Virtual Reality ဟာ Facebook ရဲ့ အနာဂတ်လား










Facebook ကိုစတင်ထူထောင်ကတည်းက Zuckerberg ရဲ့ အဓိကအာရုံဟာ လူတွေအချင်းချင်း ဘယ်လိုချိတ်ဆက်ဆက်သွယ်ကြသလဲ၊ သူတို့ရဲ့ဘ၀တွေမှာကြုံတွေ့ခံစားရတာတွေကို ဘယ်လိုအချင်းချင်း မျှဝေကြသလဲဆိုတာကို အဓိကအာရုံစိုက်ပြီးလေ့လာခဲ့ပါတယ်။ ဒီနေရာမှာ virtual Reality တွေဟာ အဓိကကျတဲ့အခန်းကဏ္ဍကနေ အခမဲ့ပေးပြီး အွန်လိုင်းပေါ်ကို သန်းနဲ့ချီတဲ့သူတွေကိုဆွဲတင်လာဖို့ စိတ်ကူးပြီးတဲ့နောက်မှာ အွန်လိုင်းပေါ်ကိုလူတွေရောက်လာရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရာမှာ၊ တစ်ဦးနဲ့တစ်ဦးမျှဝေခံစားကြရာတွေမှာ အရင်ကမတွေ့ဖူးမမြင်ဖူးတဲ့ ပုံစံမျိုးတွေနဲ့ဆက်သွယ်လာနိုင်မယ်လို့ သူကယူဆနေပါတယ်။

Virtual Reality ဟာဆိုရင် ပြင်ပကမ္ဘာကနေခွဲခွာပြီး အယောင်ဆောင်ဖန်တီးထားတဲ့ နယ်ပယ်ကြီးတစ်ခု ထဲမှာ မိမိစိတ်ကူးဉာဏ်ရှိသလို ပျံ့နှံ့ကွန့်မြူးနိုင်တာပါ။ Facebook အဖို့ အလိုအပ်ဆုံးသောအရာကလည်း ဒါပါပဲ။ ဥပမာ ဆိုကြပါစို့၊ ကျွန်တော်က ကျွန်တော့်သားဦးလေးမွေးတဲ့အကြောင်းကို နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့်အဖေကိုပြောချင်တယ်ဆိုပါဆို့။ လွန်ခဲ့တဲ့ဆယ်နှစ်ကဆိုရင် ကျွန်တော်တို့က Facebook မှာ Post တင်ပြီးတော့ပဲပြောနိုင်တယ်။ နောက်ပိုင်းတော့ ဓာတ်ပုံတွေပါတင်လာနိုင်တယ်ပေါ့။ အခုဆိုရင် အသံတွေ၊ ဗီဒီယိုတွေကိုပါ တင်ပေးနေလို့ရလာပြီ။ နောက်ဆိုရင် Virtual Reality ရဲ့အစွမ်းနဲ့ ကျွန်တော့်သားမွေးတဲ့ မွေးခန်းထဲကိုပါ အဖေက၀င်ကြည့်နေလို့ရပါလိမ့်မယ်။ အဖေကိုယ်တိုင် ခွဲခန်းထဲရောက်နေသလိုမျိုး သူခံစားရအောင် Virtual Reality က စွမ်းဆောင်နိုင်မှာပါ။ ဒါဟာ Zuckerberg လိုချင်တဲ့ အနာဂတ်ပါပဲ။ သူက ဒါကိုကြိုမြင်နေတာပါ။

ကမ္ဘာကြီးစပေါ်ကတည်းက လူသားတွေဟာ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ကြရာမှာ ဘယ်တော့မှ တင်းတိမ်နိုင်သူတွေမဟုတ်ကြပါဘူး။ မိုင်ပေါင်းထောင်ချီဝေးတဲ့ခရီးကို လှေတွေ၊ မြင်းတွေနဲ့ သွားကြရစဉ်ကလည်း မမောနိုင်မပန်းနိုင် စာတွေရေး၊ အဝေးကြီးကိုသယ်သွားနဲ့ ခဲရာခဲဆစ်လုပ်ခဲ့ရတာပါ။ တစ်ချို့ဆို ခိုတွေလိုတိရစ္ဆာန်မျိုးတွေတောင်သုံးပြီး စာပေးစာယူတွေလုပ်ခဲ့ကြတယ်။ နောက်ပိုင်း ကြိုးနဲ့ကြေးနန်းတွေ၊ ကြိုးမဲ့ကြေးနန်းတွေ၊ တယ်လီဖုန်းတွေ၊ အင်တာကွန်ယက်တွေအထိ တည်ဆောက်လာရင်း ဆက်သွယ်ရေးအပေါ် လူတွေရဲ့လောဘကိုဖြည့်တင်းပေးလာခဲ့ပါတယ်။

အခုအွန်လိုင်းပေါ်ကနေ လူကိုယ်တိုင် အနားရောက်လာသလိုမျိုးအချင်းချင်းဆုံတွေ့နိုင်စေမယ့် Virtual Reality ဆိုတာဟာ Mark Zuckerberg အနေနဲ့ တကယ့်ကိုငွေတွင်းကြီးလို့မြင်လာရတဲ့အနေအထားပါ။ ဒီလိုကြောင့်လည်း အခုကတည်းက ပီပီပြင်ပြင်ရင်းနှီးမြှုပ်နှံနေသလို၊ Virtual Reality သည် Facebook ရဲ့ အနာဂတ်ဖြစ်တယ်လို့အတိအလင်းကိုကြေညာထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီနည်းပညာကို အရမ်းစိတ်ဝင်စားနေရတာက လူတွေဟာ သူတို့စိတ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို အများနဲ့မျှဝေရာမှာ ပိုပိုပြီးကောင်းမွန်တဲ့နည်းလမ်းတွေကို စဉ်ဆက်မပြတ်ရှာဖွေနေကြ တာကြောင့်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်ကဆို စာတွေပဲရေးနိုင်ကြတယ်။ အခုဆိုရင် ဓာတ်ပုံတွေပါ လာပြီ။ ဗီဒီယိုတွေ Share ကြတာကလည်းတိုးတက်လာနေတယ်။ ဒါပေမဲ့ ဒီနေရာမှာတင်ဆုံးသွားမှာ မဟုတ်ပါဘူး။ 

3D Content တွေက ဗီဒီယိုတွေပြီးရင် နောက်ကလိုက်လာမှာတွေပါ။”လို့ သူကပြောပါတယ်။ ဒီလိုဗီဒီယိုအမျိုးအစားသစ်တွေကို ခံစားနိုင်ဖို့ဆိုရင် အတော်အသင့်ခေတ်မီတဲ့ နည်းပညာ တစ်ခုကိုရှိလာဖို့လိုပြီး ဒီနည်းပညာရှိလာတာနဲ့ Interactive ဖြစ်တဲ့ Social Application တွေ အများအပြားပေါ်ပေါက်လာလိမ့်မယ်လို့ သူကပြောပါသေးတယ်။

နောက်တစ်ချက်က ဒီလိုအရွယ်အစားမျိုးအထိအောင်မြင်လာချိန်မှာ Facebook ရဲ့ အသုံးပြုသူတိုး တက်နှုန်းဟာနှေးကွေးလာပါတယ်။ နေ့စဉ်အသုံးပြုသူဦးရေက ၉၆၈ သန်းရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၇ သန်းတိုးလာပါတယ်။ အသုံးပြုသူဦးရေကလည်း ၁၉ ရာခိုင်နှုန်းအထိတိုးလာပါတယ်။ ဒါပေမဲ့ Mobile ပေါ်မှာ နေ့စဉ်အသုံးပြုသူဦးရေကတော့ ၁ နှစ်ချင်းစီအလိုက်ယှဉ်ကြည့်ရင် ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ လစဉ်အသုံးပြုသူဦးရေက ၁.၄၉ ဘီလျံမှာတန့်နေပါတယ်။ Zuckerberg အနေနဲ့ကတော့ ပုံမှန်အသုံးပြုသူတွေအနေနဲ့ Facebook ကို တစ်နေ့မှာအရင်ကထက်ပိုပြီး အချိန်ကြာကြာသုံးလာနေတယ်လို့ဆိုထားပါတယ်။

လက်ရှိမှာက Video Advertising ဟာ Facebook ရဲ့ ၀င်ငွေတိုးတက်လာမှုမှာ အဓိကအကြောင်း အရင်းဖြစ်နေပါတယ်။ Chief Operating Office ဖြစ်သူ Sheryl Sandberg ကတော့ “ဗီဒီယိုတွေကိုတောင်းဆိုမှုအရမ်းများလာပါတယ်။ လက်ရှိ Target လုပ်နေတဲ့ပုံစံကတကယ့်ကို Unique ဖြစ်တဲ့ပုံစံပါ။ ဘယ်သူကခပ်စပ်စပ်အစားအစာမျိုးတွေကို ကြိုက်သလဲဆိုတာမျိုးကိုတောင်လိုက်ပြီး Specific ဖြစ်အောင်ကြော်ငြာနိုင်ပါတယ်။

ကြော်ငြာတွေကို Virtual Reality နဲ့ အဆင်ပြေအောင်တွဲဖက်နိုင်မယ်ဆိုရင် Facebook ရဲ့ဝင်ငွေဟာ မိုးထိုးသွားအောင်မြင့်တက်လာမှာပါ။ ဥပမာအားဖြင့် ကျွန်တော်ကကျွန်တော့်ကောင်မလေးနဲ့ အွန်လိုင်းမှာ Virtual Reality သုံးပြီး စကားပြောနေမယ်ပေါ့။ ကျွန်တော်တို့နှစ်ယောက် အပြင်မှာစကားပြောနေသလို သူ့တစ်ကိုယ်လုံးကို ကျွန်တော်မြင်နေရသလို၊ ကျွန်တော့်ကိုလည်း သူမြင်နေရမယ်။ အဲဒီမှာ Facebook က အပြင်ရဲ့ Environment ကို Starbucks ကော်ဖီဆိုင်အဖြစ် အသွင်ပြောင်းထားမယ်။ ကျွန်တော်တို့ စားပွဲပေါ်မှာလည်း Coca Cola ပုလင်းတွေ ထောင်ထားမယ်၊ Apple ရဲ့ နောက်ဆုံးပေါ်ဖုန်းရဲ့ ကြော်ငြာဆိုင်းဘုတ်ကို ကော်ဖီဆိုင်နံရံမှာချိတ်ထားမယ်ပေါ့။ ဒီနည်းနဲ့ ပိုက်ဆံရှာရင်တောင် Facebook နဲ့ Zuckerberg တို့အဖို့ ပိုက်ဆံတွေထားစရာတောင်ရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း Virtual Reality က Facebook ရဲ့ အနာဂတ်လို့ ပြောနေတာပါပဲ။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 
Share on Google Plus

0 comments:

Post a Comment