စမတ်ဖုန်းနဲ့ Tableta တွေကို 3D ကင်မရာအဖြစ်ပြောင်းလဲပေးတဲ့ ACCESSORY










တိုရွန်တိုအခြေစိုက် Matter and Form ကုမ္ပဏီက Bevel လို့အမည်ရပြီး စမတ်ဖုန်းနဲ့ Tablet တွေကို 3D ကင်မရာအဖြစ် ပြောင်းလဲပေးတဲ့ Accessory ပစ္စည်းတစ်ခုကိုထုတ်လုပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဒီအဖွဲ့ကပဲ ဖန်တီးထုတ်လုပ်ခဲ့တဲ့ 3D Scanner နဲ့မတူဘဲ Bevel ဟာ အရာဝတ္ထုတွေရဲ့ 3D ပုံနှိပ်ခြင်း၊ 3D လှုပ်ရှားမှုပုံဖော်ခြင်းအစရှိတာတွေအတွက် အသေးစိတ် 3D ပုံတူတွေကိုဖန်တီးပေးဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ 3D အဖြစ် ပြန်လည်မျှဝေနိုင်တဲ့ နေ့စဉ်ဖြစ်ရပ်လေးတွေကို ရိုက်ကူးထားဖို့အတွက်ဖြစ်ပါတယ်။

Bevel ဟာ iOS ဒါမှမဟုတ် Android မိုဘိုင်းပစ္စည်းတွေကို နားကြပ်ပေါက်ကနေတဆင့် ချိတ်ဆက် တာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ 3D ပုံရိပ်တွေကို သာမန်ဓာတ်ပုံတွေရိုက်ကူးသလို လွယ်လွယ်ကူကူနဲ့ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Bevel မှာ မျက်စိကိုဆိုးကျိုးသက်ရောက်မှုမရှိတဲ့ လေဆာပါ ၀င်ပြီး စမတ်ဖုန်းရဲ့ကင်မရာကသာမန်ဓာတ်ပုံတစ်ပုံလိုရိုက်ကူးနေချိန်မှာ Bevel ကိုသုံးပြုသူက အဲဒီလေဆာကို အသုံးပြုပြီး အရာသတ္ထုရဲ့ Depth Information (အမို့အမောက်၊ အရှုက်အ၀ှမ်း အစရှိသဖြင့် ကင်မရာနှင့် အရာသတ္ထုတစ်ခု၏ပုံရိပ်တစ်ခုလုံးကြား မတူညီသည့်အကွာအဝေးများ) ကိုရယူတာဖြစ်ပါတယ်။ 

လက်ရှိမှာ 3D ဓာတ်ပုံရိုက်ကူးနိုင်တဲ့ အကောင်းဆုံးအကွာအဝေးအနေအထားက ၁ မီတာ(၃.၃ ပေ) ဖြစ်ပြီး Matter and Form အဖွဲ့ကတော့ လာမယ့်အနာဂါတ်မှာ အဆောက်အဦးတွေနဲ့မြို့တစ်ခုလုံး အစရှိတဲ့အထိ ကြီးမားဝေးကွာတဲ့ မြင်ကွင်းတွေကိုထည့်သွင်းရိုက်ကူးနိုင်ဖို့ ကြိုးစားနေပါတယ်။

Bevel ကင်မရာနဲ့ ရိုက်ကူးလို့ရလာတဲ့ ဓာတ်ပုံတွေကို Bevel စေမှာ ဒါမှမဟုတ် Twitter, Facebook,Tumblr နဲ့ Pinterest တို့လို လူမှုကွန်ယက်ဝဘ်ဆိုဒ်တွေမှာ 3D ဓာတ်ပုံတွေမျှဝေဖို့ အသုံးပြုတဲ့ ကုမ္ပဏီရဲ့ App ဖြစ်တဲ့ Cashew မှာ ပြန်ကြည့်လို့ရပါတယ်။ ဓာတ်ပုံတွေကို App တွေထဲမှာ နှစ်သက်တဲ့ရှုထောင့်ရနိုင်ဖို့အတွက် လှည့်ပေးလို့ရပြီး လှုပ်ရှားပုံရိပ်ဓာတ်ပုံဖြစ်တဲ့ GIF ပြောင်းလဲလိုက်နိုင်သလို နောင်တစ်ချိန်ချိန်မှာ Animation ဒါမှမဟုတ် 3D Printing Object အဖြစ် အသုံးပြုဖို့ သိမ်းထားလို့ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ 3D Printing နဲ့တွဲသုံးလို့ ဘယ်လိုအခြေအနေရှိမလဲဆိုတာကို အသေးစိတ်သိနိုင်ဖို့ လုပ်ဆောင်နေတုန်းပဲလို့ အဖွဲ့ကပြောဆိုခဲ့ပါတယ်။

Bevel နဲ့ တွဲဆက်အသုံးပြုမယ့် မိုဘိုင်းပစ္စည်းရွေးချယ်မှုအပေါ်မူတည်ပြီး ဓာတ်ပုံအရည်အသွေးက ကွာခြားသွားမှာဖြစ်ပြီး Matter and Form ကတော့ Accelerometer နဲ့ Gyroscope ပါဝင်တဲ့ ဖုန်းကို အသုံးပြုဖို့နဲ့ Kikat ဒါမှမဟုတ် သူ့ထက်ဗားရှင်းမြင့်တဲ့ Android နဲ့ iOS ဆိုရင်လည်း ဗားရှင်းအမြင့်သုံးဖို့ ညွှန်းထားပါတယ်။ Bevel ဟာ အားပြန်ဖြည့်သွင်းပေးနိုင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဘတ္ထရီကနေ စွမ်းအင်ကိုရယူသုံးစွဲတာဖြစ်လို့ သူနဲ့ချိတ်ဆက်ထားတဲ့ ဖုန်းဘတ္ထရီကိုကုန်ခမ်းစေမှာမဟုတ်ပါဘူး။
3D Scannerတုန်းကလိုပဲ Matter and Form က Bevel ကို လူတွေဝယ်ယူသုံးစွဲနိုင်ဖို့အတွက် ဦးစားပေးထားပြီး စက်ပစ္စည်းကိုထုတ်ကုန်အဖြစ်ပြောင်းလဲနိုင်ဖို့ ဘဏ္ဍာငွေရှာဖွေရေးကို Crowdfunding လမ်းကြောင်းကနေ လျှောက်လှမ်းလာနေပါတယ်။

Crowsfunding ဆိုတာဟာ စီမံကိန်းတစ်ခုဒါမှမဟုတ် စွန်စားရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအတွက် လိုအပ်တဲ့ငွေကြေးပမာဏကို အင်တာနက်ကတဆင့် လူအများကြီးဆီကနေ တစ်ယောက်နည်းနည်းစီနဲ့ ရန်ပုံငွေထူထောင်တာဖြစ်ပါတယ်။ Matter and Form ကုမ္ပဏီဟာ သူတို့ရည်မှန်းထားတဲ့ ဒေါ်လာ ၂ သိန်းအတွက် ဒေါ်လာ ၁၂၀၀၀၀ ကျော်ရရှိထားပြီဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက်က သတင်းပတ် ၃ ပတ်ပဲကျန်ပါတော့တယ်။ Bevel, Charging Cable, Calibration Card, Bevel App နဲ့ Cashew အသုံးပြုခွင့်တို့အတွက် အနည်းဆုံးကုန်ကျမယ့်ငွေကြေးပမာဏက ၄၉ ဒေါ်လာဖြစ်ပြီး ရည်မှန်းထားတဲ့အတိုင်းသာ အားလုံးအဆင်ပြေမယ်ဆိုရင်တော့ နောက်နှစ်အစောပိုင်းမှာတင်ပို့ပေးပါလိမ့်မယ်။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment