အလုပ်မှာ မရှိမဖြစ် ဖြစ်ချင်တယ်ဆိုရင်








လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားပျက်ကပ်က အတိုင်းအတာတစ်ခုအထိ  ရိုက်ခတ်မှုရှိနေဆဲဖြစ်တာကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ သေချာတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ ဒီတော့ အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်း ခွင်မှာ မရှိမဖြစ်အရေးပါတဲ့သူဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ နားလည်လက်ခံပြီး ဒီလိုမှသာ ရှေ့ဆက်လျှောက်လှမ်းရမယ့်ဘ၀ခရီးလမ်းမှာ ကိုယ့်အတွက် ဘ၀အာမခံချက်ရရှိမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအများစုက ရေရှည်ရပ်တည်နိုင်ဖို့အတွက် အသုံးစရိတ်တွေလျှော့ချတဲ့အနေနဲ့ လုပ်ငန်းခွင်မှာ မလိုအပ်တဲ့ အလုပ်သမားတွေကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားနေချိန်မှာ တစ်ကမ္ဘာလုံးက အလုပ်သမားတွေ အတွက် အလုပ်တစ်ခုတည်မြဲဖို့ စိုးရိမ်စိတ်တွေ ဖြစ်လာရပါတယ်။ အဲဒီစိုးရိမ်မှုတွေကို ဖြေဖျောက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ မရှိမဖြစ်အရေးပါသူတစ်ဦး ဖြစ်လာဖို့ ကြိုးစားရမယ်ဆိုတဲ့ အချက်ပါပဲ။  ကုမ္ပဏီရဲ့ကုန်ထုတ်စွမ်းအား ဖြစ်ထွန်းမှုက ကိုယ်မရှိရင် မထွက်လောက်တဲ့ အခြေအနေထိ ရောက်နေပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ရာထူးနေရာကလည်း တည်မြဲဖို့ သေချာနေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကကြည့်မယ်ဆိုရင်လည်း သူတို့အနေနဲ့ ဒီလိုမရှိမဖြစ်အရေးပါသူ တစ်ယောက်ရဲ့နေရာမှာ အစားထိုးဖို့ဆို တာ ခက်ခဲနိုင်တာကြောင့် သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ကိုယ့်အလုပ် ဆုံးရှုံးမှာ စိုးရိမ်ရတဲ့စိတ်မရှိတော့ဘူးဆိုရင် ကိုယ်လည်း အဲ့ဒီအလုပ်မှာ လုပ်ရတာ ပျော်ရွှင်ကျေနပ်လာပါလိမ့်မယ်။  လုပ်ငန်းခွင်မှာ မရှိမဖြစ် အရေးပါသူတစ်ဦး ဖြစ်လာနိုင်ဖို့ အဓိကအကျဆုံး အချက်တွေကို ဖော်ပြပေးရမယ်ဆိုရင်တော့

အလုပ်ပိုလုပ်ပါ

မရှိမဖြစ် အရေးပါသူတစ်ဦးဖြစ်လာရေးအတွက် ကြိုးစားရာမှာ  အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးကတော့ အလုပ်မှာ အချိန်ပို လုပ်တာပဲဖြစ်ပါတယ်။ ကုမ္ပဏီအတွက် ကိုယ်က ကျွမ်းကျင်လိမ္မာမှုနဲ့ တန်ဖိုးရှိတယ်ဆိုတာ အလုပ်ရှင်သိမြင်လာအောင် ကြိုးစားပြရမှာဖြစ်ပြီး ကိုယ့်အပေါ်မျှော်လင့်ထားတာထက် ပိုလုပ်ပြဖို့လည်း လိုအပ်ပါတယ်။ အခြားအလုပ်သမားတွေ သာမန်ရုံးဆင်းချိန်ရောက်လို့ အိမ်ပြန်သွားရင်တောင်မှ ကိုယ်က အလုပ် အပေါ်တန်ဖိုးထားတယ်ဆိုတာ သက်သေပြသတဲ့အနေနဲ့ အချိန်ပို အလုပ်လုပ်ရမှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ငွေကို ချွေတာစုဆောင်းပါ

ကိုယ့်အနေနဲ့ ကုမ္ပဏီရဲ့ငွေကြေးတွေကို ခြိုးခြံချွေတာစုဆောင်းနိုင်အောင် နည်းလမ်းသစ်တွေ ရှာဖွေသင့်ပါ တယ်။ ကုမ္ပဏီရဲ့ငွေကြေးကုန်ကျမှု များပြားနေတာကို တစ်နည်းတစ်လမ်းက အကူအညီပေးနိုင်ရေးအတွက် ကိုယ့်ဘက်က နည်းလမ်းတွေရှာဖွေရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကိုယ့်ကုမ္ပဏီက Hardware ပိုင်းဖြစ်ဖြစ်၊ Software ပိုင်းဖြစ်ဖြစ် အဆင့်မြှင့်တင်တာတို့ ပြင်ဆင်ရတော့မယ်ဆိုရင် ဆားဗစ်သမားတွေကို အသင့်တင့်ဆုံး နှုန်းထားနဲ့ ပြင်ဆင်နိုင်အောင် ကိုယ့်ဘက်က ကြိုးစားရမှာ ဖြစ်ပါတယ်။

ကုန်ထုတ်စွမ်းအား မြှင့်တင်ပါ

ကိုယ့်ရဲ့ ကုန်ထုတ်စွမ်းအားဖြစ်ထွန်းမှုအရည်အချင်း ပိုမိုတိုးတက်လာအောင် ကြိုးစားပြီး တစ်နေ့တာ လုပ်ဆောင်ချက် အလုပ်ပိုမိုဖြစ်အောင်လည်း အမြဲတမ်းစမ်းသပ်နေရမှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ရဲ့အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီသသနဲ့ မျှမျှတတ လုပ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ကုန်ထုတ်စွမ်းအားဖြစ်ထွန်းမှုကလည်း ပိုမိုမြင့်မားလာမှာဖြစ်ပြီး အဲဒီလိုဆိုရင် ကိုယ့်ရဲ့အလုပ်တည်မြဲမှုရာခိုင်နှုန်းကလည်း မြင့်မားလာမှာ သေချာ ပါတယ်။ 


ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ပါ

အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေနဲ့ ကိုယ့်ကြားမှာရှိတဲ့ဆက်ဆံရေး အေးစက်မနေအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီလိုပြောတဲ့နေရာမှာ အထက်ဖား အောက်ဖိပုံစံမျိုးမဟုတ်ဘဲ ဘောင်အတွင်း ကနေ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရမှာဖြစ်ပါ တယ်။ နောက်ပြီး ကိုယ့်လုပ်ဖော် ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရမှာဖြစ်ပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက် မျှဝေခံစားပေးခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ညီအစ်ကိုမောင်နှမတွေလို ရင်းနှီးခိုင်မြဲလာမှာ ဖြစ်ပါတယ်။

ဘယ်သူ့ကိုမဆို လေးလေးစားစားဆက်ဆံပါ

အစစ်မှန်ဆုံးသော လေးစားမှုက ကိုယ့်ရဲ့ရှည်လျားတဲ့ဘ၀လမ်းတစ်လျှောက် အထောက်ပံ့ကောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အလုပ်ထဲက လူတွေကိုသာမက ကိုယ့်ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံနေ သူအားလုံးကိုပါ လေးလေးစားစားနဲ့ဆက်ဆံရင် ကိုယ့်ရဲ့ဘ၀ခရီးလမ်းကလည်း သာယာဖြောင့်ဖြူးလာနိုင်ပါ တယ်။ တခြားသူကို ကိုယ့်ဘက်က လေးစားမှုအပြည့်နဲ့ဆက်ဆံရင် သူတို့ဘက်ကလည်း ကိုယ့်ကို တလေးတစားနဲ့ ပြန်လည်ဆက်ဆံလာမှာ ဖြစ်ပါတယ်။ 

အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပါ

ခက်ခဲကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ဘယ်အလုပ်မဆို လွယ်ကူတာ မရှိဘဲ အနည်းနဲ့အများတော့ အခက်အခဲရှိကြတာပါပဲ။ အလုပ်ကို အလေးမထားတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ရှိနေရင်တစ်မျိုး အလုပ်ရှင်မရှိတော့ရင်တစ်မျိုး လုပ်တတ်ကြပြီး ကိုယ်လုပ်တဲ့အလုပ်ကို အချိန်ဆွဲ ထားတာမျိုးနဲ့လည်း အလုပ်ရှင်ရဲ့အမြင်မှာ ကိုယ်ဘယ်လောက်အလုပ်ရှုပ်နေသလဲဆိုတာ တစ်ဖက်လှည့်နည်းနဲ့ သိစေလေ့ရှိပါတယ်။ တကယ်လို့ ကိုယ်က အလုပ်မှာ မရှိမဖြစ်အရေးပါလိုသူတစ်ဦး ဖြစ်လိုရင်တော့ ဘယ် အလုပ်ကိုမဆို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုး ဘယ်လောက်ရှိသလဲဆိုတာ ကိုယ့်ဘက်က အလုပ်နဲ့ သက်သေပြနိုင်ဖို့လည်း လိုအပ်ပါတယ်။

---
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်

Share on Google Plus

0 comments:

Post a Comment