ဆွေမျိုးတို့ရေ
ဒီတစ်ပတ်နားရက်လေးမှာတော့ မစားရတာကြာနေပြီဖြစ်တဲ့ ဟင်းပွဲအတွဲအစပ်လေး တွေချက်ပြီး မိသားစုထမင်းဝိုင်းလေးမှာ
အရသာစုံစုံလင်လင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးစားကြ ရအောင်လား။ အဓိကဟင်းပွဲကိုတော့ ၀က်သားနဲ့
မှိုခြောက်လေးနှပ်မယ်။ အရံဟင်းနှစ်ပွဲကိုတော့ မယ်တော်မားသားအကြိုက် ပဲကြာဇံသုပ်လေးနဲ့
စွန်တန်ကြက်ရိုး ဟင်းရည်လေးချက်မယ်စိတ်ကူးထားတယ်။
မယ်တော်မားသားဈေးသွား
နေတုန်းလေးမှာ အိမ်မှာရှိတာလေးတွေကို အရန်သင့်ပြင်ထားလိုက်မယ်။
ပဲကြာဇံသုပ်
အသုပ်အတွက်ဆီနီအရင်လုပ်လိုက်မယ်။
ဆီကိုအိုးထဲထည့်ပြီး အပူပေးလို့ အငွေ့လေးနည်းနည်း တက်လာပြီဆိုရင် ပြန်ချ။ ငရုတ်သီးအရောင်တင်မှုန့်လေး
ထည့်ပြီးမွှေပေး။ ငရုတ်သီးအရောင်တင်မှုန့် ကျက်ပြီ ဆီကလည်းအနီရောင်လေးရပြီဆိုရင် အဖတ်တွေထားပြီး
ဆီနီလေးကိုပဲ အသာလေးစစ်ယူ ထားလိုက်မယ်။ ပြီးတော့ ဆီချက်လေးပါချက်လိုက်မယ်။ ကြက်သွန်ဖြူလေးတွေကို
အခွံခွာ၊ မညက်တ ညက်လေးထောင်းပြီး ဆီကျက်အောင် တည်ထားတဲ့အထဲထည့်ပြီးမွှေပေး။ အနားသားလေးတွေ
ညိုလာပြီဆိုတာနဲ့ မီးဖိုပေါ်ကချပြီး နနွင်းမှုန့်ထည့်မွှေပေးလိုက်ရင် အသုပ်အတွက် ကြက်သွန်ဖြူဆီချက်မွှေးမွှေးလေးရပြီပေါ့။
တစ်ခု သတိထားရ မှာက ဆီနီလုပ်တဲ့အခါမှာ ဆီပူပြီးအငွေ့တက်လာပြီဆိုတာနဲ့ မီးဖိုပေါ် ကနေအောက်ချပြီးမှ
ငရုတ်သီးအရောင် တင်မှုန့်ကို ထည့်ရပါမယ်။ ဆီချက်ထဲကို နနွင်းမှုန့်ထည့်တဲ့ အခါမှာလည်း
မီးဖိုပေါ်ကနေ ဆီချက်အိုးချပြီးမှ ထည့် ရပါမယ်။ မီးဖိုပေါ်မှာ သွားထည့်မိရင် တူးပြီးခါးလည်းခါး
အရောင်ကလည်း ညိုညစ်ညစ်ဖြစ်ပြီး မလှတော့လို့ပါ။
ကြက်သွန်ဖြူဖတ်လေးတွေကိုလည်း တစ်ခုလုံးညိုလာတဲ့အထိမစောင့်ဘဲ
အနားသားလေးတွေ ညိုလာပြီဆို တာနဲ့ မီးဖိုပေါ်ကချပေးပါ။ သူ့ဖာသာဆီအပူရှိန်နဲ့ ရွှေရောင်သန်းပြီးကြွပ်လာပါလိမ့်မယ်။
ကြက်သွန်ဖြူ ဖတ်တစ်ခုလုံး ညိုမှချမယ်ဆိုရင် အရောင်ရင့်ပြီး စားတဲ့အခါ အခါးအရသာပိုသွားပါလိမ့်မယ်။
ပြီးရင် အိမ်မှာ အသင့်ဆောင်ထားတဲ့ အာလူးလေးကိုပြုတ် ပဲကြာဇံလေးကိုရေစိမ်ထား။ ၀က်သားနဲ့နှပ်မယ့်
မှိုခြောက်လေးတွေ ရေနွေးပူပူနဲ့ သုံးမိနစ်လောက်စိမ်ပြီးမှ
ရေစင်စင်ဆေး။ မှိုအပေါ်ယံကို သွားပွတ်တံအဟောင်းသန့်သန့်လေးနဲ့ သေချာလေး အညိုလေးတွေကုန်အောင်
တိုက်ထားလိုက်မယ်။
ခုနကပြုတ်ထားတဲ့အာလူးလေးနူးပြီဆိုရင် အခွံခွာ ခဏအအေးခံပြီး မထူမပါးလေးတွေလှီး။
ရေစိမ်ထားတဲ့ပဲကြာဇံလေးကို ပြုတ်ပြီးရေပြန်စစ်ထား။ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကို မထူမပါးလေးလှီးထား။
မြေပဲနဲ့ပုဇွန်ခြောက်ကို မညက်တညက်လေးထောင်း ထား။ ပဲကြာဇံ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊
မြေပဲ၊ ပုဇွန်ခြောက်၊ ဆီနီ၊ ဆီချက်၊ သုံပုရာရည်၊ ဆား၊ သကြား နည်းနည်းနဲ့ ကြက်သားမှုန့်ကို
အရင်နယ်။ အရသာက ချိုချဉ် ငံစပ်လေးရပြီဆိုမှ အာလူးလေးကိုထည့်ပြီး ခပ်ဖွဖွလေးနယ်ပေး။
နံနံပင်လေးပါထည့် ဒါဆိုရင်တော့ စားကောင်းမှာသေချာတဲ့ ပဲကြာဇံသုပ်လေးတစ်ပွဲရပြီ ပေါ့။
ဝက်သားမှိုခြောက်နှပ်
ဝက်သားကိုတော့
သုံးထပ်သားပဲသုံးပါ့မယ်။ ထုံးစံအတိုင်း ရေသေချာဆေး အရွယ်တော်လေး တွေတုံးပြီးတာနဲ့ ပဲငံပြာရည်အကြည်အနောက်
ခရုဆီ၊ ကြက်သားမှုန့်၊ ဆားထည့်နယ်ပြီး ခဏနှပ်ထားမယ်။ သကြားကိုချက်မယ့်အိုးထဲဖြန့်ထည့်ပြီးအပူပေး။
သကြားက ဆူပြီးအညိုရောင်သန်းလာတာနဲ့ ခုနနှပ်ထားတဲ့ ၀က်သားထည့်ပြီး ရေခန်းတဲ့အထိနာနာလေးလုံး။
ပြီးမှ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်။ ၀က်သားနူး ခါနီးလို့ အဆီလေးတွေတော်တော်ထွက်လာပြီဆိုမှ
မီးဖိုပေါ်ကချ။
ခုနအအေးခံဟင်းရည်အပေါ်ယံကို တက်လာတဲ့ဆီတွေစင်အောင် အရင်ခပ်ထုတ်ပစ်လိုက်မယ်။
ဘာဖြစ်လို့လဲဆိုတော့ မှိုခြောက်ထည့်လိုက်ရင် မှိုခြောက်ကရှိသမျှ ဆီတွေစုပ်သွားရောဗျ။
အဲဒါကြောင့် ဆီကိုအရင်ခပ်ထုတ်ပြီးမှ ခုနက ရေနွေးဖြောပြီး သေချာ သန့်စင်ထားတဲ့မှိုခြောက်ကိုထည့်။
ကြက်သွန်ဖြူလေးပါဓားပြားရိုက်ထည့်။ ၀က်သားရော မှိုလေးပါနူးအိသွားပြီ ဆိုရင် အရသာလေးသေချာမြည်းကြည့်လို့
စိတ်တိုင်းကျပြီဆိုရင်တော့ မှိုခြောက်နှပ်ဟင်းတစ်ပွဲရပြီပေါ့နော်။
စွန်တန်ကြက်ရိုးဟင်းရည်
အရင်ဆုံးကြက်ရိုးလေးတွေကို
ရေသေချာဆေးထား။ ရေကိုကြက်ရိုးမြုပ်ရုံလောက် ဆူအောင်တည်။ ဆူလာပြီဆိုရင် ကြက်ရိုးကိုထည့်ပြီး
မိနစ်ဝက်လောက်မွှေပေး။ ပြီးရင် ကြက်ရိုးကိုဆယ်ထားပြီး ရေတွေကို သွန် ပစ်။ ဒါမှကြက်ရိုးမှာပါတဲ့
အညှီအချွဲတွေ စင်သွားအောင်ပြီးမှ ကြက်ရိုးကို ဆားလေးသင့်ရုံထည့်ပြီး နူးအောင် တည်။
နူးခါနီးမှ စွန်တန်လေးရေဆေးပြီးထည့်။ ချဉ်တဲ့အရသာထွက်လာပြီဆိုမှ ကျန်တဲ့အငံ အချိုအတွက်
ကြက်သားမှုန့်နဲ့သကြားလေးထည့်၊ ကြက်သွန်ဖြူမထူမပါးလှီးထားတာနဲ့ ငရုတ်သီးစိမ်းဓားပြားရိုက်လေးထည့်။
အိမ်မှာအသင့်ရှိနေတဲ့ မုန်ညင်းထုပ်လေးပဲ နည်းနည်းထည့်လိုက်တယ်။ အသီးအရွက်က အမှန်ကတော့
ပဲပင်ပေါက်လေးနဲ့က ပိုကောင်းတယ်။ ပိုမွှေးသွားအောင် နံနံပင်လေးအုပ်လိုက်ပေါ့။ ဒီလောက်ဆိုရင်တော့
မိသားစုထမင်းဝိုင်းလေးမှာ အရသာစုံစုံလင်လင်လေးနဲ့ စားလို့ကောင်းမှာသေချာပြီပေါ့ ဆွေမျိုးတို့ရာ။
နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ပါစေ။
Royal(Laputta)
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment