အိုမင်းသွားစေတဲ့မိတ်ကပ်အပြင်အဆင်






မိတ်ကပ်ဆိုတာလူတစ်ယောက်ကို တစ်ခဏအတွင်းမှာပြောင်းလဲသွားစေတဲ့ မှော်အစွမ်းတစ်ခုလိုပါပဲ။ ဖျော့တော့နေတဲ့အသားအရေကို တောက်ပလာစေတယ်။ တိုနေတဲ့မျက်တောင်တွေကို ရှည်လျားလာစေတယ်။ မညီညာတဲ့အသားအရေတွေကို ညီညာလှပလာစေတယ်။ မှန်မှန်ကန်ကန်သုံးတတ်မယ်ဆိုရင် မိတ်ကပ်ပညာနဲ့ လူတစ်ယောက်ကို ဆယ်နှစ်လောက်ငယ်သွားအောင စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သုံးပုံသုံးနည်းမှားယွင်း တဲ့အခါမှာတော့ ရှိရင်းစွဲ အသက်ထက် ပိုပြီးကြီးလာသယောင်ထင်ရစေပါတော့တယ်။ ဘယ်လိုသုံးနည်းတွေက လူကို ပိုပြီးအိုမင်းသွားစေလဲ လေ့လာကြည့်ရအောင် …

ပါးနီ(Blush)
Blush က မိတ်ကပ်ပြင်တဲ့အခါ မသုံးမဖြစ်သုံးသင့်တဲ့ အဆင့်တစ်ခုပါ။ မိတ်ကပ်လိမ်းပြီး ပါးနီ ခပ်ပါးပါး လေးလိမ်းပေးလိုက်မယ်ဆိုရင် အသားအရေက ယခင်ကနဲ့မတူဘဲ ကြည်လင်တောက်ပလာစေပါတယ်။ လိမ်းတဲ့အခါမှာလည်း ပါးမို့မို့လေးမှာ သဘာဝကျကျ ခပ်ပါးပါးလေးလိမ်းပေးပါ။ ဒါပေမဲ့ လိမ်းတာမှန်းသိသာ အောင်တော့ အထူကြီးဖြစ်မနေပါစေနဲ့။ ဒါက ကြည့်ရဆိုးစေသလို ပိုပြီးအသက် ကြီးသွားသယောင် ထင်ရစေ ပါတယ်။

ဖောင်ဒေးရှင်း
ဖောင်ဒေးရှင်းသုံးပုံကလည်း အရေးကြီးပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ မျက်နှာမှာ အရေး အကြောင်းတွေက သိသာထင်ရှားလာမှာပါ။ ဒီအရေးအကြောင်းတွေကို ကွန်ဆယ်လာ (အပြစ်အနာအဆာ ဖုံးမိတ်ကပ်)၊ ဖောင်ဒေးရှင်းတွေသုံးပြီး ဖုံးကွယ်ဖို့မကြိုးစားပါနဲ့။ ဒါက အရေးအကြောင်းတွေကို ပိုပြီးတောင် သိသာစေလာပါလိမ့်မယ်။ ဖောင်ဒေးရှင်းသုံးတဲ့အခါမှာလည်း မျက်နှာတစ်ပြင်လုံးကို လိမ်းပေးစရာမလိုပါဘူး။ မျက်နှာမှာအပြစ်အနာအဆာရှိတဲ့ နေရာတွေကိုပဲ ဦးစားပေးလိမ်းဖို့ လိုပါတယ်။

အိုင်းလိုင်နာ(Eyeliner)
Eyeliner သုံးတာလျှော့ချလိုက်ပါ။ Eyeliner က မျက်ဝန်းကို တိကျပြတ်သားပြီး တောက်ပစေပါတယ်။ အလွန်အကျွံသုံးမိတဲ့အခါ မျက်ဝန်းကသေးငယ်သွားပြီး ပိုပြီးအသက်ကြီးလာသယောင်ထင် ရစေပါတယ်။ တကယ်လို့ မသုံးမဖြစ်သုံးမယ်ဆိုရင်တော့ အပေါ်ဘက်မျက်ခမ်းကိုသာ အနက်ရောင်သုံးပါ။ အောက်ဘက် မျက်ခမ်းကိုတော့ သဘာဝကျကျအရောင် ခပ်ဖျော့ဖျော့လေးသာ သုံးပေးပါ။

မျက်ခုံး
မျက်ခုံးကလည်း မျက်ဝန်းအလှကိုပုံဖော်ပေးပါတယ်။ အဲဒါကြောင့်မျက်ခုံးမွှေးနှုတ်တဲ့အခါ အလွန် အကျွံမနှုတ်မိဖို့သတိပြုပါ။ သေးသွယ်တဲ့မျက်ခုံးမွှေးက မျက်နှာကိုပါးလျသွားစေပြီး မျက်လုံးနဲ့ပါးက ဖောင်းအစ် နေတာတွေကို သိသာစေပါတယ်။ အဲဒါကြောင့်မျက်နှာကိုပိုပြီး အိုမင်းရင့်ရော်သွားသယောင် ဖြစ်စေပါတယ်။ မျက်ခုံးကို တိကျသေသပ်နေဖို့ တိတိကျကျလေးဖြစ်အောင် ဂရုစိုက်၍နှုတ်ပေးပါ။

ပေါင်ဒါ
ပေါင်ဒါသုံးတာကိုလည်း သတိထားဖို့လိုပါတယ်။ ဖောင်ဒေးရှင်းလည်း ပေါင်ဒါလို အသားထဲစိမ့်ဝင် သွားနိုင်စေတဲ့အတွက် အရေးအကြောင်းတွေကို ပိုပြီးသိသာစေပါတယ်။ ဒါတင်မကပါဘူး။ မျက်နှာရဲ့သဘာဝ အရောင်ကိုပါ ကွယ်ပျောက်သွားစေပါတယ်။ အကောင်းဆုံးကတော့ ပေါင်ဒါသုံးတဲ့အခါ အသားအရေ ကိုကြည်လင်စေတဲ့ Translucent ပေါင်ဒါမျိုးရွေးချယ်သုံးပေးပါ။

မျက်ခုံးအရောင်
မျက်နှာကိုနဂိုထက်ပိုပြီး အိုမင်းစေတဲ့အရာတွေထဲမှာ မျက်ခုံး၊ ဆံပင်အရောင်တွေလည်း ပါဝင်ပါတယ်။ မျက်ခုံးအရောင်သုံးတဲ့အခါ အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်သုံးပေးပါ။ မျက်ခုံးဆွဲတဲ့အခါ အရောင်ခပ်ထူထူဆွဲတာထက် အရောင်ခပ်ပါးပါးလေးသာခြယ်ပေးပါ။

နှုတ်ခမ်းဆိုးဆေး
နှုတ်ခမ်းနှစ်လွှာကြားကအရောင်နဲ့ မျက်နှာရဲ့အရောင်က လက်ရှိနဂိုရှိရင်းစွဲထက်ပိုပြီး ငယ်သွားစေပါ တယ်။ နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါ မျက်နှာအသားပေါ် ပျံ့နှံ့မသွားစေဖို့အတွက် နှုတ်ခမ်းအရောင်နဲ့ ထပ်တူ ကျတဲ့ Lip Penal ဦးစွာသုံးပေးပါ။ ပြီးမှ Lip Stick သုံးပေးပါ။

မျက်လုံးအရောင်

မျက်ဝန်းမှာခြယ်သထားတဲ့ အရောင်တွေကလည်း သတိထားဖို့လိုပါတယ်။ ထူပြီးတောက်ပတဲ့ အရောင်တွေက မျက်ဝန်းတစ်ဝိုက်က အရေးအကြောင်းတွေကိုပိုပြီး သိသာထင်ရှားသွားစေပါတယ်။
ဝဿန်



---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။


Share on Google Plus

0 comments:

Post a Comment