ကြက်အသဲအမြစ်ဆီပြန်၊ ဆေးမြင်းခွာရွက်သုပ်၊ ငါးနှပ်ဟင်းခါး






ဒီတစ်ပတ်တော့ မယ်တော်မားသားနဲ့ စကားပြောကြရင်း ဟိုတုန်းက ကျွန်တော်တို့လပွတ္တာမြို့ကနေ ရန်ကုန် အသွားအပြန်ခရီးထွက်ကြတဲ့ အကြောင်းလေးပြန်ပြောမိတယ်။ လပွတ္တာရန်ကုန်ကားလမ်း မပေါက်ခင် အချိန် ဆိုတော့ ဧရာဝတီသင်္ဘောတွေပဲ အားကိုးပြီးခရီးသွားရတဲ့အချိန်ကိုး။ လပွတ္တာကနေ ရန်ကုန်ကိုသွားတဲ့အခါ ကိုယ့်အိမ်ကနေသွားရတော့ လမ်းမှာစားဖို့ကို ချက်ပြုတ်ပြင်ဆင်သွားကြတာဆိုတော့ အသွားခရီးကတော့ လမ်းမှာမ၀ယ်စားဖြစ်တာများတယ်။ ရန်ကုန်ကနေ ကိုယ့်အိမ်ပြန်တဲ့အခါကျတော့ သူများအိမ်မှာတည်းရတာ ဆိုတော့ ကိုယ့်စိတ်ကြိုက်ချက်ပြုတ်ပြီးယူဖို့ဆိုတာ အဆင်မပြေဘူး။ သင်္ဘောက ညနေပိုင်းထွက်တော့မှာဆို တော့ ရန်ကုန်ကနေညစာအတွက် ၀ယ်ခြမ်းလာဖြစ်တာများတယ်ပေါ့။

 နောက်နေ့ နေ့လည်စာကျတော့လမ်းမှာ ၀ယ်စားရရော။ အဲ့တုန်းကနေ့လည်စာကို ပြင်ရွာဆိုတဲ့ရွာမှာ ၀ယ်စားဖြစ်တာ များတယ်ဗျ။ အဲ့အချိန်တုန်း ကတော့ နာမည်ကြီးတဲ့ အဲ့ရွာလေးက များသောအားဖြင့် စားဖြစ်တာက ကြက်အသဲမြစ်ဆီပြန်ဟင်းပါ။ ဆီပြန်ဟင်းပြောပေမယ့် ငရုတ်သီးအရှည်တောင့်နဲ့ အရည်များများလေးချက်ထားတော့ ဆီကျန်ရေကျန်ပုံစံမျိုး လေးနဲ့စပ်စပ်လေးပေါ့နော်။ အခုလည်း အဲ့ရွာလေးမှာ ထမင်းစားဖြစ်တဲ့အကြောင်း မယ်တော်မားသားနဲ့ ပြောမိတော့ အဲဒီတုန်းကစားခဲ့တဲ့ ကြက်အသဲမြစ်ဆီပြန်ဟင်းလေးကို ပြန်စားချင်စိတ်ပေါက်လာပါလေရော။
ဒါနဲ့ပဲ ဒီတစ်ပတ်အတွက် အဓိကဟင်းကိုတော့ ကြက်အသည်းမြစ်ဆီပြန်ဟင်းလေး ရွေးထားလိုက်တယ်။ ဆေးမြင်းခွာရွက်လေးကို ပဉ္စငါးပါးအကုန် ချဉ်စပ်စပ်လေးသုပ်စားချင်တာနဲ့ မယ်တော်မားသားကို ဆေးမြင်းခွာ ရွက်လေးတွေလည်း မှာဖြစ်လိုက်တယ်။ အရည်သောက်အတွက်ကတော့ မယ်တော်မားသားက ငါးနှပ်ဆိုတဲ့ ငါးလေးကို ဟင်းခါးချက်သောက်ချင်တယ်ဆိုတော့ အရည်သောက်လေးလည်း အဆင်ပြေပြီပေါ့နော်။ ငါးနှပ်ငါးက ကျွန်တော်တို့ အာပြဲခြောက်(သို့) ငါးနှပ်ခြောက်လို့ခေါ်တဲ့ ငါးခြောက်လုပ်ထားတဲ့ငါးပါ။ သူ့ကို ဟင်းခါးချက်သောက်ရင် ငါးအသားလေးက နူးနုးညံ့ညံ့နဲ့ ချိုမှချိုပဲ။ ပြောနေတာလေးရပ်ပြီး ချက်ရေးပြုတ်ရေးစ လိုက်ရအောင်။

ကြက်အသည်းအမြစ်အဆီပြန်


ကြက်အသည်းအမြစ်အဆီပြန်ချက်ဖို့ကတော့ ကြက်အသည်းအမြစ်ကိုဝယ်ကတည်းက သည်း ခြေအိပ် လည်းဖယ်ပေး အမြစ်ကိုလည်း အထဲကအစာတွေဖယ်ပေးလိုက်တာဆိုတော့ သိပ်တော့လုပ်စရာမလိုတော့ ပါဘူး။ ကြက်အသည်းလေးက သေချာရေဆေးပြီးရင်ရပါပြီ။ အမြစ်ကျတော့ဆားလေးနဲ့ သေချာနယ် ရေသေချာ ဆေးပြီး မွှန်းပေးဖို့တော့လိုတာပေါ့နော်။ ဒါမှအနံ့သေချာပျောက်မှာကိုး။ ပြီးရင်တော့ ပုဇွန်ငံပြာရည် လေး နည်းနည်းနဲ့ နယ်ပြီးခဏနှပ်ထားလိုက်တယ်။ ဆားထည့်ချက်ရင် ကြက်အသည်းမြစ်က မာပြီးသိပ်စားလို့ မကောင်းဘူးလေ။ အဲ့တော့ပုဇွန်ငံပြာရည်လေးနဲ့ပဲ နယ်ပြီး ခဏနှပ်ထားလိုက်တယ်။ ချက်လို့အပေါ့အငန်လို တော့မှ ကြက်သားမှုန့်လေးထည့်လိုက်တာပေါ့။ ဆီပြန်ဆိုပေမယ့် ခပ်စပ်စပ်လေးနဲ့ ဆီကျန်ရေကျန်လေး ချက်မှာဆိုတော့ ငရုတ်သီးအရှည်တောင့်လေးကို အမှုန်ပါမပါသေချာစစ်၊ ရေစင်စင်ညစ်ပြီးအရင်ညက်အောင် ထောင်းလိုက်မယ်။ ပြီးမှ ကြက်သွန်ဖြူနီထည့်ပြီးထောင်း နနွင်းမှုန့်လေးနည်းနည်းထည့်ပြီး ဆီသတ်၊ ဆီသတ် တာကျက်လို့ မွှေးလာပြီဆိုမှ ခုနနှပ်ထားတဲ့ ကြက်အသည်းမြစ်လေးထည့်ပြီး ရေခန်းတဲ့အထိနာနာလေးလုံး ပြီးမှရေထည့်ပြီး ဆယ်မိနစ်လောက်တည်ထားလိုက်ရင်ရပါပြီ။ မဆလာကြိုက်ရင်လည်း မဆလာလေးနည်း နည်းထည့်လိုက်ပေါ့။ ဒါဆိုရင်တော့ အရည်များများလေးနဲ့ ခပ်စပ်စပ်လေးဖြစ်နေမယ့် ကြက်အသဲအမြစ်ဆီ ပြန်ဟင်းတစ်ခွက်ရပြီပေါ့နော်။

ဆေးမြင်းခွာရွက်သုပ်


ဆေးမြင်းခွာရွက်သုတ်ဖို့ အတွက်ကတော့ ဆေးမြင်းခွာရွက်လေးကို ရေသေချာဆေး ရေစစ်ပြီး လှီးထားလိုက်မယ်။ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလှီး ပုဇွန်ခြောက်နဲ့ မြေပဲကိုလည်းမညက် တညက်လေးထောင်းထား။ ဆီချက်လေးလည်းချက်ထားပြီးမှ ဆေးမြင်းခွာရွက်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ပုဇွန်ခြောက်နဲ့ မြေပဲမှုန့်၊ ဆီချက်အရည် ပုဇွန်ငံပြာရည် အားလုံးကိုရေဆေးပြီးနယ်လိုက်မယ်။ အရသာကချဉ်ချဉ်စပ်စပ်လေးရပြီဆိုမှ ချန်ထားတဲ့ ဆီချက်ဖက်လေးတွေနဲ့ နှမ်းလှော်လေးဖြူးလိုက်ရုံပေါ့။ အရမ်းကြီးတော့ စပ်အောင်မသုပ်နဲ့ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကြက်အသည်းမြစ်ဆီပြန်ဟင်းကိုလည်း စပ်စပ်လေးချက်ထားတယ်ဆိုတော့လေ။ ဒါဆိုရင်တော့ ကြက်အသည်းအမြစ်ဆီပြန်ဟင်းစပ်စပ်လေးနဲ့ လိုက် မယ့် ဆေးမြင်းခွာရွက်သုပ်လေးရပြီပေါ့။

ငါးနှပ်ဟင်းခါး 

သူတို့ဟင်းနှစ်ပွဲနဲ့လိုက်ဖက်မယ့် ငါးနှပ်ဟင်းခါးချက်ဖို့ကတော့ ငါးလေးတွေကိုသန့်စင်အောင် သေချာ ရေဆေးပြီး နှစ်ပိုင်းလောက်ပိုင်းထား။ ပြီးရင်အညှီသက်သာအောင် ပုဇွန်ငံပြာရည်လေးနဲ့ ဆီလေးနည်းနည်း ထည့်ပြီး အရင်လုံးလိုက်မယ်။ ပြီးမှ ရေထည့်ပြီးဆူလာအောင်တည် ငါးအသားလေးကိုအဖတ်လေးတွေ ရအောင် အသာလေးခြေပေး။ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းထောင်းထားတာလေး ထည့်လိုက်ရင်ရပါပြီ။ ဆွေမျိုးတွေလည်း ဒီတစ်ပတ်တော့ ကြက်အသည်းမြစ်ဆီပြန်ဆေးမြင်း ခွာရွက်သုပ် ငါးနှပ်ဟင်းခါးလေးနဲ့ မိသားစုထမင်းဝိုင်းလေးမှာ စားလို့ကောင်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုး ချက်ဖို့ ပြန်ဆုံကြတာပေါ့ ဆွေမျိုးတို့ရာ။ အားလုံးပျော်ရွှင်ပါစေ။

Royal (Laputta)



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment