Android ဖုန်းနဲ့စမတ်ဖုန်းတို့ရဲ့ကွာခြားချက်ကဘာလဲ …









ခေတ်သစ်ရဲ့ရေစီးကြောင်းထဲကို လိုက်ပါစီးမျောဖို့အတွက် ဖုန်းအသစ်တစ်လုံးဝယ်ယူဖို့ စဉ်းစားနေရင်းကမှ ဖုန်းအသစ်တစ်လုံးဝယ်ယူတာဟာ အဲဒီလောက်ရိုးရှင်းဘူးဆိုတာကိုသိလိုက်ရတဲ့အခါ ခေါင်းရှုပ်သွားတတ်ကြပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ယူတဲ့အခါ ထည့်သွင်းစဉ်းစားစရာမေးခွန်းတွေနဲ့ အချက်အလက်တွေတစ်ပြုံတစ်မကြီးရှိပါတယ်။ မစိုးရိမ်ပါနဲ့။ ပထမဦးဆုံးစိတ်ထဲမှာဖြစ်လာမယ့် မေးခွန်းတွေကတော့ စမတ်ဖုန်းဆိုတာဘာလဲ၊ Android ဖုန်းဆိုတာကရောဘာလဲ၊ စမတ်ဖုန်းတွေအားလုံးက Android ဖုန်းတွေလား၊ ဖုန်းအားလုံးကရော စမတ်ဖုန်းတွေလား အစရှိတဲ့မေးခွန်းတွေပါပဲ။

ဟုတ်ကဲ့။ အဲဒီမေးခွန်းတွေအတွက် အဖြေအချို့ကိုဖော်ပြပေးသွားပါ့မယ်။

စမတ်ဖုန်းဆိုတာဘာလဲ…
စမတ်ဖုန်းဆိုတာဟာ ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပေးနိုင်ပြီး အိတ်ကပ်နဲ့ဝင်ဆန့်တဲ့ ကြိုးမဲ့ကွန်ပျူတာ တစ်လုံးပဲဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ပေးနိုင်ပြီး စာတိုလေးတွေပို့ပေးနိုင်တဲ့အပြင် အခြေခံ ဂိမ်းလေးတွေသာသွင်းထားပေးတဲ့ အခြေခံဖုန်းတစ်လုံးနဲ့မတူတဲ့ စမတ်ဖုန်းဟာ အဲဒီသာမန် အရာလေးတွေအပြင် အများကြီးပိုလုပ်ဆောင်ပေးနိုင်ပါတယ်။

စမတ်ဖုန်းဟာ အင်တာနက်ကိုချိတ်ဆက်ပေးနိုင်ပြီး ရှာဖွေမှုတွေပြုလုပ်ပေးနိုင်သလို ခရီးလမ်းညွှန်မှုတွေ လည်းပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်မယ်၊ ဗီဒီယိုရိုက်မယ်၊ လူမှုကွန်ယက်တွေမှာ ၀င်ရောက် ချိတ်ဆက်မယ်၊ အီးမေးလ်တွေပို့မယ် အစရှိတာတွေကို လုပ်ဆောင်းပေနိုင်ပါတယ်။ နဂိုမူလ စွမ်းဆောင်နိုင်တာထက်ရယူနိုင်ပြီး လိုအပ်ချက်အများကြီး ဖြည့်ဆည်းပေးနိုင်တဲ့ Application တွေ ထောင်ချီပြီးရှိနေပါတယ်။

အမှောင်ထဲမှာ မမြင်မစမ်းဖြစ်နေလို့ လက်နှိပ်ဓာတ်မီးတစ်လက်လိုအပ်နေတယ်ဆိုရင် Flashlight App တစ်ခုခုကို Download ဆွဲယူ Install လုပ်ပြီး သင့်စမတ်ဖုန်းကို လက်နှိပ်ဓာတ်မီးတစ်လက် အဖြစ်ပြောင်း လဲလိုက်လို့ရပါတယ်။

ကား၊ ရထား၊ လေယာဉ် စောင့်နေရင်းပျင်းလာတယ် ဆိုရင် အချိန်ဖြုန်းဖို့ အခမဲ့ဂိမ်းတစ်ခုကို Download ဆွဲလိုက် ဒါမှမဟုတ် Netfix ကနေ ကိုယ်နှစ်သက်ရာ ရုပ်ရှင်၊ ဗီဒီယိုသို့မဟုတ် ဖျော်ဖြေရေးအစီအစဉ်တစ်ခုခုကို ကြည့်နေလိုက်ရုံပါပဲ။

Android Phone ကရော
Android ဖုန်းဆိုတာဟာ Google ကနေဖန်တီးထားတဲ့ Software နဲ့လည်ပတ်နေတဲ့ စမတ်ဖုန်း တစ်မျိုးဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ထဲက ထိပ်တန်းပြိုင်ဘက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အချို့ဆိုရင် ဈေးကွက်ထဲက အကောင်းဆုံးစမတ်ဖုန်းတွေ လည်ပတ်မောင်းနှင်နိုင်ဖို့အတွက် Android Operating System ကို သုံးတယ်လို့တောင် ငြင်းခုံလာနိုင်ပါတယ်။

စမတ်ဖုန်းအားလုံးက Android ဖုန်းလား…
စမတ်ဖုန်းအားလုံးကတော့ Android ဖုန်းမဟုတ်ကြပါဘူး။ Android ဖုန်းတွေဟာ စမတ်ဖုန်းစီးပွားရေးလောကထဲမှာအကောင်ကြီးတွေထဲက တစ်ကောင်သာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကွန်ပျူတာဝယ်မယ်ဆိုရင်တောင် Windows နဲ့ Mac နှစ်သက်ရာရွေးချယ်လို့ရသလိုပါပဲ။ ကွန်ပျူတာနှစ်မျိုးလုံးက မတူညီတဲ့ Operating System တွေကတော့ နာမည်ကျော် iPhone ကိုမောင်းနှင်လည်ပတ်နေတဲ့ Apple IOS, ဖုန်းကုမ္ပဏီအများစုရဲ့ စမတ်ဖုန်းတွေမှာတွေ့နိုင်တဲ့ Google ရဲ့ Android, Microsoft ကုမ္ပဏီရဲ့ Window OS နဲ့ Research In Motion (RIM) ရဲ့ Blackberry OS တို့ပဲ ဖြစ်ကြပါတယ်။

Android ဖုန်းအားလုံးက စမတ်ဖုန်းလား
စာဖတ်သူတောင်မှ Android ဖုန်းအားလုံးစမတ်ဖုန်းလားဆိုတဲ့ ဒီမေးခွန်းကိုဖြေနိုင်ပါတယ်။ အဖြေကတော့ Yes ပါ။ Android Operating System နဲ့ လည်ပတ်နေတဲ့ Android  ဖုန်းမှန်သမျှကို စမတ်ဖုန်းအဖြစ်သတ်မှတ်ပါတယ်။

ဒါကြောင့် စမတ်ဖုန်းတစ်လုံးရွေးချယ်ပြီဆိုတဲ့အခါ ပထမဆုံးဖြေရှင်းရမယ့် ပဟေဠိက Operating System ပဲဖြစ်ပြီး သင့်ရဲ့နောက်ဆုံးရွေးချယ်မှုဟာ ပထမဦးဆုံးခြေလှမ်းပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။
စမတ်ဖုန်းတစ်လုံးကိုရွေးချယ်တဲ့ကိစ္စအတွက် နောက်ထပ်မေးခွန်းတွေအများကြီးရှိနေဦးမယ်ဆိုရင် နောက်တစ်ပတ်မှာဖော်ပြပေးမယ့် စမတ်ဖုန်းရွေးချယ်မှုလမ်းညွှန်ကိုစောင့်စားဖတ်ရှုစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းရွေးချယ်မှုလမ်းညွှန်က လမ်းမှန်ကိုသေချာပေါက်ပြသပေးပါလိမ့်မယ်။ Android ဖုန်းတွေဟာ ဒီနေ့ဈေးကွက်ထဲမှာတော့ စာရေးသူအကြိုက် စမတ်ဖုန်းအမျိုးအစားပုံစံဖြစ်ပါတယ်။ ရှင်းလင်းမှုရှိသလို ကိုယ့်စိတ်သဘောကျအတိုင်း ပြုပြင်ပြောင်းလဲမှုတွေဖန်တီးခွင့်ပေးထားတဲ့ Open Source ဖြစ်နေတာက အဓိကအချက်ပါပဲ။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment