သဘာဝကျကျ လှလှပပလမ်းလျှောက်ချင်တယ်ဆိုရင်…









စင်မြင့်ထက်မှာမော်ဒယ်မလေးတွေ ဒေါက်ဖိနပ်ချွန်ချွန်မြင့်မြင့်လေးတွေန့ လမ်းလျှောက်ကြတာကို ဘယ်သူမဆိုအားကျမိကြမှာပါ။ အဲဒီလိုလမ်းလျှောက်ဖို့ကြိုးစားကြည့်ဖူးကြမှာလည်းသေချာပါတယ်။ တကယ်တော့ ဒေါက်ဖိနပ်အမြင့်စီးပြီးလမ်းလျှောက်လေ့ကျင့်တာက တခြားသောကျွမ်းကျင်မှုတွေ သင်ကြားရသလိုပါပဲ။ ဘာမှကွာခြားချက်မရှိပါဘူး။ အခြေခံနိုင်ပြီဆိုတာနဲ့ ဘာမှစဉ်းစားစရာမလိုဘဲ အလွယ်တကူလျှောက်လှမ်းသွားနိုင်မှာပါ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ ဒေါက်ဖိနပ်ဘယ်လိုစီးကြမလဲ။

အံဝင်ခွင်ကျဖြစ်ပါစေ
ဖိနပ်အရွယ်အစားကို ကိုယ်နဲ့မတော်ဘဲနဲ့စီးဖို့မကြိုးစားပါနဲ့။ ဖိနပ်ကခြေထောက်အရွယ်အစားထက် သေးငယ်နေမယ်ဆိုရင် ခြေထောက်တွေနာကျင်ပြီးပွတ်တိုက်မှုကြောင့် ဒဏ်ရာဖြစ်နိုင်ပါတယ်။ ဖိနပ်ကကြီးနေရင်လည်း စီးတဲ့အခါ ချောင်နေတဲ့အတွက် ချော်လဲနိုင်ချေရှိပါတယ်။ ခြေထောက်အရွယ်အစားက အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။ အဲဒါကြောင့် ဖိနပ်ဝယ်တိုင်းခြေထောက်နဲ့အံဝင်ခွင်ကျဖြစ်အောင်တိုင်းဖို့ကိုမမေ့ပါနဲ့။

ခပ်ဖြည်းဖြည်းလမ်းလျှောက်ပါ
ဒေါက်ဖိနပ်စီးပြီးကြွကြွရွရွကလေးလမ်းလျှောက်ချင်ရင်တော့ ခပ်ဖြည်းဖြည်းလေးသာလျှောက်ပါ။ Gym ကစားတဲ့ဖိနပ်တွေစီးထားသလို အလျင်စလိုလမ်းလျှောက်ဖို့မကြိုးစားပါနဲ့။ ဒေါက်ဖိနပ်မြင့်လေ လှမ်းရတဲ့ခြေလှမ်းတွေက တိုတောင်းသွားလေပါပဲ။ အဲဒါကြောင့် ပထမဆုံးဒေါက်ဖိနပ်စီးတဲ့အခါ လမ်းလျှောက်သင်ကာစကလေးတွေလို ခပ်ဖြည်းဖြည်းလေးသာလျှောက်ပေးပါ။

ခြေလှမ်းလှမ်းတဲ့အခါ
ဒေါက်ဖိနပ်စီးရင်းလမ်းလျှောက်တဲ့အခါ ထွက်လာတဲ့ဒေါက်ဖိနပ်နဲ့ ကြမ်းပြင်ထိရိုက်မိသံလေးက ကနဦးအစမှာတော့ ကျေနပ်စရာလေးပါ။ နောက်ပိုင်းအချိန်ကြာလာတော့ ကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကလူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်လာစေပါတယ်။ အဲဒီလိုပြသသနာမျိုးမကြုံဖို့အတွက် စစီးကတည်းကလေ့ကျင့်တာကမကောင်းဘူးလား။ ခြေထောက်ချတဲ့အခါ ခြေဖနောင့်ပိုင်းကိုအရင်ချပါ။ ပြီးမှ ခြေဖ၀ါး၊ ခြေဖျားတစ်ဆင့်ချင်းဆီချပေးပါ။ လေ့ကျင့်ပါ များလာရင်သဘာဝကျလာပါလိမ့်မယ်။

ခြေထောက်ကိုငုံ့မကြည့်ပါနဲ့
လျှောက်လမ်းပေါ်က မော်ဒယ်မလေးတွေကိုသတိထားကြည့်ပါ။ သူတို့လမ်းလျှောက်တဲ့အခါ ခြေထောက်တွေကို ငုံ့ကြည့်နေကြသလား။ အားလုံးက ကိုယ်သွားမယ့်လမ်းကြောင်းကိုပဲ တည့်တည့်မတ်မတ်ကြည့်နေကြပါတယ်။ ဒီလိုကြည့်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဟန်ချက်ထိန်းနိုင်ပြီး လမ်းလျှောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့အသွင်ဆောင်နေစေပါတယ်။

ဖိနပ်အောက်ခံကိုပွတ်တိုက်ပါ
အရေးကြီးဆုံးတစ်ချက်က ဒေါက်မြင့်ဖိနပ်ဝယ်ပြီး မစီးခင်မှာဖိနပ်ရဲ့အောက်ခံကိုကြမ်းသွားအောင်တိုက်ပေးဖို့လိုပါတယ်။ အဲဒါမှချောမွေ့တဲ့မျက်နှာပြင်မှာလမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာနဲ့လျှောက်လှမ်းနိုင်မှာပါ။

ဖိနပ်အောက်ခံအရေးကြီးတယ်
ပထမဦးဆုံးအကြိမ်ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ဖိနပ်အောက်ခံအထူကိုရွေးချယ်ဖို့လိုပါတယ်။ ဖိနပ်အောက်ခံအပါးက လမ်းလျှောက်တဲ့အခါခြေထောက်ကိုပိုမိုနာကျင်စေပြီး ထိခိုက်ဒဏ်ရာပိုရလွယ်စေပါတယ်။ ဖိနပ်အောက်ခံအထူကတော့ ခြေထောက်ကိုပိုပြီးလုံခြုံမှုပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အနေအထားသတိပြု
ဒေါက်ဖိနပ်စီးပြီး ပထမဆုံးလမ်းလျှောက်ချိန်မှာ ခါးကအနည်းငယ်ကိုင်းနေပါလိမ့်မယ်။ စိတ်မပူပါနဲ့။ ခါးကိုမတ်မတ်ထားနိုင်အောင်ကြိုးစားပါ။ ခေါင်းကိုမော့ ရင်ကိုကော့ပြီး လက်နှစ်ဖက်ကိုလွတ်လွတ်လပ်လပ်ထားပြီးသာလျှောက်ပါ။

မကြာခဏသတိပြု
ရှေ့ကိုပဲကြည့်နေလို့ လျှောက်နေတဲ့လမ်းကိုသတိမထားမိဘဲဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကိုယ်လျှောက်နေတဲ့လမ်းမှာ ကိုယ့်ကိုအန္တရာယ်ဖြစ်စေမယ့် ခလုတ်ကန်သင်းတွေကို မကြာခဏသတိထားကြည့်ပေးပါ။

မကြာခဏနားပေးပါ
ဖိနပ်အမြင့်ကြီးစီးထားရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ခြေထောက်ကနာကျင်လာပါလိမ့်မယ်။ အဲဒါကြောင့် မကြာခဏအနားယူပေးဖို့ကလည်း ဒေါက်ဖိနပ်မြင့်မြင့်စီးသူတိုင်းသတိပြုသင့်တဲ့အချက်တစ်ခုပါ။

ရန်နိုင်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment