ဒီတစ်ပတ်ကတော့
မယ်တော်မားနေမကောင်းတော့ ဈေမသွားနိုင်ဘူးလေ။ ကိုယ့်ဖာသာပဲဈေးလစ် ရမယ့်အဖြစ်ပေါ့နော်။
အိမ်မှာရှိတာလေး ရှာကြည့်လိုက်တော့ ပုဇွန်ရယ် ဘဲဥလေးရယ်တွေ့တယ်။ ဒါလေးကိုပဲ ချဉ်ဟင်း
ချက်မယ်စိတ်ကူးထားတယ်။
ပုဇွန်ဘဲဥချဉ်ဟင်း
ဈေးမသွားခင်ရှိတာလေးနဲ့
ဟင်းတစ်ခွက်အရင်ချက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ပုဇွန်တွေအခွံခွာ ပုဇွန်ငံပြာရည်လေးနဲ့
နယ်ပြီးခနနှပ်ထား။ ဘဲဥလေးပြုတ် မန်ကျဉ်းသီးမှည့်လေးကို ရေနွေးနဲ့စိမ်ထား။ ကြက်သွန်ဖြူနီထဲကို
ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ ချင်းလေးနဲနဲထည့်ထောင်း။ အိုးထဲဆီထည့်လို့ ဆီကျက် ပြီးပူလာရင်
ခုနကထောင်းထားတဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးအရောင်တင်မှုန့်နဲ့ ချင်းအရောကိုနနွင်းမှုန့်လေး
နည်းနည်းထည့်ပြီး ဆီသတ်စိမ်းနံ့ပျောက်ပြီး မွှေးလာတော့မှ နှပ်ထားတဲ့ပုဇွန်လေးထည့်လုံး။
ပြီးရင်ခုနပြုတ် ထားတဲ့ ဘဲဥလေးကို အခွံခွာထက်ခြမ်းလေးခြမ်းပြီးထည့်။ မန်ကျည်းမှည့်ရေလေးနဲ့
ငရုတ်သီးစိမ်းလေးပါထည့်။ မြည်းကြည့်လို့ ချဉ်ချဉ်စပ်စပ်လေး ဖြစ်နေပြီဆိုရင် မဆလာလေးနဲ့
နံနံပင်လေးအုပ်လိုက်ရုံပဲပေါ့။ ဒါဆိုရင်တော့ ပုဇွန်၊ ဘဲဥချဉ်ဟင်း၊ ချဉ်ချဉ် စပ်စပ်မွှေးမွှေးလေးရပြီပေါ့။
ပဲပင်ပေါက်ကြော်
ဈေးသွားတာလည်း နောက်ကျနေပြီဆိုတော့ လွယ်လွယ်နဲ့
မယ်တော်မားသားကြိုက်တာလေးပဲဝယ် လာဖြစ်တယ်။ ပဲပင်းပေါက်နဲ့ကြာရိုးလေးပဲလေ။ ပဲပင်ပေါက်လေးကိုပဲ
အခွံဖတ်လေးတွေဖယ် ရေသေချာ ဆေးပြီးရေစစ်ထား။ ကြက်သွန်နီလေး မထူမပါးလှီးပြီးဆီသတ်။ ခရုဆီလေးနဲ့
ငံပြာရည်အကြည်လေး ပါထည့် ပြီးမှပဲပင်ပေါက်လေးနဲ့ ကြက်သားမှုန့်လေးထည့်ပြီး မီးပြင်းပြင်းလေးနဲ့ကြော်လိုက်မယ်။
မီးပြင်းတော့ အရည် လည်း သိပ်မထွက်တော့ဘူးပေါ့။ အရမ်းနွမ်းတဲ့ထိ မထားပဲကျက်တာနဲ့မီးဖိုပေါ်ကချ။
ဒါမှကြွပ်ကြွပ်လေးနဲ့ စား ကောင်းမှာလေ။
ကြာရိုးဟင်းခါး
ကြာရိုးဟင်းခါးကတော့ လွယ်ပါတယ်။ ကြာရိုးကိုအခွံလေးတွေဖယ်
လက်ဆစ်လောက်လေးတွေ ပိုင်းပြီး ရေစင်စင်ဆေး ရေစစ်ထား။ ငရုတ်ကောင်းအရင်ထောင်း ငရုတ်ကောင်းညက်မှ
ကြက်သွန်ဖြူလေး ထည့်ပြီး မညက်တညက်ထောင်း။ ပုဇွန်ခြောက်လေးပါ မညက်တညက်ထောင်းထား။ ရေကိုအရင်
ဆူအောင် တည်။ ရေဆူလာပြီဆိုမှ ထောင်းထားတဲ့ပုဇွန်ခြောက်ရယ်၊ ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူ အရောရယ်၊
ပုဇွန်ငံပြာ ရည်ရယ်ထည့်။ ကြက်သွန်ဖြူစိမ်းနံ့ပျောက်ပြီးမွှေးလာပြီ အရသာအပေါ့အငံလည်း
အဆင်ပြေပြီဆိုရင် ကြာရိုး လေးထည့် သုံးမိနစ်လောက်ထားလိုက် ရင်ရပါပြီ။
ဒါဆိုရင်တော့
နေမကောင်းဖြစ်နေတဲ့ မယ်တော်မားသား လည်း ခံတွင်းလိုက်ပြီးစားလို့ကောင်းမှာ အသေအချာ အကုန်အကျလည်းမများ
ချက်ရတာလည်းလွယ်။ အရသာစုံစုံလေးနဲ့ စားရတာအဆင်ပြေမှာ အသေချာပဲပေါ့နော်။ ဒီတစ်ပတ်တော့
ဒီလောက်ပဲချက်ကြတာ ပေါ့ဆွေမျိုးတို့ရာ။ နောက်တစ်ပတ်မှနောက်တစ်မျိုး ချက်ကြတာပေါ့။ အားလုံး
အဆင်ပြေကြပါစေ။
Royal (Laputta)
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment