ်ကနေ တခြားသော Skin Care ပစ္စည်းတွေသုံးမိရင် နေရောင်ကာကွယ်နိုင်စွမ်း လျော့နည်းသွားနိုင်တဲ့ အတွက် ထပ်မသုံးတာက အကောင်းဆုံးပါပဲ။

မိတ်ကပ်နဲ့နေရောင်ကာကွယ်ဆေး
မိတ်ကပ်တွေမှာပါဝင်တဲ့ နေရောင်ဒဏ်ကာကွယ်နိုင်စွမ်းတွေက ပါဝင်တယ်ဆိုပေမယ့် သာမန်မျှ သာဖြစ်ပါတယ်။ အဲဒါကြောင့် မိတ်ကပ် လိမ်းသူတွေအနေနဲ့လည်း နေရောင်ကာကွယ်ဆေးသုံးဖို့လိုပါတယ်။ ပထမဦးစွာအရေပြားပေါ်မှာ နေရောင်ကာကွယ်ဆေးလိမ်းပါ။ (၅)မိနစ်ခန့်အကြာ အသားအရေပေါ်မှာ နေရောင် ကာလိမ်းဆေး အသားကျတော့မှ အပေါ်ကမိတ်ကပ်ထပ်လိမ်းပါ။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရေပြားကို အရမ်းမဖိဘဲ လက်ထိပ်ကလေးနဲ့ ခပ်ဖွဖွလိမ်းပေးဖို့လိုပါတယ်။ ရေမြုပ်အသုံးပြုတာက မျက်နှာမှာ မိတ်ကပ် တွေကို ထူခဲသွားစေပြီးကြည့်ရဆိုးစေပါလိမ့်မယ်။
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment