ကျော်ကြားအောင်ဆိုပြီး အေးမြတ်သူ တစ်ခါမှမလုပ်ခဲ့ဘူး …. အေးမြတ်သူ









အနုပညာရှင်တစ်ယောက်ဟာ အနုပညာနဲ့သာ ပရိသတ်အားကိုရယူနိုင်တာပါ။ ကျော်ကြားအောင်ဆိုပြီး အေးမြတ်သူ တစ်ခါမှမလုပ်ခဲ့ဘူး …. အေးမြတ်သူ

လျှောက်လမ်းတွေပေါ်မှာစခဲ့တဲ့ အနုပညာခရီးအတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်တွေနဲ့အတူ အေးမြတ်သူဆိုသော နာမည်တစ်လုံးကို ပရိသတ်ကြား ရေးထိုးထားနိုင်ခဲ့ပေမယ့် အနုပညာလှုပ်ရှားမှုတွေ ဘက် အေးစက်စက်ဖြစ်နေတာကြောင့် သူမရဲ့ပရိသတ်များက အားမလိုအားမရဖြစ်နေကြပါတယ်။ ဘ၀ရဲ့ ရွေးချယ်မှုဆိုတဲ့ ဆန္ဒနဲ့ကြိုးစားခဲ့တဲ့ သရုပ်ဆောင်ဘ၀မှာ အရှိန်ကျမသွားဖို့ဆိုတာ အနုပညာ လုပ်ပိုင်ခွင့်ဆိုတာ အရေးပါလှပါတယ်။ စိတ်ကြိုက်ဘ၀တစ်ခုနဲ့ သရုပ်ဆောင်အလုပ်တွေကြားမှာ ရှင်သန်နေတဲ့ အနုပညာရှင်တစ် ယောက် ငယ်ဘ၀အိပ်မက်တွေကြား ရူးသွပ်မှုလေးများလည်းရှိတတ်တာမို့ မပြောဖြစ်ခဲ့တဲ့ စိတ်ကူးလေးတွေကို ပုံဖော်ကြည့်ဖို့အတွက် အေးမြတ်သူရဲ့ ဘ၀နဲ့အနုပညာကြား အမှတ်တရလေးပုံဖော်ဖြစ်ခဲ့ပါတယ်။

ကိုယ်ရောက်နေတဲ့နေရာနဲ့ လက်ရှိအနေအထားပေါ်မှာ…
ဘ၀မှာဘယ်တော့မှပြီးပြည့်စုံတယ်။ ကျေနပ်တယ်ဆိုတဲ့သူမရှိဘူး။ အောင်မြင်ပြီးတဲ့သူကလည်း ဒီထက်အောင်မြင်ချင်တာပဲ။ ချမ်းသာပြီးတဲ့သူကလည်း ချမ်းသာပြီးရင်း ချမ်းသာချင်ကြတာပဲ။ လောဘ နည်းတာနဲ့ များတာပဲကွာကြတယ်။ အေးမြတ်သူလည်း ဒီထက်အောင် မြင်ချင်တယ်။ ချမ်းသာချင်တယ်။ ဒါပေမဲ့ အဲဒီအတွက် အရမ်းဖြစ်ချင်တဲ့စိတ်တွေ၊ လောဘတွေနည်းတယ်။ မရှိဘူးလို့တော့မပြောဘူး။ ကိုယ့်ကို အေးမြတ်သူလို့ ပရိသတ်ကအသိအမှတ်ပြုထားတာကို ရတယ်ဆိုရင်ပဲ ကိုယ့်ရဲ့အနုပညာ အလုပ်တွေအတွက် ကျေနပ်ပါတယ်။ ဒီထက်အောင်မြင်ချင်ရင် ဒီထက်ကောင်းတဲ့အခွင့်အရေးနဲ့ အခြေအနေတွေရှိဖို့လိုတယ်။ အနုပညာရှင်တစ်ယောက်ဟာ အနုပညာနဲ့သာ ပရိသတ်အားကိုရယူနိုင်တာပါ။ ကျော်ကြားအောင်ဆိုပြီး အေးမြတ်သူ တစ်ခါမှမလုပ်ခဲ့ဘူး။ အရမ်းပေါ်ပြူလာဖြစ်ချင်တဲ့စိတ်လည်း မရှိဘူး။ ဒီလောက်ဆို ကျေနပ်ပြီဆိုပြီး ရပ်နေတာလည်းမဟုတ်ဘူး။ ရှေ့ကိုဘယ်လိုရောက်ရောက် ကိုယ်ကဆက်လျှောက်နေမှာပါ။ အနုပညာ အတွက် ခံယူချက်တွေ အများကြီးထားထားတယ်။ အပျော်စိတ်ကလေးနဲ့လုပ်နေတဲ့ အနုပညာဖြစ်ပေမယ့် ပျော်စေပျက်စေ လုပ်နေတာမျိုးတော့မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးနေတယ်။ ပေါ့ပေါ့ဆဆမလုပ်ဘူး။ ကိုယ့်ကို လက်ခံတယ်၊ လက်မခံဘူးဆိုတာထက် လက်ခံစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘာပဲလုပ်လုပ် ကောင်းအောင် လုပ်တယ်။ ကိုယ့်ကိုယ်ကိုယ် မင်းသမီးလို့မြင်တာထက် အနုပညာရှင်တစ်ယောက်လို့ မြင်တာကိုပိုပြီး သဘော ကျတယ်။ ဘယ်လိုကာရိုက်တာပဲဖြစ်ပါစေ မလုပ်ချင်တာ၊ မလုပ်ရဲတာမရှိဘူး။ အားလုံးကိုသရုပ်ဆောင် တစ်ယောက်လုပ်ရမယ့် အနုပညာလို့ပဲမြင်တယ်။ မင်းသမီးလို လှလှပပမမြင်ရရင်နေပါစေ ပရိသတ်က သရုပ်ဆောင်ကောင်းတယ်လို့ ပြောကြတာကိုပဲ ကျေကျေနပ်နပ်ခံယူချင်တယ်။

စနစ်တကျရေးဆွဲထားတဲ့ ဘ၀မှတ်တမ်း…
အေးမြတ်သူရဲ့ဘ၀မှာ အစီအစဉ်ရှိပြီးသားပါ။ အေးမြတ်သူ ဘယ်အသက်အရွယ်မှာ ရောက်ရမယ်ဆို တဲ့အနေအထားမှာ အလုံးစုံမပြည့်စုံရင်တောင် တချို့တလေတော့ပြည့်ရမယ်လို့ ယုံကြည်ချက်ထားပါတယ်။ အခုဆိုရင် အေးမြတ်သူ အသက် ၃၀ ကိုရောက်လာပြီဆိုတော့ ဘ၀မှာအေးချမ်းတည်ငြိမ်သင့်ပြီ။ အရင်တုန်း ကဆိုရင် စိတ်လွတ်ကိုယ်လွတ် နေခဲ့တာတွေရှိတယ်။ အခုတော့ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက် တဲ့ အရွယ်ရောက်ပြီလို့ယူဆတယ်။ မိန်းမတွေဆိုတာ အသက် ၃၀ ရောက်ရင် ချို့ယွင်းတာတွေများတယ်။ ခန္ဓာကိုယ်ဝလာတာမျိုးတွေ၊ ကျန်းမာရေး မကောင်းတာတွေဖြစ်လာတာပေါ့။ ခုချိန်မှာတော့ အေးမြတ်သူရဲ့ စိတ်တွေသည် လောဘတွေနည်းသွားတယ်။ အများကြီးလုပ်မယ့်အစား ကွာလတီကောင်းကောင်းနဲ့ လုပ်ချင် လာတယ်။ အရင်တုန်းကဆိုရင်တော့ လောဘကြီးတယ် လုပ်နိုင်သလောက်အကုန်လုပ်တယ်။ လောဘ နည်းတတ်အောင်လည်း ကျင့်ကြံနေထိုင်တယ်။ လူဆိုတာက လောဘကြီးရင်သိပ်ပြီး ပင်ပန်းတယ်။ ဒါကြောင့် လောဘမကြီးချင်တော့တာ။ ကိုယ့်ကိုယ်ကိုယ်ထိန်းပြီးနေတယ်။ ကိုယ်ရောက်နေတဲ့အသက်အရွယ်ကို လက်ခံ နိုင်ရမယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေမလဲ။ အရမ်းအကောင်းကြီး မဟုတ်ခဲ့ရင်တောင် အဆိုးဝါးဆုံးထဲမှာ အေးမြတ်သူမပါဘူး။ ကိုယ့် ရဲ့အပေါ်ကိုကြည့်ရင် အရမ်းမောတယ်။ အေးမြတ်သူဖြတ်သန်း လာခဲ့တဲ့ဘ၀တစ်လျှောက်မှာ သင့်တင့်လျှောက်ပတ်စွာနေထိုင်တယ်။ မိတ်ဆွေကောင်းတွေနဲ့လည်းတွေ့ ခဲ့တယ်။ ကြိုးစားသလောက်လည်း အရာထင်ခဲ့တယ်။ ကိုယ့်ရဲ့ဘ၀ကိုသဘောကျတယ်။ နောက်ပြီးမိန်းမ တစ်ယောက်ဟာ အသက် ၃၀ လောက်မှာ အိမ်ထောင်ပြုတာ အကောင်းဆုံးပဲ။ ၂၀ လောက်ကတော့စောလွန်း တယ်။ ၂၅ နှစ်၊ ၃၀ နှစ်ဟာအရွယ်ကောင်းပဲ မိန်းကလေးတစ်ယောက်မှာ ပြီးပြည့်စုံတဲ့ရင့်ကျက်မှုတွေ၊ တွေးခေါ်မှုတွေရှိတယ်။ စဉ်းစားဆင်ခြင်နိုင်တယ်။ အဲဒီအချိန်မှာ အိမ်ထောင်ပြုတာ အမှားအနည်းဆုံးလို့လည်း ပြောလို့ရတာပေါ့။ မိန်းမတစ်ယောက်ဟာ အချိန်တန်ရင် အိမ်ထောင်ပြုကြရတာပါပဲ။ ဘယ်လောက်ပဲသိပ် တော်နေပါစေ အောင်မြင်နေပါစေ အချိန်တန်ရင်တော့ လင်သားဆိုတဲ့နောက်ကွယ်မှာ ပံ့ပိုးမှုနဲ့နေရမယ် ဆိုတာကို အေးမြတ်သူလက်ခံထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့မိသားစုဘ၀နဲ့ အသက်ကြီးလာရင် ကိုယ့်ရဲ့ဘေးမှာ ဖေးမပေးမယ့်လက်တွဲဖော်ဆိုတာ လိုအပ်တယ်။ ကိုယ်မွေးလာမယ့်ကလေးကို စောင့်ရှောက်ရ မယ်။ အေးမြတ်သူကတော့ ဒီလိုပဲခံယူထားပါတယ်။

ပရဟိတလှုပ်ရှားမှုများနဲ့ ပျော်လာတယ်…
လူမှုရေးလုပ်ငန်းတွေပိုပြီး စိတ်ဝင်စားလာတယ်။ ငယ်ငယ်တုန်းကတော့ ကိုယ့်အတွက်ပဲစဉ်းစားခဲ့ တယ်။ အခုဆိုရင် ကိုယ့်အတွက် လည်းစဉ်းစားတယ်။ သူများအတွက်လည်းစဉ်းစားတယ်။ အရင်တုန်းကတော့ ပရဟိတလုပ်ငန်းတွေနဲ့ အထိအတွေ့နည်းခဲ့တဲ့အတွက် ကိုယ့်ရဲ့အားနည်းချက်လို့ ပြောလို့ရတယ်။ မွေးနေ့မှာ ပရဟိတအလှူပေးတာ၊ လိုအပ်တဲ့နေရာတွေမှာ အမှတ်တရလှူဖြစ်ခဲ့တာကအစ အေးမြတ်သူရဲ့ ရင်ထဲမှာ ပရဟိတ စိတ်တွေမွေးဖွားလာတာပါ။ ကိုယ့်ပရိသတ်ကြားကို ရောက်သွားမှ သူတို့ရဲ့ခံစားချက်တွေ၊ အားနည်း ချက်တွေကို သိခွင့်ရခဲ့တယ်။ အေးမြတ်သူအရင်က ပရဟိတသိပ်မလုပ်ဖြစ်ခဲ့ပါဘူး။ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ အခုတော့ ကိုယ့်ရဲ့အားလပ်ချိန်တွေကို ပရဟိတလုပ်ငန်းတွေဘက်မှာ အချိန်ပေးဖြစ်လာ တယ်။ ပရဟိတအလုပ်ဆိုတာ တကယ်လုပ်ချင်တဲ့ စိတ်နဲ့လုပ်နိုင်တဲ့အခွင့်အရေးရှိမှလည်း လုပ်လို့ရတာပါ။ တကယ် လုပ်ချင်တဲ့စိတ်ရှိရင် ဘယ်သူနဲ့မဆို တွဲပြီးလုပ်လို့ရပါတယ်။ နိုင်ငံတော်အစိုးရတစ်ခုတည်းနဲ့ လည်းမရသလို ပြည်ပကအကူအညီတွေနဲ့လည်း မလုံလောက်ပါဘူး။ ဒါကြောင့် လူမှုရေးပရဟိတအသင်း တွေမှာ အနုပညာရှင်တွေကလည်း ပါဝင်လှုပ်ရှားလာကြတာပါ။ အခုဆိုရင် ရန်ကုန်မြို့ရဲ့ နေရာတိုင်းမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတအသင်းတွေက ကိုယ့်အစီအစဉ်နဲ့ပဲ ကိုယ့်အလှူငွေကောက်နေကြတယ်။ ပရဟိတအလုပ်တွေကို လုပ်ရတာပျော်ပါတယ်။ အေးမြတ်သူအနေနဲ့ တောက်လျှောက်လုပ်ဖြစ်နေဦးမှာပါ။

မိန်းမတစ်ယောက်ရဲ့ Body ကိုပေါ်တဲ့ ဖက်ရှင်ကိုကြိုက်တယ်…
ဖက်ရှင်ကို catalogue ကြည့်တာပဲများတယ်။ ကိုယ်က၀တ်ချင်စိတ်ရှိပေမယ့် သရုပ်ဆောင် တစ်ယောက်ဖြစ်နေတော့ ဇာတ်ကောင်နဲ့ လိုက်ဖက်တာကိုပဲဝတ်ဖြစ်တယ်။ ဖက်ရှင်ကိုစိတ်ဝင်စား တာကတော့ မော်ဒယ်ဖြစ်မှ စိတ်ဝင်စားခဲ့တာပါ။ အရင်ကတော့ သာမန်လောက်ပဲဝတ်တယ်။ သရုပ်ဆောင်ဖြစ်လာတော့ ဖက်ရှင်ဆိုတာကို သိပ်ပြီးစိတ်ဝင်စားမှုမရှိတော့ဘူး။ ဇာတ်ကောင်ထဲမှာ ဇာတ်ကောင်နဲ့လိုက်မယ့် ၀တ်စား ဆင်ယင်မှုကိုပဲ ဦးစားပေးဖြစ်တော့တယ်။ ကိုယ်နဲ့လိုက်ဖက်တာဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့လိုက် တာ မျိုးကိုပဲရွေးချယ်တယ်။ အပေါ်အင်္ကျီကျပ်ပြီး အောက်ကပွနေတာမျိုး၊ အပေါ်အင်္ကျီပွပြီးအောက်က ကျပ်နေတာမျိုးတွေကြိုက်တယ်။ မိန်းမတစ်ယောက်ရဲ့ ရှိရင်းစွဲ သြိပ ပေါ်တာမျိုးကိုကြိုက်တယ်။ ဥပမာ ဂျင်းနဲ့တီရှပ်ဆိုလည်း တင်နဲ့ခါးကိုဖော်သလို၊ တီရှပ်ဆိုရင်လည်း ရင်ဆိုရင် ခါးဆိုခါးပေါ်တာကို ကြိုက်တယ်။ ဖက်ရှင်နဲ့ပတ်သက်ရင် အကြံပေးတဲ့သူတွေလည်းရှိပါတယ်။ ကိုယ့်ရဲ့ဒီဇိုင်နာဆရာတွေနဲ့လည်း တိုင်ပင်ပြီး ကိုယ့်စိတ်ကူးလေးတွေအတိုင်း ထွင်ပြီးချုပ်ရတာတွေလည်း ၀ါသနာပါတယ်။ ကျောင်းသူမှာလည်း ကျောင်းသူ ဖက်ရှင်၊ ရုံးဝန်ထမ်းမှာလည်း သူ့ရဲ့ ရွေးချယ်တဲ့ဖက်ရှင်ဆိုတာရှိရမယ်။ လိုက်ဖက်တဲ့ဖက်ရှင်နဲ့ ၀တ်စား ဆင်ယင်မှုက ၀တ်ဆင်သူရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကို ပိုပြီးရှိစေတယ်။ သိပ်ဟော့ဟော့ရမ်းရမ်းကြီးဖြစ်ဖို့ မလိုဘူး။ မိန်းကလေးတိုင်း လိုက်ဖက်တဲ့ဖက်ရှင်ရွေးချယ်မှုကိုပဲ ဖြစ်စေချင်တယ်။ ဖက်ရှင်ရေစီးကြောင်း က အရှိန်ကောင်းလာနေပြီဆိုတော့ အားလုံးကအရမ်းကို လှပကြည့်ကောင်းတဲ့ ဖက်ရှင်ကိုရွေးချယ်ပြီး ၀တ်ဆင်နိုင်မယ်ထင်ပါတယ်။
အဉ္ဇလီ


-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment