ငါးခူအစပ်ကြော်
ဒီနေ့တော့
ထမင်းမြိန်စေမယ့် ဟင်းလျာလေးတွေကို ရှိတာလေးနဲ့ စားကောင်းအောင်ချက်ဖို့ပြင်ဆင် လိုက်ပါတယ်။
မေမေက ရေခဲသေတ္တာထဲမှာ ရှိတာလေးတွေနဲ့ ဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးမွေး တတ်တာ မို့လို့
ရေခဲသေတ္တာထဲမှာ ဘာတွေများကျန်နေမလဲဆိုပြီး ဈေးမသွားခင်ဖွင့်ကြည့်လိုက်တယ်။ ငါးဒန်ခေါင်း
အလတ်နှစ်ခြမ်း၊ ငါးခူငါးကောင်၊ ပဲပြားတစ်တုံးနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းကျန်နေသေးတယ်။
မနေ့က ၀ယ်ထားတဲ့ပဲကြာဇံထုပ်လည်း ရှိနေသေးတာနဲ့ ငါးခေါင်းဟင်းချို၊ ပဲကြာဇံသုပ်နဲ့ငါးခူအစပ်ကြော်ချက်စားဖို့
အတွေးရသွားတယ်။ ဈေးသွားဖို့လည်း မလိုတော့ဘူးပေါ့။ အရင်ဆုံးပဲကြာဇံတွေကို ရေစိမ်ထားလိုက်မယ်။
ပြီးတော့မှ အသင့်ကိုင်ပြီးသားငါးခူကိုရေဆေး အနည်းငယ်မွှန်းပြီးမှ ဆား၊ နနွင်းမှုန့်၊
သကြားအနည်းငယ် ထည့် နယ်ထားမယ်။ ပြီးမှကြော်ဖို့ လုပ်မယ်။
ငါးခူအစပ်ကြော်
ဆီအိုးတည်ပြီး
ဆီပူတဲ့အခါ ဆား၊ နနွင်းထည့်နယ်ထားတဲ့ ငါးခူတွေထည့်ကြော်လိုက်မယ်။ ငါးခူကြော် ထားတုန်း
ကြက်သွန်နီဥကြီးနှစ်လုံးကို အခွံနွင်ရေးဆေး နှစ်ခြမ်းခြမ်းပြီး ပါးပါးလှီးထားလိုက်မယ်။ ငါးခူတွေကို အကျက်ညီအောင် တစ်ဖက်စီလှန်ပေးဖို့တော့လိုလိမ့်မယ်။
ကျက်သွားတော့မှ ဆယ်ထားလိုက်ပြီး အိုးထဲဆီ နည်းနည်းချန်ပြီး
ကြက်သွန်နီထည့်ကြော်လိုက်မယ်။ ကြက်သွန်နီအနီရောင်သန်းလာတဲ့အခါ ငရုတ်သီးအကြမ်း ဖတ်မှုန့်လေးထည့်
ငပြာရည်လေးနည်းနည်းထည့်မွှေပေးပြီး ဖယ်ထားတဲ့ငါးခူတွေရောထည့်ပြီး သမအောင်မွှေ တဲ့အခါ အသားတွေ မပျက်စီးအောင်ခပ်ဖွဖွမွှေဖို့တော့လိုတယ်။
ပြီးမှမီးဖိုပေါ်မှချလိုက်…
ငါးခေါင်းဟင်းချို
ငါးခေါင်းတွေကို
ရေစင်အောင်ဆေးပြီး ရှာလကာရည်၊ ငံပြာရည်၊ ဟင်းစားဇွန်းတစ်ဇွန်းစီထည့်၊ နနွင်း၊ သကြားအနည်းငယ်စီထည့်ပြီး နယ်ထားမယ်။ ပြီးတော့ချက်မယ့်အိုးကိုဖိုပေါ်တင်။
အိုးပူက ဆီပါလေရုံထည့်ပြီး ကြက်သွန်ဖြူ စပါးလင်နဲ့ချင်းတွေကို ဓားပြားရိုက်ပြီးထည့် ငရုတ်အရောင်တင်မှုန့်နည်းနည်းနဲ့ စိမ်းစားငါးပိပါ
ထည့်ပြီး ငါးခေါင်းတွေကိုထည့်မွှေမယ်။ ဟင်းရည်သောက်ပန်းကန်တစ်လုံးခွဲစာရေထည့်ပြီး အဖုံးအုပ်ထား
လိုက်မယ်။ တည်ထားတဲ့အချိန်မှာ ပဲပြားတစ်တုံးနဲ့ ခရမ်းချဉ်သီးတစ်လုံးကိုလှီးထားပြီး
ဂေါ်ဖီပန်းပွင့်၊ မျှစ်ချဉ်နုနု နည်းနည်းလည်း ရေဆေးပြီးလှီးလိုက်မယ်။ ကြက်သွန်ဥသေးလေးတွေကိုလည်း
နွှာပြီးရေဆေးထားပါ။ ပင်စိမ်းကိုရေဆေးပြီး နှစ်ပိုင်းပိုင်းထားမယ်။ ငရုတ်ကောင်းတောင့်
(၆) တောင့်လောက်ကိုဓားပြားရိုက်ထား လိုက်မယ်။
ဟင်းရည်ပွက်ပွက်ဆူလာတော့မှ
မျှစ်ချဉ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်နီဥထည့်ပြီး အပေါ့အငံအတွက် ငံပြာအချိုရည် နှင့် ဟင်းခတ်မှုန့်လေးထည့်လိုက်မယ်။
ခရမ်းချဉ်သီး၊ ပင်စိမ်း၊ ငရုပ်သီးစိမ်းတွေထည့်ပြီး စိတ်ကြိုက်အရသာ မြည်းပြီးရင်တော့
ငါးခေါင်းဟင်းချိုပူပူလေး တစ်ခွက်ရပါပြီ။
ပဲကြာဇံသုပ်
ပဲကြာဇံသုပ်အတွက်ကိုတော့ ရေစိမ်ထားတဲ့ပဲကြာဇံတွေကို ပွက်ပွက်ဆူနေတဲ့ရေနွေးထဲထည့်ပြုတ်။
ရေသွန်းပြီး စကာနဲ့စစ်ပြီးသုပ်မယ့်ဇလုံထဲထည့်ထားလိုက်မယ်။ ကြက်သွန်နီပါးပါးလှီးထားတာရယ်။
ပုဇွန် ခြောက်အကောင်တွေနဲ့ မြေပဲမညက်တညက်ထောင်းထားတာထည့်မယ်။ ပြီးရင် သံပုရာသီးတစ်လုံးညှစ်
ထည့်ဆားနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နည်းနည်း ထည့်ပြီးနှံ့အောင်နယ်။ အပေါ့အငန်မြည်းပြီး
မြေပဲထောင်း နည်းနည်းနဲ့ ကြက်သွန်နီကြော်ကိုအပေါ်က လှလှလေးဖြူးလိုက်မယ်။ ပဲကြာဇံသုပ်လည်းသုပ်ပြီးပြီမို့
ဒီနေ့အ တွက် ဟင်းလည်းစုံပါပြီ။ မိတ်ဆွေတို့လည်း
အရသာရှိတဲ့ ပဲကြာဇံသုပ်၊ ငါးခူအစပ်ကြော်မွှေးမွှေးလေးနှင့် ချဉ်စပ်အရသာ ငါးခေါင်းဟင်းချိုတွေကို
ချက်စားပြီးကျေနပ်မှုများ ရမယ်လို့မျှော်လင့်ပါတယ်။
Royal (Lauptta)
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment