ကျက်သရေအရှိဆုံး သတို့သား၊ သတို့သမီးဖြစ်ဖို့ ဘာတွေလုပ်ကြမလဲ









မကြာခင်မှာဝါကျွတ်တော့မယ်။ ၀ါကျွတ်နဲ့အတူတစ်ပါတည်းတွဲပြီး မြင်ယောင်လာမှာကတော့ မင်္ဂလာပွဲ တွေပါဘဲ။ တစ်သက်မှတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲတွေမှာ အလှအပက အမျိုးသမီးတွေ အတွက် သာ တစ်ချိန် တုန်းကအရေးပါခဲ့ပေမယ့် အခုလိုဖက်ရှင်နဲ့အလှအပကို ဦးစားပေးလာတဲ့အချိန်မှာတော့ အမျိုး သမီးသာမက၊ အမျိုးသားတွေအတွက်ပါ အရေးပါလာပါပြီ။ မိတ်ကပ်ပြီးရုံနဲ့တင်ပြီးမှာလား။ မပြီးပါဘူး။ မိတ်ကပ်ကိုအလှအပ စံဖြစ်နေစေဖို့အတွက် အရေပြားကလှပနေဖို့လိုပါတယ်။ အဲဒီတော့ မင်္ဂလာဆောင်မှာ အလှပဆုံးနဲ့ကျက်သရေ အရှိဆုံးသတို့သားသတို့သမီးဖြစ်နေဖို့ဘာတွေလုပ်ကြမလဲ….။

ကြိုတင်ပြင်ဆင်ပါ
မင်္ဂလာပွဲမှာအလှပဆုံး အသားအရေပိုင်ဆိုင်ဖို့က ပွဲမတိုင်ခင်က ကတည်းက အသားအရေကိုအထူး ဂရုစိုက်နေဖို့လိုပါတယ်။ တကယ်တော့ တစ်နှစ်လောက်အချိန်ယူပြီး ပြင်ဆင်တာကတော့ အကောင်းဆုံးပါ။ ဒါပေမဲ့ အချိန်မရလို့လည်းစိတ်မပူပါနဲ့။ အသားအရေထိန်းသိမ်းတဲ့ အလေ့အထလေးကို အတက်နိုင်ဆုံး ဂရုတစိုက်ဆောင်ရွက်ပေးပါ။

ကျွမ်းကျင်ပညာရှင်များနဲ့ ပြင်ဆင်ပါ
မင်္ဂလာဆောင်ဆိုတာ အလှအပကြိုက်သူတွေအတွက် အရေပြားအလှအပ ကုထုံးတွေလုပ်ဖို့အ ကောင်းဆုံးအကြောင်းပြချက်ပဲဖြစ်ပါတယ်။ အသားအရေလှပနေဖို့ ပွဲမတိုင်ခင်ကတည်းက တစ်ပါတ် တစ်ကြိမ်၊တစ်လတစ်ကြိမ် ပေါင်းတင်တာမျိုးတွေကြိုပြီးလုပ်ထားပါ။အရေပြားသွေးလည်ပတ်မှု ကောင်းနေစေဖို့အတွက် နှိပ်နယ်ပေးတာမျိုး၊ ကြေးချွတ်တာမျိုးလုပ်ပေးပါ။ ချွေးပေါက်များအတွင်းမှ အညစ်အကြေးများကင်းစင်စေဖို့ အရေပြားထိန်းသိမ်းမှု အဆင့်ဆင့်ကိုသေချာလုပ်ပေးပါ။

မျက်နှာသန့်စင်တဲ့အခါ
အပြင်သွားတာနဲ့ ဖုန်နဲ့အညစ်အကြေးတွေကြောင့် မျက်နှာအရေပြား ချွေးပေါက်လေးတွေပိတ်ပြီး ၀က်ခြံထွက်စေနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးကြောင့် မျက်နှာချွေးထွက်တဲ့အခါ အဆီစုတ်စက္ကူလေးနဲ့ သုတ်တာမျိုးလုပ်ပေးပါ။ မျက်နှာသစ်တဲ့အခါ နူးညံ့တဲ့မျက်နှာသစ်ဆပ်ပြာသုံးပြီး ပေါ့ပါးတဲ့အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။ အလွန်အကျွံမျက်နှာသစ်တာကလည်း အရေပြားချွေးပေါက်လေးတွေကိုပျက်စီးစေနိုင်ပါ တယ်။

ဖရဲသီးများများစားပါ
ကိုယ့်ရဲ့အရေပြားက အဆီပြန်၊ ခြောက်သွေ့၊ ထိလွယ်ရှလွယ် အရေပြားဖြစ်နေပါစေ ရေဓာတ်လို အပ်ပါတယ်။ အဲဒါကြောင့်ရေလုံလောက်စွာ သောက်ပေးပါ။ ဖရဲသီးစားတာကလည်း အရေပြားကလိုအပ်တဲ့ ရေဓာတ်ကိုဖြည့်ပေးနိုင်ပြီး အသားအရေကို စိုပြေစေပါလိမ့် မယ်။ ဖရဲသီးအပြင် စပျစ်သီး၊ ပန်း ဂေါ်ဖီစိမ်း၊ ဆလတ်ရွက်များများ စားပေးပါ။

ချွေးပေါက်တွေကို ဂရုစိုက်ပါ။
ချွေးပေါက်တွေက အလှပျက်စေတဲ့ အထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဘယ်လောက်ပဲမိတ်ကပ် နဲ့ ဖုံးကွယ်နိုင်ပေမယ့် ခဏသာဖုံးကွယ်နိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ချွေးပေါက်ထိန်းသိမ်းဖို့ကလည်း မင်္ဂလာပွဲ မတိုင်ခင်အသားအရေကို ထိန်းသိမ်းမှုအဆင့်မှာအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ ချွေးပေါက်တွေက နက်ရှိုင်းလေလေ မျက်နှာပြင်ပေါ်မှာပိုပြီးကြည့်ရဆိုးလေပါဘဲ။ အဲဒါကြောင့် ကြေးချွတ်ပြီးမျက်နှာပေါ်က ချွေးပေါက်တွေကိုဖယ်ရှားပါ။

တံတောင်ဆစ်တွေကလည်း အရေးကြီးပါတယ်
မျက်နှာတစ်ခုတည်း အသားအရေထိန်းသိမ်းရုံနဲ့မပြီးသေးပါဘူး။ ကိုယ့်ရဲ့အလှကိုဖျက်စီးမယ့်အရာ တွေ ကျန်နေပါသေးတယ်။ အဲဒါတွေကတော့ တံတောင်ဆစ်က အမည်းကွက်တွေပါဘဲ။ တံတောင်ဆစ်က အမည်းကွက်တွေအတွက် ရေချိုးတဲ့အခါ ဆားကိုအသုံးပြုပြီး ကြေးချွတ်ပေးပါ။ ဆားမှာပါဝင်တဲ့ ဆိုဒီယမ်က တံတောင်ဆစ်ပေါ်က အမည်းစက်တွေကိုမှေးမှိန်စေပြီး အရေပြားကို အစိုဓာတ်ပြန်ဖြည့်ပေးပါလိမ့်မယ်။

နှုတ်ခမ်းသားတွေကို ဂရုစိုက်ပါ
နှုတ်ခမ်းသားလေးတွေက ဘယ်လောက်ပဲမျက်နှာကို အသားအရေထိန်းသိမ်းမှု လုပ်ပေးနေပေမယ့် မေ့လျော့နေတတ်ကြပါတယ် နှုတ်ခမ်းသားလေးတွေခြောက်သွေ့ ကွဲအက်ခြင်းကင်းပြီး စိုပြေနေစေဖို့အတွက် အပြင်သွားတဲ့အခါတိုင်း နေဒဏ်၊ လေဒဏ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် နေရောင် ကာကွယ်ဆ အဆ(၃၀) ပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို အသုံးပြုပေးပါ။

အသားအရေနဲ့လိုက်ဖက်တဲ့ အလှဆီရွေးချယ်
အဆီပြန်တဲ့အရေပြား ပိုင်ရှင်တွေအနေနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို တတ်နိုင်သလောက်ရှောင်သင့် ပါတယ်။ ဒါပေမဲ့ ရေဓာတ်ဖြည့်ပေးနိုင်ဖို့တော့လိုပါလိမ့်မယ်။ အစိုဓာတ်ထိန်းခရင်မ် ရွေးချယ်တဲ့အခါ Hyaluronic Acid ပါဝင်တဲ့ အလှဆီ ရွေးချယ်ပေးပါ။ ဒီ Acid က အသားအရေကိုရေဓာတ်ကြာရှည် ထိန်းပေးနိုင်ရုံသာမက အသားရေကိုစိုပြေစေပါလိမ့်မယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့က အဆီမပါဝင်တဲ့ Hyaluronic Acid ဒါမှမဟုတ် Ferluci Acid လိုမျိုးရွေးချယ်ပေးနိုင်ပါတယ်။ ချွေးပေါက် ကျယ်တဲ့အရေပြားပိုင်ရှင်တွေ အနေနဲ့ကတော့ အက်စစ်ဓာတ်မပါဝင်တဲ့ Non- Comedogenic လို ပစ္စည်းမျိုး ရွေးချယ်ပေးပါ။ ထိလွယ်၊ ရှလွယ်အရေပြားပိုင်ရှင်တွေအနေနဲ့ အနံ့မပါတဲ့ ပစ္စည်းလိုမျိုးရွေးချယ် ပေးပါ။

နေလောင်ဒဏ်ရာကုသပါ
မျက်နှာပြင်ပေါ်က အမဲစက်တွေနဲ့ နေလောင်ဒဏ်ရာတွေကုသဖို့အတွက် ကြေးချွတ်ပေးဖို့လိုပါတယ်။ အဲဒါကြောင့် အသားအရေကို အချိန်ပေးပြီးကြေးချွတ်ပေးပါ။ ကြေးချွတ်တဲ့အခါ သတိပြုရမှာကတော့ နှစ်ပါတ် ခြားတစ်ခါသာကြေးချွတ်ပေးပါ။

ကွန်ဆယ်လာသုံးတဲ့အခါ
Foundation တွေနဲ့မတူတာကတော့ မင်္ဂလာဆောင်အတွက် ကွန်ဆယ်လာသုံးတဲ့အခါ လက်ထိပ်ကလေး တွေနဲ့သုံးပေးဖို့လိုပါတယ်။ ကိုယ့်မျက်နှာချို့ယွင်းချက်ရှိတဲ့ နေရာလေးတွေမှာ ကွန်ဆယ်လာကို လက်ထိပ် ကလေးတွေနဲ့ ငြင်သာစွာပုတ်ပြီးလိမ်းပေးပါ။

ဖောင်ဒေးရှင်းသုံးတဲ့အခါ
ဖောင်ဒေးရှင်းသုံးတဲ့အခါ ရေမြုပ်၊ ဘရပ်ရှ်နဲ့လိမ်းတဲ့အခါ ဘယ်လိုပဲဖြစ်စေ လက်ကလေးနဲ့သမသွား အောင် ရောစပ်ပေးဖို့လိုပါတယ်။ လက်ဖမိုးမှာ moisturizer အနည်းငယ်၊ ဖောင်ဒေးရှင်း အနည်းငယ် ကိုရောစပ်ပေးပါ။ ဖောင်ဒေးရှင်းကို moisturizer နဲ့ ရောစပ်လိုက်တဲ့အတွက် အသားအရေကို ထိခိုက်ပျက်စီးမှု နည်းသွားပြီး မျက်နှာကိုပါ ရေဓာတ်ဖြည့်ပြီးသားဖြစ်စေပါတယ်။

ဝက်ခြံသမားများအတွက်
ဝက်ခြံသမားများအနေနဲ့ မင်္ဂလာဆောင်အတွက် ဘာမှစိတ်ပူမနေပါနဲ့။ Benzoy Peroxide ဂျယ်ကို ၀က်ခြံပေါ်မှာအနည်းငယ်လိမ်းပေးပါ။ ဒီဂျယ်ကတစ်ညတာတည်းမှာတင် ၀က်ခြံနဲ့ချွေးပေါက်လေးတွေကို သိသိသာသာ မှေးမှိန်ပျောက်ကွယ်သွားစေပါလိမ့်မယ်။

မိတ်ပ်ဘရပ်ရှ်တွေကို ဆေးကြောပါ
မိတ်ကပ်ဘရပ်ရှ်တွေက နေ့စဉ်သုံနေရတဲ့အတွက် အညစ်အကြေးတွေ ဘတ်တီးရီးယားတွေကပ်ညှိ နေပါတယ်။ ဒီအညစ်အကြေးတွေက မျက်နှာအရေပြားကို ပျက်စီးစေပါလိမ့်မယ်။ အဲဒါကြောင့် မိတ်ပ်ဘရပ်ရှ် တွေကို ပုံမှန်ဆေးကြောပြီး နေရောင်နဲ့ခြောက်သွေ့သွားစေဖို့လိုပါတယ်။

Eye cream သုံးပါ
တစ်ခါတရံမှာ မင်္ဂလာဆောင်အတွက် ညိုမည်းနေတဲ့မျက်ကွင်းတွေက အလှအပကိုဖျက်ဆီးနေတတ်ပါတယ်။ မျက်ကွင်းညိုမည်းတာတွေကို သက်သာစေဖို့ကတော့ eye cream ကိုသုံးပေးဖို့လိုပါတယ်။ eye cream ကိုသုံးတဲ့အတွက် မျက်ကွင်းညိုတာတွေကို သက်သာသွားစေရုံသာမက မျက်ဝန်းတစ်ဝိုက်အရေးအကြောင်း တွေကိုလည်း သက်သာပျောက်ကင်းသွားစေပါလိမ်မယ်။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment